လူ ၅ဝ ဦး သေဆုံးခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ရခိုင်ပြည်နယ်က မြို့နယ်ငါးခုကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက အောက်တိုဘာ ၃ ရက်နေ့မှာ RFA ကို ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်နောက်ပိုင်း ကျောက်တော်မြို့နယ်အပါအဝင် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တွေကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၃ ရက်နေ့မှာ ရသေ့တောင်မြို့ပေါ်နဲ့ အနီးအနား ရွာတချို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ဦးနဲ့ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Y-12 လေယာဉ်နဲ့ ရပ်ရွာတွေထဲကို ဗုံး ၁၇ လုံးအထိ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဒီဖြစ်ရပ်ကို သိရှိထားတဲ့ ရခိုင်ပြည်နယ်အခြေစိုက် ပရဟိတသမား ကိုဝေဟင်အောင်က RFA ကို ပြောပါတယ်။
“ဒီနေ့(အောက်တိုဘာ ၃ရက်) မနက်အစောကြီး ၁ နာရီပတ်ဝန်းကျင်လောက်မှာ Y-12 တစ်စီးနဲ့ ရသေ့တောင်မြို့ အနီးအနားပတ်ဝန်းကျင်ကို ဗုံး ၁၇ လုံး ကြဲချသွားတယ်။ အဲဒီမှာ နှစ်ဦးက ပွဲချင်းပြီး သေဆုံးပြီးတော့ ငါးယောက်က ထိခိုက်ဒဏ်ရာရတယ်”

အောက်တိုဘာ ၁ ရက်နေ့ကလည်း နေ့လယ်ပိုင်းကနေ ညပိုင်းအထိ ကျောက်တော်၊ သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာတစ်ပါးအပါအဝင် အရပ်သား ငါးဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်အဆောက်အအုံတချို့ ပျက်စီးခဲ့ပါတယ်။
အဲဒီနေ့က ကျောက်တော်မြို့နယ် လေကြောင်းတိုက်ခိုက်မှုမှာ စစ်တပ်က ဂျက်တိုက်လေယာဉ် ခုနစ်စီးနဲ့ Y-12 လေယာဉ်တစ်စီး၊ စုစုပေါင်း လေယာဉ်ရှစ်စီးသုံးပြီး ဗုံးအလုံးရေ ၄၀ ကျော် ကြဲချခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၃၀ ရက်နေ့ တစ်ရက်တည်းမှာလည်း ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပေါက်တောမြို့နယ်က ရွာတချို့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး နောက်ထပ် ခုနစ်ဦး ဒဏ်ရာရခဲ့သလို နေအိမ်အဆောက်အအုံတချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုတွေဟာ စက်တင်ဘာ ၂၈ ရက်နေ့က ကျောက်တော်မြို့ အိန္ဒိယဈေး တိုက်ခိုက်ခံရပြီးနောက် ဆက်တိုက်ဖြစ်ပွားလာတာပါ။
အာရက္ခတပ်တော် (AA) ထုတ်ပြန်ချက်အရ အိန္ဒိယဈေးအနီးလေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၅၀ သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
စစ်တပ်က ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဟာ ပြည်သူတွေရဲ့ ဒုက္ခကို စစ်ရေးနဲ့ နိုင်ငံရေးအရ အသုံးချပြီး AA ကို ဖိအားပေးဖို့ ကြိုးပမ်းတာလို့ သူ့အမြင်ကို ကိုဝေဟင်အောင်က ပြောပါတယ်။
“အဓိကအကြောင်းအရင်းထဲမှာတော့ သူတို့ စစ်ရှုံးနေတာကလည်း အဓိကအကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ နောက်ထပ်အကြောင်းအရင်းကတော့ ပြည်သူကို အကြောက်တရားဝင်အောင်လုပ်တာရယ်၊ ပြီးတော့ ပြည်သူတွေရဲ့ ဒုက္ခကို စစ်ရေး၊ နိုင်ငံရေးအဖြစ် အသုံးချပြီး AA ကို တစ်ဖက်လှည့်နဲ့ ဖိအားပေးတယ်လို့ မြင်တယ်ဗျ”
ရခိုင်ပြည်နယ်အနှံ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာလို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်တပ်ရဲ့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ကျောက်တော်မြို့ အိန္ဒိယဈေး လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU) အပါအဝင် နိုင်ငံတကာက ကန့်ကွက်ရှုတ်ချထားပါတယ်။
