မြိုင်မှာ မီးရှို့ခံရမှု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂၀၀ ထက်မနည်း ပျက်စီး

စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ မြိုင်နဲ့ ပေါက်အစပ်က ရေနံမှော်တွေကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးနေတာဟုဆို။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ ရွာထဲဝင်ရောက်မီးရှို့မှုတွေကြောင့် ဩဂုတ်လ ၄ ရက်နေ့အထိ တစ်ပတ်အတွင်း နေအိမ် ၂၀၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အင်အား ၅၀၀ ခန့်ရှိတဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ စစ်ကြောင်းတွေက အင်အားဖြန့်ခွဲပြီး မြိုင်မြို့နယ်ထဲက ရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေသလို နေ့စဉ်နီးပါး လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့(ဩဂုတ် ၃ရက်)က ဘောင်ဘင်ရွာ အကုန်လုံး လောင်ကျွမ်းနေတာ။ အိမ်လုံးကျွတ် ပြာကျနေတာက ၉၀ လောက် ရှိတယ်။ ကျွန်တော်တို့ ရွာသစ်ကြီးကိုတော့ လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတာ နေအိမ်တွေ အများစု ထိခိုက်ပျက်စီးကုန်တယ်ဗျ။ ကျွန်တော်တို့ ရွာအပါအဝင်ဆို နေအိမ် ၂၀၀ လောက် ပျက်စီးနေပြီ”

ဩဂုတ်လ ၂ ရက်နေ့မှာ ဘောင်ဘင်ရွာ မီးရှို့ခံရတာကြောင့် နေအိမ် ၉၀ ခန့်နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇူလိုင်လ ၂၆ ရက်နေ့အတွင်းမှာ ရွာသစ်ကြီးရွာက နေအိမ် ၅၆ လုံး ပျက်စီးခဲ့သလို ဂျုတ်ကုန်းရွာက နေအိမ် ၃၄ လုံးနဲ့ သင်းမရွာက နေအိမ် ၄၀ လုံးလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ် စစ်ကြောင်းတွေက တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ မြိုင်နဲ့ ပေါက် အစပ်က ရေနံမှော်တွေကို ပြန်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဦးတည်ပြီး စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ရေနံမှော်တွေနဲ့ ၃ မိုင်ခန့်သာ ဝေးတဲ့ ယာကြီးပြင်ရွာဘက်ကို စစ်တပ်စစ်ကြောင်း ရောက်နေပြီလို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရက တစ်စုံတရာ ထုတ်ပြန်ထားတာ မရှိသေးသလို စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ မကွေးတိုင်း ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လကတည်းက မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ရွာပေါင်း ၂၀ ထက်မနည်းက စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့် ထွက်ပြေးနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။