အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ စစ်တပ်ခန့်အစိုးရသမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုမှု မပေးဘဲ မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့ ထိုင်းအစိုးရကို လူ့အခွင့်အရေးအဖွဲ့ Fortify Rights က တောင်းဆိုလိုက်ပါတယ်။
ဦးမင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံကာ တရားဝင်မှု ပေးနေတာကို ရပ်တန့်ပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ မျှော်မှန်းချက်တွေကို ကိုယ်စားပြုနေတဲ့ ပြည်နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့တွေ၊ တိုင်းရင်းသားနဲ့ အခြားနိုင်ငံရေးခေါင်းဆောင်တွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံသင့်တယ်လို့ Fortify Rights ရဲ့ အကြီးတန်း လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အထူးတာဝန်ခံ မချစ်ဆိုင်းက RFA ကို သြဂုတ်လ ၃ ရက်နေ့က ပြောပါတယ်။
“Fortify Rights အနေနဲ့ ‘ဒီမိုကရေစီအင်အားစုများ’ လို့ ပြောတဲ့အခါ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး မြေပြင်မှာ ပြည်သူ့အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လက်တွေ့ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒီထဲမှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) လိုမျိုး ပြည်နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့တွေ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ (EROs) နဲ့ အခြားသော ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ဒီမိုကရေစီအင်အားစုတွေ ပါဝင်ပါတယ်”
အာဏာသိမ်းခေါင်းဆောင်ဟာ ဩဂုတ် ၆ ရက်နဲ့ ၇ ရက်တို့မှာ ထိုင်းနိုင်ငံကို သွားရောက်မှာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။
ထိုင်းဝန်ကြီးချုပ် အနုတင်ကတော့ ဒေသတွင်း တည်ငြိမ်အေးချမ်းဖို့အတွက် ပကတိအခြေအနေကို ကြည့်ပြီး မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံရေးထူထောင်ဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကို သြဂုတ်လ ၄ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
Fortify Rights ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာစစ်တပ်ဟာ အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်တာ၊ မတရားဖမ်းဆီးချုပ်နှောင်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ တရားမဲ့သတ်ဖြတ်တာနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာစတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်တဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ဆက်လက်ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။
ဦးမင်းအောင်လှိုင်ကို တရားဝင်ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုတာဟာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံစားနေရတဲ့ မြန်မာပြည်သူတွေအပေါ် လျစ်လျူရှုရာ ရောက်နိုင်တယ်လို့ မချစ်ဆိုင်းက ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ ပြည်သူတွေဆီ အကူအညီတွေ ဘေးကင်းစွာ ရောက်ရှိနိုင်ဖို့အတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးသင့်တယ်လို့လည်း ဆိုပါတယ်။
ပြည်သူတွေအပေါ် သတ်ဖြတ်နေတာတွေကို မတားဆီးနိုင်သရွေ့ ဘေးကင်းတဲ့ လူသားချင်းစာနာမှုအကူအညီ ပေးအပ်ရေးနဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ မချစ်ဆိုင်းက ပြောပါတယ်။
ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှုထက် အရပ်သားပြည်သူတွေကို ကာကွယ်ပေးရေး၊ လူသားချင်းစာနာမှုအကူအညီတွေ လုံခြုံစွာ ရောက်ရှိရေးနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှုရှိလာရေးတို့ကို ဦးစားပေးဆောင်ရွက်သင့်တယ်လို့ Fortify Rights က တောင်းဆိုထားပါတယ်။
