မြန်မာ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော်ငါးပါး စစ်ဘေးသင့်နေ

ကက်သလစ် ခရစ်ယာန် ဘုန်းတော်ကြီးကျောင်း ၁၇ ကျောင်းပျက်စီးပြီး ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ငါးပါးဟာ ကျောင်းတော်မှာ မစံနိုင်ဘဲ စစ်ဘေးရှောင်နေရ။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ ကြီးမားဆိုးဝါးလာတဲ့အလျှောက် မြန်မာနိုင်ငံတဝှန်းက ခရစ်ယာန် ဘုန်းတော်ကြီးကျောင်း ၁၇ ကျောင်းစစ်ဘေးသင့်ခဲ့ပြီး ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ငါးပါးဟာ ကျောင်းတော်မှာ မစံနိုင်ဘဲ စစ်ဘေးကြုံနေရတယ်လို့ ဖယ်ခုံ သာသနာပိုင် ဘုန်းတော်ကြီး ဖယ်လစ် ဘထူး (Felice Ba Htoo) က ဇွန်လ ၅ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ဗာတီကန် ဘုရားကျောင်းမှာ ပုပ်ရဟန်းမင်းကြီးလီယိုနဲ့ ဖူးတွေ့စဥ် အခုလို ပြောလိုက်တာလို့ ကက်သလစ် သတင်းဌာနတစ်ခုဖြစ်တဲ့ UCANews က ရေးသားပါတယ်။

ဖယ်ခုံ၊ လွိုင်ကော်၊ ဗန်းမော်၊ မင်းတပ်နဲ့ လားရှိုး သာသနာတွေက သာသနာပိုင် ဘုန်းတော်ကြီး ငါးပါးဟာ ပြည်တွင်းစစ်ရေး ပဋိပက္ခတွေကြောင့် မိမိတို့တာဝန် ကျရာ ကျောင်းတော်တွေမှာ သီတင်းသုံးခွင့်မရဘဲ ဘေးလွတ်ရာမှာ ရှောင်နေရသလို ကျောင်းတော် အဆောက်အဦ အတော်များများလည်း ပျက်စီးတာ၊ တိုက်ခိုက်ဖျက်ဆီးခံရတာလည်းရှိတယ်လို့ ဘုန်းတော်ကြီး ဖယ်လစ်ဘထူးက ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီးကို ‌လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

ဖယ်ခုံသာသနာပိုင် ဘုန်းတော်ကြီး ဖယ်လစ်ဘထူးဟာ ငါးနှစ်တစ်ကြိမ် မတက်မနေရ စိန်ပီတာနဲ့ စိန့်ပေါ တို့ရဲ့ အုတ်ဂူတွေမှာ ကိုယ်တိုင်တက်ရောက် ဖူးမျှော်ဖို့ ရောမမြို့ ဗာတီကန်နန်းတော်ကို ရောက်နေတာဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးနဲ့ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးတွေကို မိမိသာသနာနယ်မြေက အခြေအနေတွေတင်ပြခဲ့ပြီး အဆုံးအမလည်း နာယူခဲ့တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

၂၀၂၃ သြဂုတ်လက သတင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ စစ်ကောင်စီ လက်ချက်ကြောင့် ခရစ်ယာန်ဓမ္မဆရာ ခုနစ်ဦး သေဆုံးခဲ့ရသလို အဖမ်းခံရသူ ၁၄ ဦးနဲ့ ဘုရားကျောင်းအပါဝင် ခရစ်ယာန် ဘာသာရေး အဆောက်အအုံ စုစုပေါင်း ၇၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ချင်းလူ့အခွင့်ရေး အဖွဲ့က ပြောပါတယ်။

၂၀၂၅ ခုနှစ်က ထုတ်ပြန်တဲ့ အမေရိကန်အစိုးရ ဘာသာရေးလွတ်လပ်ခွင့် USCIRF အစီရင်ခံစာမှာ မြန်မာပြည်တွင်းက စစ်ရေးနဲ့ နိုင်ငံရေးအဖြစ်အပျက်တွေကို မီးမောင်းထိုးဖော်ပြထားပါတယ်။ ဒါ့အပြင် ဘာသာရေးအသင်းအဖွဲ့တွေ တိုက်ခိုက်ခံရတာတွေ၊ ရိုဟင်ဂျာတွေ အပါအဝင် ဒုက္ခသည်ပေါင်းစုံရဲ့ အခြေအနေတွေနဲ့ ပဋိပက္ခကို ကမ္ဘာက တုံ့ပြန်မှုကို ဖော်ပြပါတယ်။