ရေကာတာကျိုးပေါက်လို့ လူ နှစ်သောင်းကျော် ရေဘေးသင့်၊ လယ်ဧက သောင်းနဲ့ချီ နစ်မြုပ်

ရေနစ်မြုပ်နေတဲ့ လယ်စိုက်ဧကဟာ စစ်တပ်ခန့်အစိုးရ ထုတ်ပြန်ချက်ထက် ပိုများနိုင်တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်နေသူတွေပြော။

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် ရပ်ကွက် ၅ ခုနဲ့ ကျေးရွာ ၅၁ ရွာက လူဦးရေ ၂ သောင်းကျော် ရေဘေးသင့်နေပြီး မိုးစပါးစိုက်ဧက တစ်သောင်းကျော် ရေနစ်မြုပ်နေတယ်လို့ စစ်တပ်ခန့်အစိုးရက ဩဂုတ် ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်ခန့်အစိုးရရဲ့ သမ္မတရုံးထုတ်ပြန်ချက်အရ ဩဂုတ် ၂ ရက်အထိ ရေဘေးကြောင့် အိမ်ခြေ ၄,၇၄၉ လုံးနဲ့ လူဦးရေ နှစ်သောင်းကျော် (၂၀,၃၅၄ ဦး) ရေဘေးသင့်နေပြီး ကယ်ဆယ်ရေးစခန်း ၁၁ ခု မှာ လူဦးရေ နှစ်ထောင်နီးပါး (၁,၈၈၉ ဦး) ခိုလှုံနေတယ်လို့ ဖော်ပြထားပါတယ်။

လေးမျက်နှာမြို့နယ်မှာ မိုးစပါးစိုက်ဧက သုံးသောင်းကျော်ရှိတဲ့အထဲက လက်ရှိရေကြီးနစ်မြုပ်မှုကြောင့် ဧက တစ်သောင်းကျော် ရေနစ်မြုပ်နေတယ်လို့လည်း စစ်တပ်ခန့်အစိုးရရဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ရေကြီးနစ်မြုပ်မှုဟာ လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေအထိ ရေဝင်ရောက်နေပြီး လယ်ယာမြေတွေပါ ရေနစ်မြုပ်နေတဲ့အတွက် လက်တွေ့ရေနစ်မြုပ်နေတဲ့ လယ်စိုက်ဧကဟာ စစ်တပ်ခန့်အစိုးရ ထုတ်ပြန်ချက်ထက် ပိုများနိုင်တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်နေသူတွေက RFA ကို ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အမှန်တကယ် ရေမြုပ်နေတဲ့ လယ်ဧက သုံးသောင်းလောက် ရှိနေပြီလို့ RFA ကို ပြောပါတယ်။

“ရေနစ်တဲ့မြို့တွေက သူတို့အစိုးရပြောသလို လေးမျက်နှာတစ်မြို့ထဲ မဟုတ်ဘူးလေ။ အခု ဟင်္သာတမြို့၊ ရေကြည်မြို့၊ ငါးသိုင်းချောင်းမြို့တွေက ရွာတွေ၊ လယ်တွေကိုလည်း လာကြည့်ပါဦး။ မမြုပ်ဘူးဆို အနည်းဆုံး လယ်ဧက သုံးသောင်းလောက်ပဲ”

ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရေကြီးနစ်မြုပ်မှုဟာ လေးရက်ကျော်လာပြီဖြစ်ပေမယ့် ရေပြန်မကျသေးဘဲ ဆက်လက်မြင့်တက်နေတယ်လို့ ပြောပါတယ်။

ရေစီးအားပြင်းတာကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ် အိုင်သပြုအနီးက ကရင်လက်သမားတံတား ကျိုးကျခဲ့ပြီး ကားလမ်းတစ်လျှောက် ရေလျှံနေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရေကြီးနေတဲ့ လေးမျက်နှာနဲ့ အိုင်သပြုကျေးရွာတစ်ဝိုက်မှာ ဖုန်းလိုင်းတချို့နဲ့ လျှပ်စစ်မီး ပြတ်တောက်နေတဲ့အတွက် အိမ်တွေထဲ ပိတ်မိနေသူတွေ အကူအညီတောင်းဖို့ အခက်အခဲရှိနေတယ်လို့လည်း ဆိုပါတယ်။

ရေစီးနဲ့ မျောပါပျောက်ဆုံးနေသူတချို့ရှိပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေကယ်ဆယ် နေဆဲပဲလို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်တပ်ခန့်အစိုးရဘက်ကတော့ ရေဘေးသင့်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့နဲ့ ရေကာတာကျိုးပေါက်တဲ့နေရာ ပြန်လည်ပိတ်ဆို့ဖို့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရေကာတာကျိုးပေါက်မှုကြောင့် လူသေဆုံးမှု မရှိသေးဘူးလို့ စစ်တပ်ခန့်အစိုးရဘက်က ထုတ်ပြန်ထားပေမယ့် ရေဘေးကူညီကယ်ဆယ်ရေးသမားတွေပြောပြချက်အရ‌တော့ လေးမျက်နှာမြို့မှာ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ထားပြီး ဟင်္သာတ ဆေးရုံကိုပို့ထားတယ်လို့ ဆိုပါတယ်။