မြစ်ခြေမြို့ရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်

တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ မြစ်ခြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်လက်နက်ခဲယမ်းတွေနဲ့အတူ စစ်သုံ့ပန်း ၁၄ ဦး ဖမ်းဆီးမိခဲ့။

မကွေးတိုင်း၊ ပခုက္ကူခရိုင်က မြစ်ခြေမြို့ရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဇွန်လ ၁၀ ရက်နေ့မနက်က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ် က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၁၀ ရက်နေ့ မနက် ၄ နာရီ ဝန်းကျင်မှာ ပခုက္ကူခရိုင် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ မြစ်ခြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။

“မြစ်ခြေရဲစခန်းကို ဒီနေ့(ဇွန်လ ၁၀ရက်)ပဲ သိမ်းလိုက်ပါပြီ။ နှစ်ဖက်တိုက်ပွဲမှာ PDF ဘက်ကတော့ တစ်ယောက်ကျတယ်။ သူတို့ဘက်ကလည်းကျတယ်။ စစ်သုံ့ပန်းတွေလည်း ဖမ်းမိလိုက်တယ်ဗျ။ မြစ်ခြေမြို့မှာ အခုသိမ်းတာက ရဲစခန်းအထိပဲ BPI တပ် ရှိသေးတယ်ဗျ”

မြစ်ခြေမြို့မှာ အမှတ်(၁) တိရစ္ဆာန်မွေးမြူရေးနဲ့ လေ့ကျင့်ရေးတပ်(ဒေသအခေါ် BPI တပ်) နဲ့ မြစ်ခြေ ရဲစခန်း ရှိပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး စစ်လက်နက်ခဲယမ်းတွေနဲ့အတူ စစ်သုံ့ပန်း ၁၄ ဦး ဖမ်းဆီးမိခဲ့တယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုဂံမြို့တစ်ဖက်ကမ်း မြစ်ခြေမြို့ကို စစ်တပ်က မေလ ၁၀ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အတွင်း စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ် နဲ့ အဆောက်အဦး တစ်ထောင်ကျော်ကို မီးရှို့ဖျက်ဆီးကာ အရပ်သား ၂၄ ဦးကို သတ်ဖြတ်ခဲ့တယ်လို့လည်း NUG က ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာနေတာတွေကြောင့် မြစ်ခြေမြို့မှာ ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လဆန်းမှာပဲ မကွေးတိုင်း ပခုက္ကူခရိုင်ထဲက ပေါက်မြို့နယ်မှာရှိတဲ့ ရေပြာရဲစခန်းနဲ့ ကုက္ကိုလ်စုရွာမှာရှိတဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဇွန်လ ၁၀ ရက်နေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၂ ရက်နေ့မှာ ရေပြာရဲစခန်းနဲ့ ဇွန်လ ၄ ရက်နေ့မှာ ပျူစောထီးစခန်းတို့ကို သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ်အမြောက်အမြားနဲ့ စစ်သုံံ့ပန်း ၅ဝ ကျော်ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ် ဖမ်းဆီးထားတဲ့ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် ဒေသခံ နှစ်ရာကျော်ကို ကယ်ထုတ်ခဲ့တယ်လို့လည်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။