စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Arnaude de Baqque တို့ ဩဂုတ်လ ၃ ရက်နေ့မှာ တွေ့ဆုံခဲ့တယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းဌာနတွေက ထုတ်ပြန်ကြေညာပါတယ်။
စစ်တပ်ထုတ်ပြန်တဲ့ သတင်းဓာတ်ပုံတွေမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC ဘက်က မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံတဲ့ပုံတွေပါဝင်သလို ပြီးခဲ့တဲ့ ဇွန်လ ၁၉ရက်နေ့က ကျရောက်ခဲ့တဲ့ မွေးနေ့အမှတ်တရမှတ်တမ်းဓာတ်ပုံတချို့လည်း ပါဝင်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ ICRC ကို RFA က ဆက်သွယ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း အတည်ပြုပါတယ်။
“ICRC အနေနဲ့ ချုပ်နှောင်ကန့်သတ်ခံထားရသူတွေကို လုပ်ထုံးလုပ် နည်းနဲ့အညီ သွားရောက်တွေ့ဆုံနေတာဖြစ်ပြီး အဲဒီအထဲက တစ်ယောက်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သီးသန့်တွေ့ဆုံ စကားပြောဆိုခွင့် ရခဲ့တယ်လို့လည်း အတည်ပြုချက်နဲ့အတူ ပူးတွဲပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အကြံပြုချက်တွေကိုတော့ လုပ်ငန်းပိုင်းဆိုင်ရာ ကန့်သတ်ချက်တွေအတိုင်း အပြင်ကိုထုတ်ပြောမှာ မဟုတ်ဘဲ ထိန်းသိမ်းထားတဲ့ အာဏာပိုင်တွေကိုသာ ပေးပို့သွားမှာပါ“ လို့ ပါရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် Kim Aris ကတော့ “ဒီသတင်းက ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်ဆက်ထားဖို့ အကြောင်းရင်းတစ်ခု ရလိုက်တာပါပဲ” လို့ RFA ကို ပြောပါတယ်။
“မျှော်လင့်ချက်ထားဖို့ အကြောင်းရင်းတစ်ခုရလိုက်တာပါပဲ။ ဒါပေမဲ့မျှော်လင့်ချက်ပဲရပြီး အသက်ရှင်လျက်ရှိနေသေးတယ်ဆိုတာကို သက်သေရလိုက်တာတော့ မဟုတ်ပါဘူး။ တွေ့ဆုံမှုတစ်ခုက စစ်အာဏာသိမ်းပြီးကတည်းက ကျွန်တော်တို့ မိသားစုမှာ ရင်နဲ့အပြည့်ရှိနေတဲ့ မေးခွန်းတွေကို ဖြေမပေးနိုင်ပါဘူး။ ဒီတွေ့ဆုံမှုဟာ ပွင့်လင်းမြင်သာမှု၊ လူသားချင်းစာနာထောက်ထားမှုရရှိရေးနဲ့ နောက်ဆုံး မေမေ့ လွတ်မြောက်ရေးတို့အတွက် နိဒါန်းအစလို့ပဲ ကျွန်တော်မျှော်လင့်မိပါတယ်။”
ကိုထိန်လင်းက “ဒီသတင်းကို အတည်ပြုနိုင်မယ်ဆိုရင်တော့ ဒါဟာ ငါးနှစ်ကျော်အတွင်း မေမေနဲ့ ပတ်သက်တဲ့ အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှု ဖြစ်ပါလိမ့်မယ်။ မေမေ့ရဲ့ ဓာတ်ပုံတွေကို မြင်လိုက်ရတော့ ကျွန်တော့် စိတ်အလွန်လှုပ်ရှားရပါတယ်။ ဒီဓာတ်ပုံတွေက မျှော်လင့်ချက်ရှိသေးတယ်ဆိုတာ ပြလိုက်တာပါပဲ။ ဒါပေမဲ့ ကျွန်တော်သတိထား စိုးရိမ်ရဆဲပါပဲ။ ဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ရော၊ မေမေ့အခြေအနေ၊ မေမေ့ကျန်းမာရေးနဲ့ပတ်သက်လို့ သီးသန့်အတည်ပြုချက်တော့ မရသေးပါဘူး”လို့ ပြောပါတယ်။
“ကျွန်တော့်မိသားစုနဲ့အတူ ရပ်တည်ပေးခဲ့ကြတဲ့သူအားလုံးကို၊ ကျွန်တော် အထူးကျေးဇူးတင်ပါတယ်” လို့လည်း ကိုထိန်လင်းက RFA ကို အတူတွဲပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ကတော့ မတရားဖမ်းဆီးအကျဉ်းကျခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ တွေ့ဆုံခွင့်ပေးတာဟာ အာဆီယံနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ဖိအားတွေကြောင့် ရရှိလာတဲ့ အောင်မြင်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာခေါင်းဆောင်တွေက တွေ့ဆုံခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ လက်မခံဘဲ ICRC နဲ့ တွေ့ဆုံခွင့်ပေးတာဟာ အကျဉ်းသားအဖြစ် သတ်မှတ်နေတာကို သိသာထင်ရှားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ စစ်တပ်ဘက်က ဒီလိုထုတ်ပြန်တာဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရဖို့အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“လက်ရှိအချိန်က အကြမ်းဖက်စစ်တပ်က နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို အလွန်အမင်း လိုချင်နေတဲ့ အချိန်ကာလဖြစ်တာကြောင့် ဒါကို ရရှိနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်တဲ့သဘောပါပဲ။ အစကတည်းက နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ကို အပြစ်မရှိ အပြစ်ရှာပြီး မတရားဖမ်းဆီး အကျဉ်းချထားတာဖြစ်တဲ့အတွက် ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ဒီ့အတွက် ဆက်လက်တိုက်ပွဲဝင်သွားကြမှာဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့လည်း အကြမ်းဖက်စစ်တပ်ရဲ့ အကျိုးလိုလို့ ညောင်ရေလောင်းတဲ့ လှည့်ကွက်မှာ မျက်စိလည်မသွားကြဖို့အရေးကြီးပါတယ်”
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးအကျဥ်းချခံထားရပြီး အဂတိလိုက်စားမှုအပြင် ပုဒ်မမျိုးစုံနဲ့ ထောင်ဒဏ် ၂၇ နှစ်ကျခံနေရတာဖြစ်ပါတယ်။
သားဖြစ်သူ ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းက မိခင်ဖြစ်သူဟာ ဖမ်းဆီးထောင်ချမခံရခင်ကတည်းက ကျန်းမာရေးချို့ယွင်းတဲ့ အခံရှိနေပြီး နေပြည်တော်အကျဥ်းထောင်မှာ ငါးနှစ်ကျော်နေခဲ့ရတဲ့အတွက် မိခင်ရဲ့ ကျန်းမာရေးကို အထူးစိုးရိမ်မိတယ်လို့ ဇူလိုင် ၂ဝ ရက်နေ့က RFA နဲ့ ဆက်သွယ်မေးမြန်းချက်မှာ ပြောထားပါတယ်။
(အယ်ဒီတာ့ မှတ်ချက် - ICRC ၏ အတည်ပြု တုံ့ပြန်ဖြေကြားချက်နှင့် ကိုထိန်လင်း (Kim Aris) ၏ RFA ကို ဖြေကြားချက်များကို ထပ်မံဖြည့်ထားပါသည်။)
