စစ်တပ်ခန့်အစိုးရသမ္မတ ဦးမင်းအောင်လှိုင်ရဲ့ နှစ်ရက်ကြာ ထိုင်းခရီးစဥ်ပြီးဆုံး

လွှတ်တော်ဧည့်ခံပွဲမှာ ဆန္ဒပြခဲ့ရသလို ဘန်ကောက်လမ်းမပေါ်မှာလည်း ဆန္ဒပြပွဲတွေရှိခဲ့။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ် (Anutin Charnvirakul)ရဲ့ဖိတ်ကြားမှုနဲ့ ထိုင်းနိုင်ငံကို အလည်အပတ် ရောက်ရှိလာတဲ့ စစ်အာဏာသိမ်းခေါင်းဆောင်နဲ့ စစ်တပ်ခန့်အစိုးရ သမ္မတဖြစ်သူ ဦးမင်းအောင်လှိုင်ရဲ့ နှစ်ရက် ကြာ ထိုင်းခရီးစဥ်ဟာ ဇူလိုင် ၇ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။

ခရီးစဥ်အတွင်း ထိုင်းအစိုးရနဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သလို ဇူလိုင် ၇ ရက်နေ့ ခရီးစဥ်အပြီးမှာလည်း စီးပွားရေး၊ လုံခြုံရေးနဲ့ နည်းပညာဆိုင်ရာ ပူး‌ပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေမှာ တိုးချဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူကြောင်း လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါတယ်။

ဒီအထဲမှာ မဲဆောက်မြဝတီချိတ်ဆက်ထားတဲ့ ထိုင်းမြန်မာချစ်ကြည်ရေးတံတားအမှတ် (၂) ပြန်ဖွင့်ရေး သဘောတူခဲ့သလို၊ ထိုင်းရောက် မြန်မာရွေ့ပြောင်း အလုပ်သမား မှတ်ပုံတင်ရေး၊ အကာအကွယ်ပေးရေး၊ စည်းကြပ် ရေး သဘောတူစာချုပ်ကိုလည်း အတည်ပြုလက်မှတ်ထိုးခဲ့တယ်လို့ သိရပါတယ်။ နှစ်နိုင်ငံကြားမှာ ရှိနေတဲ့ မြစ်ချောင်း‌တွေ ညစ်ညမ်းမှုကာကွယ်ပြီး ထိန်းသိမ်းရေး၊ အာကာသနည်းပညာနဲ့ နယ်စပ် ပူးတွဲ စောင့်ကြည့်လေ့လာရေး၊ အာဆီယအဖွဲ့ဝင်အဖြစ် အပြည့်အဝ မြန်မာပါဝင်လာနိုင်ရေး ထိုင်းက ထပ်မံထောက်ခံပြီး မြန်မာဦးဆောင်ပြီး မြန်မာကိုယ်တိုင်ဖြေရှင်းတဲ့ နည်းလမ်းနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေကို သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၇ ရက်နေ့ မနက်ပိုင်းက ထိုင်းအထက်လွှတ်‌တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးဖို့ လွှတ်တော်ကို အရောက်မှာ ပြည်သူ့ပါတီက ထိုင်းအတိုက်အခံအမတ် အနုဆွန် တမာဟိုင်း (Anusorn Tamajai)က “ငြိမ်းချမ်းရေး၊ လူသားချင်းစာနာထောက်ထားရေး” ဆိုတဲ့ စကားနှစ်လုံးကို အော်ဟစ်ပြီး ဦးမင်းအောင်လှိုင်ကို ဆန္ဒပြခဲ့ပါတယ်။ အနုဆွန်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ပြန်လည်ရရှိရေးနဲ့ လူ့အခွင့်အရေးပြန်ရဖို့အတွက် တရားဝင် စာတင်ပြပြီး တိုက်တွန်းဖို့ စီစဥ်ထားတာလို့ သိရပါတယ်။

လုံခြုံရေးတွေတင်းကြပ်ထားတဲ့ကြားကပဲ ဘန်ကောက်မြို့မှာ မြန်မာသံရုံးနားက ရထားလမ်းလူကူးကုန်းကျော် တံတားပေါ်မှာ မြန်မာ့အရေးလှုပ်ရှားတဲ့ လူငယ်တွေက စစ်ခေါင်းဆောင်ဟောင်းကိုဆန့်ကျင်တဲ့ စာတန်းချိတ်ဆွဲဆန္ဒပြခဲ့ကြပါတယ်။

မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်းကို ထိုင်းနိုင်ငံက ဖိတ်ခေါ်ဧည့်ခံခဲ့တဲ့အတွက် လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက ထိုင်းအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချတာတွေ ရှိပါတယ်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၊ Justice for Myanmar နဲ့ Fortify Rights အဖွဲ့တွေက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC က ဖမ်းဝရမ်းထုတ်ခံရသူ မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ဖိတ်ခေါ်လက်ခံခဲ့တဲ့ အတွက် ထိုင်းအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချခဲ့ကြပါတယ်။

ထိုင်းနိုင်ငံက မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်းကို သံတမန်ရေးအရ ဖိတ်ခေါ်ကြိုဆိုခဲ့ပြီး ဆက်ဆံရေးတိုးမြင့်ဖို့ လုပ်ဆောင်တာဟာ “မြန်မာစစ်တပ်ခန့်အစိုးရကို နိုင်ငံရေးအရ တရားဝင်မှုကို ပေးအပ်ဖို့ဆိုတဲ့ အချက်ဟာ မဟုတ်မှန်ဘဲ လက်တွေ့ ပကတိဖြစ်နေတဲ့ အရှိတရားအတွက်ဖြစ်တယ်”လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကီရော (Sihasak Phuangketkeow) က သြဂုတ်လ ၆ ရက် ညနေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ပါတယ်။

ထိုင်းနိုင်ငံဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအပြီး မြန်မာနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ အာဆီယံမှာ ဦးဆောင် ဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်သလို စစ်အာဏာသိမ်းခေါင်းဆောင် သမ္မတရာထူးရအပြီး ပထမဆုံး သမ္မတသစ်ကို ထောက်ခံကြောင်း ချီးကျူးစကားပြောတဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့အပြင် ဧပြီလကလည်း နိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော်ကို စေလွှတ်ပြီး ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။