၂၀၁၆-၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာလူမျိုးတွေအပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာတွေဟာ ကုလသမဂ္ဂကပြဋ္ဌာန်းထားတဲ့ ဂျီနိုဆိုက် (Genocide) လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး - အိုင်စီဂျေ (ICJ) က ဒီနေ့ ၂၀၂၆ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
ဒါကြောင့် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်အောင် လှုံ့ဆော်တဲ့သူတွေနဲ့ ကျူးလွန်တဲ့သူတွေကို အပြစ်ပေးအရေးယူဖို့၊ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဖို့၊ ထွက်ပြေးသွားရတဲ့သူတွေကို ပြန်လက်ခံဖို့၊ နစ်နာတဲ့သူတွေကို လျော်ကြေးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တရားရုံးဆုံးဖြတ်ချက်အသေးစိတ်
အမှတ် (၁) - မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်ပါ တာဝန်တွေကို ချိုးဖောက်ပြီး ရိုဟင်ဂျာအုပ်စုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျူးလွန်ခဲ့။ (ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲ)
အမှတ် (၂) - မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ တခြားပုဂ္ဂိုလ်တွေက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တာကို တားဆီးရမယ့်တာဝန်တွေကို ချိုးဖောက်ခဲ့။ (ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲ)
အမှတ် (၃) - ရိုဟင်ဂျာတွေအပေါ် အရပ်သားတွေက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်လာအောင် တိုက်ရိုက်ပဲ ဖြစ်ဖြစ် လူသိရှင်ကြားဖြစ်ဖြစ် လှုံ့ဆော်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံက စာချုပ်ပါတာဝန်ကို ချိုးဖောက်ခဲ့တာ မရှိ။ (ထောက်ခံမဲ ၁၄ မဲ ကန့်ကွက်မဲ ၁ မဲ)
အမှတ် (၄) - လူမျိုးတုံးသတ်ဖြတ်မှုစာချုပ်ပါ အပိုဒ် ၃ အရ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တခြားပြစ်မှုတွေအပေါ် အရေးယူ အပြစ်ပေးရမယ့်တာဝန်ကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့။ (ထောက်ခံမဲ ၁၁ မဲ ကန့်ကွက်မဲ ၄ မဲ)
အမှတ် (၅) - စာချုပ်ပါ ပြဋ္ဌာန်းချက်တွေကို လက်တွေ့အသက်ဝင်အောင် ပြည်တွင်းမှာ လိုအပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းရမယ့်တာဝန်ကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့။ (ထောက်ခံမဲ ၁၄ မဲ ကန့်ကွက်မဲ ၁ မဲ)
အမှတ် (၆) - မြန်မာနိုင်ငံဟာ စာချုပ်ပါတာဝန်တွေ ဆက်လက်ချိုးဖောက်နေတာမှန်သမျှကို ရပ်တန့်ရမှာဖြစ်ပြီး အပြည့်အဝ သက်ရောက်စေမယ့် ဥပဒေတွေပြဋ္ဌာန်းရမယ်။ (ထောက်ခံမဲ ၁၄ မဲ ကန့်ကွက်မဲ ၁ မဲ)
အမှတ် (၇) - ၂၀၁၇ ခုနှစ် စစ်ဆင်ရေးတွေနဲ့ပတ်သက်လို့ စာချုပ်ပါ အပိုဒ် ၃ ကို ကျူးလွန်ခဲ့တယ်လို့ သံယသရှိသူ အားလုံးကို ချက်ချင်း ထိထိရောက်ရောက် စုံစမ်းစစ်ဆေးပြီး သက်သေထင်ရှားရင် တရားစွဲ ပြစ်ဒဏ်ပေးရ မယ်။(ထောက်ခံမဲ ၁၃ မဲ ကန့်ကွက်မဲ ၂ မဲ)
အမှတ် (၈) - မြန်မာနိုင်ငံဟာ စာချုပ်ပါတာဝန်တွေ ချိုးဖောက်တာမျိုး နောက်နောင် ထပ်ပြီးမဖြစ်အောင် အာမခံချက်တွေပေးပြီး တားဆီးရမယ်။ (ထောက်ခံမဲ ၉ မဲ ကန့်ကွက်မဲ ၆ မဲ)
အမှတ် (၉) - မူလအခြေအနေအတိုင်း ပြန်လည်ထူထောင်ပေးရေး အစီအမံတွေကို ဆောင်ရွက်ဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်။ (ထောက်ခံမဲ ၁၀ မဲ ကန့်ကွက်မဲ ၅ မဲ)
အမှတ် (၁၀) - စွန့်ခွာထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာတွေကို ပြန်ပြီးလက်ခံဖို့၊ နိုင်ငံသားဖြစ်ခွင့်အပါအဝင် သူတို့ရဲ့ မူလအခွင့်အရေးတွေ ပြန်လည်ဖော်ဆောင်ပေးဖို့၊ ထိခိုက်နစ်နာမှုတွေအတွက် လျော်ကြေးပေးဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်။ (ထောက်ခံမဲ ၁၀ မဲ ကန့်ကွက်မဲ ၅ မဲ)
အမှတ် (၁၁) - ပေးရမယ့်လျော်ကြေး ပမာဏနဲ့ ပေးရမယ့်အစီအစဉ်တွေကို တရားရုံးကဆုံးဖြတ်ရမှာဖြစ်ပြီး၊ အဲဒီအတွက် စီရင်ချက်ချမှတ်တဲ့နေ့ကနေ (၂) နှစ်အတွင်း မြန်မာနိုင်ငံကအစီရင်ခံစာကို တရားရုံးကိုပေးပို့ရမယ်။ အမှုနောက်ဆက်တွဲ လုပ်ငန်းစဉ်တွေအတွက် ထိန်းသိမ်းထားမယ်။ (ထောက်ခံမဲ ၁၀ မဲ ကန့်ကွက်မဲ ၅ မဲ)
အမှတ် (၁၂) - ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂၃ ရက် ကချထားတဲ့ တရားရုံးက အပြီးသတ် မဆုံးဖြတ်ခင်ကာလအတွင်း ရိုဟင်ဂျာတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ သက်သေအထောက်အထားတွေ မပျက်စီးအောင် ထိန်းသိမ်းရမယ့်တာဝန်ကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့တယ်။ (ထောက်ခံမဲ ၁၁ မဲ ကန့်ကွက်မဲ ၄ မဲ)
အမှတ် (၁၃) - ဂမ်ဘီယာနိုင်ငံရဲ့ တခြားတင်ပြတောင်းဆိုချက်မှန်သမျှကို ပယ်ချတယ်။ (ကန့်ကွက်သူမရှိ)
ဖြစ်ရပ်အကျဥ်းချုပ်
၂၀၁၆ - ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေးစခန်းတွေကို ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဆိုတဲ့ ARSA လက်နက်ကိုင်အဖွဲ့က အလစ်ဝင်တိုက်တဲ့အတွက် တပ်ဖွဲ့ဝင်တွေသေဆုံးတာကို အကြောင်း ပြုပြီး အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စစ်တပ်က နယ်မြေရှင်းလင်းရေး ဆိုတဲ့ စစ်ဆင်ရေးတွေလုပ်ခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးတွေကို ရိုဟင်ဂျာမွတ်စလင်တွေအများစုနေတဲ့ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေမှာ ပြုလုပ်ခဲ့တဲ့အတွက် ရိုဟင်ဂျာ တစ်သောင်းကျော်သတ်ဖြတ်ခံရပြီး၊ အမျိုးသမီးတွေနဲ့ ကလေးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်တာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီပြီးထွက်ပြေးတာတွေဖြစ်ခဲ့ပါတယ်လို့ဆိုပါတယ်။

ဒါကြောင့် အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂကပြဌာန်ထားတဲ့ လူမျိုးတုံးသုတ်သင်သတ်ဖြတ်မှု စာချုပ်ချိုး ဖောက်တယ်ဆိုပြီး မြန်မာနိုင်ငံကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ အာဖရိကတိုက် အနောက်ပိုင်းမှာတည်ရှိတဲ့ ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ( ICJ – International Court of Justice) မှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပထမဦးဆုံးတရားစွဲခဲ့တာဖြစ်ပါတယ်။
အမှုအတွက် ပထမဆုံးကြားနာပွဲကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်ကနေ ၁၂ ရက်အထိ နယ်သာလန်နိုင်ငံ သဟိဂ်မြို့က ICJ တရားရုံးမှာ ကျင်းပခဲ့ပါတယ်။ အဲဒီကြားနာပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်ပြီး မြန်မာနိုင်ငံဘက်က ခုခံထွက်ဆိုရှင်းလင်းခဲ့ပါတယ်။
တရားစွဲခဲ့တဲ့အချိန်ကနေ ၇ နှစ်အကြာ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ICJ တရားသူကြီး ၁၅ ဦးပါတဲ့ အဖွဲ့ က နှစ်ဖက်လျှောက်လဲချက်နဲ့ တွေ့ရှိချက်တွေကိုဖတ်ပြသလို ဂမ်ဘီယာနိုင်ငံက တင်ထားတဲ့စွဲချက် ၁၃ ချက်အပေါ် တစ်ချက်ချင်းအလိုက် တရားသူကြီးတွေမဲခွဲဆုံးဖြတ်တာကို တရားသူကြီးချုပ် ယုဂျီ အီဝါဆာဝါက ဖတ်ပြပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကာကွယ်တားဆီးရေးနှင့် ပြစ်ဒဏ် ပေးရေးသဘောတူစာချုပ် (Genocide Convention) ကို ကုလသမဂ္ဂက ၁၉၄၈ ခုနှစ်မှာပြဌာန်းခဲ့တာြဖစ်ပြီး လိုက်နာရမယ့် ပြဌာန်းချက် ၁၉ ခန်းပါဝင်ပါတယ်။
မြန်မာနိုင်ငံက ၁၉၄၉ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ သဘောတူလက်မှတ်ထိုးခဲ့တဲ့အတွက် ၁၉၅၆ မတ်လ ၁၄ ရက်မှာ အတည်ပြုချက်ရခဲ့ပါတယ်။ ဒီစာချုပ်ကို လက်မှတ်ထိုးတဲ့နိုင်ငံတိုင်းက လိုက်နာရမှာဖြစ်သလို၊ ဒီဥပဒေဟာ ပြောင်းလဲပြင်ဆင်ခွင့်မရှိတဲ့ နိုင်ငံတကာဥပဒေမူတွေထဲမှာပါတဲ့အတွက် စာချုပ်ကိုလက်မှတ်မထိုးတဲ့နိုင်ငံတွေ ကလဲ လိုက်နာရပါတယ်။
အခန်း ၉ မှာတော့ စာချုပ်ပါအချက်အလက်တွေကို အနက်ဖွင့်ဆိုတာ၊ ကျင့်သုံးတာနဲ့ နိုင်ငံတွေရဲ့ တာဝန်ရှိမှု ဆိုင်ရာ အငြင်းပွားမှုတွေကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကိုတင်ပို့ဖြေရှင်းရမယ်လို့ပြဌာန်းထားတဲ့အတွက် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အချက် (၁၃) ချက်နဲ့ တရားစွဲခဲ့တာဖြစ်တဲ့အတွက် တရားသူကြီးတွေက တစ်ချက်ချင်းအလိုက် သက်သေအထောက်အထားတွေကို စိစစ်လေ့လာ မဲခွဲပြီး ဆုံးဖြတ်တာဖြစ်ပါတယ်။
