အာဆီယံမှာ မြန်မာအပြည့်အဝပြန်ပါလာဖို့ ထောက်ခံကြောင်း ထိုင်းထပ်မံပြောကြား

သွေးစွန်းနေတဲ့ လူသတ်သမားစစ်ခေါင်းဆောင်ကို ဧည့်ခံခဲ့တဲ့အတွက် ထိုင်းဝန်ကြီးချုပ်အနေနဲ့ အရှက်ကြီးရှက်သင့်ဟု လူ့အခွင့်အရေးအဖွဲ့ဝေဖန်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ထဲ အပြည့်အဝပြန်ပါဝင်လာရေးကို ကူညီပံ့ပိုးဖို့နဲ့ နီးနီးကပ်ကပ် ဆက်ဆံသွားဖို့ သံဓိဋ္ဌာန်ချထားတယ်လို့ နှစ်နိုင်ငံ သဘောတူကြေညာချက်မှာ ထိုင်းနိုင်ငံက ထပ်လောင်း ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံကို သြဂုတ်လ ၆ ရက်နေ့က အလည်အပတ် ရောက်ရှိလာတဲ့ မြန်မာစစ်ခေါင်းဆောင်ဟောင်းနဲ့ စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဥ်အတွင်း ထုတ်ပြန်တဲ့ နှစ်နိုင်ငံ ပူးတွဲကြေညာချက်မှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။

မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင် နည်းလမ်းကတစ်ဆင့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဆွေးနွေးမှု တွေ တိုးလုပ်ဖို့ မြန်မာက ကတိပြုထားတာကိုလည်း ထိုင်းနိုင်ငံက ကြိုဆိုတယ်လို့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ် (Anutin Charnvirakul)က ဦးမင်းအောင်လှိုင်နဲ့ ဘန်ကောက်မြို့တော်ရှိ အစိုးရ အိမ်တော်မှာ တွေ့ဆုံဆွေးနွေးရာမှာ “နှစ်နိုင်ငံကြား ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် အခွင့်အလန်း တစ်ခု ဖြစ်ကြောင်း၊ မြန်မာနဲ့ထိုင်းဟာ အာဆီယံ မိသားစု အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့အ‌လျောက် အာဆီယံမှာ မြန်မာပြန်ပါလာရေးကို အပြည့်အဝထောက်ခံကြောင်း” ပြောပါတယ်။

ဦးမင်းအောင်လှိုင်ကတော့ “မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တည်ငြိမ်အေးချမ်း ရေးကို ကြိုးပမ်းနေပြီး အာဆီယံနဲ့ ပုံမှန်ဆက်ဆံရေးပြန်ရဖို့လည်းကြိုးစားနေကြောင်း၊ ဒါပေမယ့် အာဆီယံ အဖွဲ့က တောင်းဆိုနေတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ၄င်း၏ အစိုးရအဖွဲ့က လက်မခံပါဘူး”လို့လည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံက မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်းကို သံတမန်ရေးအရ ဖိတ်ခေါ်ကြိုဆိုခဲ့ပြီး ဆက်ဆံရေးတိုးမြင့်ဖို့ လုပ်ဆောင်တာဟာ “မြန်မာစစ်တပ်ခန့်အစိုးရကို နိုင်ငံရေးအရ တရားဝင်မှုကို ပေးအပ်ဖို့ဆိုတဲ့ အချက်ဟာ မဟုတ်မှန်ဘဲ လက်တွေ့ ပကတိဖြစ်နေတဲ့ အရှိတရားအတွက်ဖြစ်တယ်”လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် ဖုန်ကတ်ကီရော (Sihasak Phuangketkeow) က သြဂုတ်လ ၅ ရက် ညနေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ပါတယ်။

“ထိုင်းနိုင်ငံအနေနဲ့ နှစ်နိုင်ငံ နယ်စပ်တစ်လျောက် ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ တချိန်ထဲ မှာလည်း မြန်မာနိုင်ငံမှာ အေးချမ်းတည်ငြိမ်ဖို့ မြန်မာကို ဦးဆောင်ကူညီပံ့ပိုးဖို့လည်း လိုပါတယ်။ ဒီလို အခက်အခဲတွေဖြေရှင်းဖို့ဆိုရင် အာဏာလက်ကိုင်ရထားတဲ့သူ တွေနဲ့ စကားပြောဆွေးနွေးနိုင်မှ အကောင်းဆုံးဖြေရှင်းနိုင်မှာပါ။”

ထိုင်းနိုင်ငံအနေနဲ့ လာမယ့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဥ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့် ကြောင်း၊ ဒီအကြောင်း ဦးမင်းအောင်လှိုင်က တစ်စုံတရာ ပြောတာမရှိဘူးလို့လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးပြောပါတယ်။

မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်းကို ထိုင်းနိုင်ငံက ဖိတ်ခေါ်ဧည့်ခံခဲ့တဲ့အတွက် လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေက ထိုင်းအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုံ့ချတာတွေရှိပါတယ်။

“မရေမတွက်နိုင်ငံတဲ့ မြန်မာပြည်သူတွေရဲ့ သွေးတွေနဲ့ စွန်းပေနေတဲ့ လူသတ်သမား မြန်မာစစ်အရာရှိ တစ်ဦးဖြစ်တဲ့ ဦးမင်းအောင်လှိုင်ကို နိုင်ငံတော်ဧည့်သည်အဖြစ်နဲ့ ဧည့်ခံရတာကို ထိုင်းဝန်ကြီးချုပ် အနုတင်အနေနဲ့ အရှက်ကြီးရှက်သင့်ပါတယ်။ ဦးမင်းအောင်လှိုင်ရဲ့ တစ်ကိုယ်ကောင်းဆန် အတ္တကြီးမှုနဲ့ အာဏာငတ်မွတ်မှုကြောင့် ၂၀၂၁ ဖေဖော်ဝါရီမှာ တရားမျှတစွာရွေးခြယ်တင်မြှောက်ခံထားရတဲ့ အစိုးရကို ဖြတ်ချ၊ တရားမဝင် စစ်အာဏာသိမ်းခဲ့ပြီး တိုင်းပြည်မှာ ပြည်တွင်းစစ်မီးတောက်ခဲ့ရပါတယ်။ ထိုင်းနိုင်ငံက ဒီလိုအခြေအနေကို အတွေ့အကြုံထက် မျှော်လင့်ချက်ကို ဦးစားပေးတဲ့ ကြိုးပမ်းမှုလို့ပြောရမှာဖြစ်ပြီး အာရှမှာ အဆိုးဝါးဆုံးလူ့အခွင့်အရေးချိုးဖောက်သူတွေနဲ့ အရောဝင်မိလို့ ကမ္ဘာ့မျက်နှာစာမှာ နာမည်ပျက်နဲ့ အဆုံးသတ်ရမှာပါပဲ” လို့ အာရှလူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာအဖွဲ့ (AHRLA) က ဒါရိုက်တာ ဖီးလ်ရစ်ချတ်ဆန် (Phil Richardson) က သြဂုတ်လ ၆ ရက်နေ့က ထောက်ပြဝေဖန်ထားပါတယ်။

ထိုင်းနိုင်ငံဟာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအပြီး မြန်မာနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ အာဆီယံမှာ ဦးဆောင် ဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်သလို စစ်အာဏာသိမ်းခေါင်းဆောင် သမ္မတရာထူးရအပြီး ပထမဆုံး သမ္မတသစ်ကို ထောက်ခံကြောင်း ချီးကျူးစကားပြောတဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့အပြင် ဧပြီလကလည်း နိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော်ကို စေလွှတ်ပြီး ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။