မြန်မာနိုင်ငံက အခြေအနေတွေကို သိရှိနိုင်ဖို့နဲ့ အဖြေရှာဖွေနိုင်ဖို့ မြန်မာတိုင်းရင်းသားအဖွဲ့တွေနဲ့ မကြာမီ ရက်ပိုင်းအွင်း တွေ့ဆုံဖိူ့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာလာဇရို (M. Theresa Lazaro) က ဇွန်လ ၁၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ နီကေးသတင်းဌာန မေးမြန်းချက်ကို ဖြေကြားရင်း မစ္စလာဇရိုက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
“ကျွန်မ အနေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို သိရှိဖို့နဲ့ ဘယ်လိုကူညီဖြေရှင်းပေးရမလဲဆိုတာ အဖြေရှာ နိုင်ဖို့အတွက် မြန်မာတိုင်းရင်းသားအဖွဲ့တချို့နဲ့ တွေ့ဆုံဖို့ ရည်ရွယ်ထားပါတယ်။”
ဒါပေမယ့် ဘယ်အဖွဲ့အစည်းတွေကို တွေ့မယ်၊ ဘယ်နေရာမှာ တွေ့မယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိဘူးလို့ စင်္ကာပူထုတ် The Straits Times သတင်းစာက ရေးပါတယ်။
“ဒီကနေ ဘာဖြစ်မလဲ စောင့်ကြည့်ရမှာပါ” လို့လည်း သူက ပြောပါတယ်။
မစ္စ ထရီဇာလာဇရိုဟာ နိုင်ငံခြားရေးဝန်ကြီးရာထူးအပြင် ၂၀၂၆ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတ ဖာဒီနန်မာကို့စ် ဂျူနီယာက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် အခုနှစ် အစောပိုင်းက ခန့်အပ်ထခံရပြီး မြန်မာ့အရေး အာဆီယံက ဝိုင်းဝန်းအဖြေရှာနိုင်ဖို့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။
သူဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရို ဟာ မြန်မာ့အရေးမှာ ဆက်လက်ပါဝင်ဆောင်ရွက်နေသူဖြစ်သလို စစ်အာဏာသိမ်း ခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတမဖြစ်ခင် နေပြည်တော်မှာ တွေ့ဆုံခဲ့သူလည်းဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ ၂၀၂၆ ဇန်နဝါရီလတုန်းကလည်း မြန်မာ့အရေးအတွက် စစ်တပ်မပါတဲ့ မြန်မာနိုင်ငံရေး မြန်မာအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး တင်းမာမှုလျှော့ချရေး၊ လူသားချင်းစာနာမှု အကူအညီ ကောင်းမွန်စွာပေးနိုင်ရေး၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်လာစေရေးတွေ ဆွေးနွေးခဲ့တယ်လို့ပြောခဲ့ ပါတယ်။
အာဆီယံအဖွဲ့ကြီးဟာ ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီး အကျဥ်းချခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်အကြီးအကဲတွေကို အဆင့်မြင့် အာဆီယံအစည်းအဝေးတွေ တက်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ ၂၀၂၅-၂၀၂၆ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲအပြီး စစ်တပ်ခန့် အစိုးရ တက်လာပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတရာထူးရယူအပြီးမှာလည်း မြန်မာအပေါ် အာစီယံ သဘောထား ကွဲလွဲဆဲဖြစ်ပြီး မြန်မာအပေါ် အာဆီယံ မူဝါဒမပြောင်းလဲကြောင်း ပြောကြားခဲ့ပါတယ်။
