Read RFA coverage of this story in English
စစ်အာဏာသိမ်းစဥ် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ထားပြီး အဂတိလိုက်စားမှု အပါအဝင် ပုဒ်မမျိုးစုံတပ် ထောင်ချခံထားရတဲ့ မိခင်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ခန့်အစိုးရက အစ်မရင်းတစ်ယောက်လို စောင့်ရှောက်ထားတယ်လို့ နိုင်ငံတကာကို ထုတ်ဖော်ပြောဆိုခဲ့တာကို အံ့သြတုန်လှုပ်မိပါတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ် (Kim Aris) ခေါ် ကိုထိန်လင်းက ပြောလိုက်ပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့က RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး မိသားစု၊ ရှေ့နေတွေနဲ့ တွေ့ခွင့်မရ၊ ထောင်ဝင်စာတွေ့ခွင့်မရ၊ သက်ရှိထင်ရှားရှိပါတယ်ဆိုတာတောင် သက်သေ အထောက်အထားမပြတဲ့ စစ်အာဏာပိုင်တွေက မိခင်ဖြစ်သူကို အစ်မတစ်ယောက်လို စောင့်ရှောက်ထား တယ်ဆိုရင် တခြားသူစိမ်းတွေကိုဆို ဘယ်လိုများဆက်ဆံမလဲလို့လဲ ကိုထိန်လင်းက မေးခွန်းထုတ်ပါတယ်။
ထောင်ဒဏ်ကျခံနေရသူမို့ ပြင်ပလူတွေနဲ့ တွေ့ခွင့်မပေးဘူးဆိုရင် မိခင်ဖြစ်သူဟာ နောက်ထပ် ထောင်သက် အနှစ် နှစ်ဆယ်ကျော် သုံးဆယ် ကျခံရဖို့ရှိနေတဲ့အတွက် အသက် ၁၀၀ ကျော်မှ အပြင်လူနဲ့တွေ့ခွင့်ရတော့မယ့် အနေအထားဖြစ်နေကြောင်း၊ မိခင်ကို ဖမ်းဆီး တရားစွဲ ထောင်ဒဏ်ပေးထားတဲ့ စွဲချက်တွေဟာ မမှန်မကန် လုပ်ကြံစွပ်စွဲချက်တွေသာဖြစ်ပြီး အစကတည်းက ထောင်ဒဏ် အပြစ်ပေးမခံရသင့်သူဖြစ်ကြောင်း၊ သက်ရှိထင်ရှားရှိတယ်ဆိုရင် သက်သေပြဖို့တောင်းဆိုကြောင်းလည်း ကိုထိန်လင်းက ပြောပါတယ်။
မိခင်ဖြစ်သူဟာ ဖမ်းဆီးထောင်ချမခံရခင်ကတည်းက ကျန်းမာရေးချို့ယွင်းတဲ့ အခံရှိနေပြီး ထောင်တွင်း အခြေအနေ ဆိုးဝါးနိုင်မယ့် နေပြည်တော်အကျဥ်းထောင်မှာ ငါးနှစ်ကျော်နေခဲ့ရတဲ့အတွက် မိခင်ရဲ့ ကျန်းမာရေးကို အထူးစိုးရိမ်မိတယ်လို့လည်း ကိုထိန်လင်းက ပြောပါတယ်။
အာဆီယံအဖွဲ့ကြီးက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တောင်းဆိုတာတွေ၊ ထိတွေ့ဆက်ဆံဖို့ လုပ်ဆောင်တာတွေ၊ ဗိုလ်ချုပ်ကြေးရုပ် ဖျက်ဆီးဖယ်ရှားတာတွေနဲ့ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မှာ မိခင်ကို တက်ရောက်ခွင့်မပေးဘဲ စစ်အာဏာသိမ်းခေါင်းဆောင် စစ်တပ်ခန့်အစိုးရသမ္မတ ဦးမင်းအောင်လှိုင် ကိုယ်တိုင် အာဇာနည်ဗိမာန်ကို တက်ရောက်ဂါရဝပြုတာတွေနဲ့ ပတ်သက်လို့လည်း သူ့သဘောထားအမြင်တွေကို ကိုထိန်လင်းက RFA နဲ့ ဆက်သွယ်မေးမြန်းရာမှာ ပြောပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သားငယ် ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်နဲ့ RFA ဝိုင်းတော်သူ မဇင်မာဝင်း ဆက်သွယ်မေးမြန်းချက် ပထမပိုင်းကို ကြည်ရှုနားဆင်နိုင်ပါတယ်။
--
RFA: ဒီလဆန်းလောက်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာစစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ခဲ့တယ် အဲဒီအလွတ်သဘောတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းတဲ့အကြောင်း၊ ဆွေမျိုးသားချင်းလို အစ်မလို သဘောထားတဲ့အကြောင်း စစ်တပ်ခန့်ဝန်ကြီးက ပြောတယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ပြန်ပြောတာတွေ့ရပါတယ်။ ဒီလိုသုံးနှုန်းပြောဆိုချက်တွေအပေါ် ဘယ်လိုတုံ့ပြန်ချင်ပါလဲ?
Kim Aris: ဒီလိုပြောတာကြားရတော့ ကျွန်တော် အံ့သြမိပါတယ်။ အစ်မရင်းတစ်ယောက်ကို ဒီလိုဆက်ဆံတယ်ဆိုရင် သူစိမ်းတွေဆိုရင် ဘယ်လိုဆက်ဆံမလဲဆိုတာ မတွေးတတ်တော့ဘူး။ အခုအချိန်အထိ ကျွန်တော့်ကို မေမေနဲ့ အဆက်အသွယ်လုပ်ခွင့် မပေးသေးဘူး။ မေမေရဲ့ အခြေခံရသင့်ရထိုက်တဲ့ အခွင့်အရေးတွေလည်း မရဘူး။ သူတို့က မေမေ့ကို ကောင်းကောင်း စောင့်ရှောက်ထားပါတယ်လို့ပြောနေပေမယ့် ဘာအထောက် အထား သက်သေသက္ကာယမှ မရှိဘူး။ သူတို့ကပြောတယ်၊ မေမေက ထောင်ကျနေတဲ့ အတွက် ထောင်ကမထွက်မချင်း ဘယ်သူနဲ့မှ တွေ့ခွင့်မပေးနိုင်ဘူးလို့ ပြောတယ်။ ဒါဆိုရင် မေမေက ထောင်ကထွက်လို့ အသက် ၁၀၀ ကျော်မှ လူတွေနဲ့ တွေ့ခွင့်ရတော့မယ့် သဘောပါပဲ(အဓိပ္ပာယ်မရှိပါဘူး)။ မေမေ့ကို ဘယ်နေရာမှာ ထားတယ်၊ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ကျွန်တော်တို့ မသိရဘူး။ မေမေက အသက် ၈၁ နှစ်အရွယ်ရောက်နေပြီ။ နဂိုကတည်းက ကျန်းမာရေးမကောင်းတာတွေ ရှိပြီးသား။ ပြီးခဲ့တဲ့ငါးနှစ်မှာ နေပြည်တော်အကျဉ်းထောင်ထဲမှာ အလွန်ဆိုးရွားနိုင်တဲ့ အခြေအနေတွေအောက်မှာ အဖမ်းအဆီး အချုပ်အနှောင်နဲ့ နေခဲ့ရတယ်။ အခု သူ့ကျန်းမာရေး အခြေအနေကို ကျွန်တော် အလွန်အမင်း စိုးရိမ်မိပါတယ်။
RFA: မိခင်ဖြစ်သူနဲ့ပတ်သက်ပြီး လတ်တလောမှာ သတင်းတစ်ခုခုများ ကြားထားတာရှိသေးလား?
Kim Aris: ဘာမှ မကြားရ မသိရပါဘူး။ နောက်ဆုံးကြားရတာက မေမေ့ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားတယ်ဆိုတဲ့ အကြောင်းပါ။ ဒါပေမဲ့ ဘာသက်သေအထောက်အထား မရှိပါဘူး။
RFA: လက်ရှိအချိန်မှာ ဘာကို မျှော်လင့်ထားလဲ။ ကင်မ်မိခင်ရဲ့ ကျန်းမာရေးနောက်ပြီးတော့ သူ့အတွက် စိုးရိမ်နေရတာနဲ့ သူ့ကို ပြန်လွှတ်ပေးဖို့ လိုအပ်နေတာတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို ဘယ်လိုသတင်းစကား ပေးချင်ပါသလဲ?
Kim Aris: နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တစ်ဝက်လောက်က ပြီးခဲ့တဲ့ငါးနှစ်မှာ အထင်အမြင်မှားခဲ့ကြတာရှိပါတယ်။ မေမေဟာ နေအိမ်အကျယ်ချုပ် ကျခံနေရတယ်လို့ သူတို့ထင်ခဲ့ကြတာ။ တကယ်တော့ ဒီ ၅ နှစ်လုံးလုံး အကျဉ်းထောင်ထဲမှာပဲ အချုပ်အနှောင်ကျနေခဲ့တာပါ။စစ်တပ်က နှစ်တိုင်း အမေ့ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားတယ်ဆိုတဲ့ ကောလာဟလတွေ ဖြန့်ပါတယ်။ ကမ္ဘာကြီးကလည်း အဲဒီကောလာဟလတွေကို နားထောင်ပြီး ကံမကောင်းစွာနဲ့ပဲ လိုက်ပြီး ယုံခဲ့ကြပါတယ်။ အခုလည်း သက်သေအထောက်အထား တစ်စုံတစ်ရာမပြဘဲ မေမေ့ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားတယ်လို့ ထပ်ပြောနေပါတယ်။ နိုင်ငံတကာကို ကျွန်တော် တောင်းဆိုနိုင်တာက နိုင်ငံတကာနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ စံနမူနာကို လိုက်နာကြဖို့ပါ။ သူတို့ရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြသပြီး မေမေ အသက်ရှင်နေသေးကြောင်း သက်သေပြဖို့နဲ့ သူ့ရဲ့အခြေခံလူ့အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ တောင်းဆိုကြစေချင်ပါတယ်။ အမေ့ကို ထောင်ဒဏ်တွေအများကြီးချထားပါတယ်။ ဘယ်နှနှစ်လဲဆိုတာတောင် အတိအကျမသိတော့ပါဘူး။ ၂၅ နှစ် ဒါမှမဟုတ် နှစ် ၃၀ လောက် ရှိပါတယ်။ မေမေ့အပေါ် စွဲဆိုပြီးချထားတဲ့အမှုတွေက လုံးဝ မမှန်မကန်စွပ်စွဲအမိန့်ချထားတာပါ။ အစကတည်းက မေမေဟာ အကျဉ်းထောင်ထဲ ရောက်မနေသင့်ပါဘူး။ ဒါကြောင့် မေမေ့ကို လွှတ်ပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်။
RFA: မကြာသေးခင်က လုပ်ခဲ့တဲ့ အာဆီယံ အလွတ်သဘောအစည်းအဝေးနောက်ဆက်တွဲအနေနဲ့ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်သလား။ ကင်မ့်မိခင်နဲ့ မြန်မာပြည်သူတွေအတွက် ဘယ်လိုတိုးတက်မှုမျိုးကို မြင်တွေ့လိုလဲ?
Kim Aris: တောင်းဆိုထားတဲ့ အခြေအနေတွေ မဖြည့်ဆည်းမချင်း နောက်ထပ်ထိတွေ့ဆက်ဆံမှုတွေ မလုပ်သင့်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ အဲဒီအခြေအနေတွေထဲမှာ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို လိုက်နာဖို့လိုပါတယ်။ မေမေအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့လည်း ပါဝင်ပါတယ်။ မြန်မာစစ်တပ်နဲ့ လူသိရှင်ကြား ထိတွေ့ဆက်ဆံတာမျိုး မလုပ်ကြဖို့ပဲ မျှော်လင့်ပါတယ်။ စစ်တပ်နဲ့ စကားပြောဖို့ လိုအပ်သလို ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့လည်း လိုအပ်တယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ လူသိရှင်ကြား မလုပ်သင့်ပါဘူး။ ဒီလိုလုပ်တာက စစ်တပ်အစိုးရကို တရားဝင်မှု ပေးရာရောက်လို့ပါ။
RFA: အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်မဖော်သေးပေမဲ့ အာဆီယံက စစ်အစိုးရနဲ့ ဆက်လက်ထိတွေ့ဆက်ဆံနေပါတယ်။ ဒီလိုအခြေအနေတွေအောက်မှာ အာဆီယံက ဆက်ပြီးထိတွေ့ ဆက်ဆံနေတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ?
Kim Aris: သူတို့ စကားပြောဖို့တော့ လိုအပ်ပါတယ်။ ဒါပေမဲ့ ထပ်ပြောရရင် လူသိရှင်ကြား လုပ်ဖို့မလိုပါဘူး။ တံခါးပိတ် ဆွေးနွေးသင့်ပြီး စစ်ကောင်စီကို တရားဝင်မှု မပေးမိစေမယ့် နည်းလမ်းနဲ့ လုပ်ဆောင်သင့်ပါတယ်။
RFA: အာဆီယံရဲ့ချဉ်းကပ်မှုက မြန်မာပြည်အကျပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ အထောက်အကူဖြစ်မယ်လို့ ကင်မ် ထင်ပါသလား?
Kim Aris: ပြောဖို့ခက်ပါတယ်။ နောက်ပိုင်းမှာ မြင်သာထင်သာရှိတဲ့ ရလဒ်တွေ တကယ်ထွက်ပေါ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါပေမဲ့ မြင်သာထင်သာရှိတဲ့ ရလဒ်တွေထဲမှာ စစ်တပ်က ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတာ ရပ်တန့်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့တို့ ပါဝင်ရပါမယ်။ အဲဒီလိုအမှန်တကယ် လက်တွေ့ကျတဲ့ မြင်သာတဲ့ရလဒ်တွေ မရှိဘူးဆိုရင် ဒီထိတွေ့ဆက်ဆံမှုတွေက အဓိပ္ပာယ်မရှိသလောက်ပါပဲ။
(ကင်မ်အဲရစ် (Kim Aris) ခေါ် ကိုထိန်လင်းနဲ့ ဆက်သွယ်မေးမြန်းချက် ဒုတိယပိုင်းကို ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။)
