မော်လမြိုင်ကျွန်းမြို့နယ်ထဲက ရာဇူဒိုင်မြစ်ထဲမှာ ရိုဟင်ဂျာ ၃၄ ဦး ဖမ်းဆီးရမိ

စိုးသိမ်း
2021.01.20

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်ထဲက ရာဇူဒိုင်မြစ်ထဲမှာ ရိုဟင်ဂျာ ၃၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါဟာ ဧရာဝတီတိုင်းအတွင်းမှာ ဒီနှစ်ထဲ ရိုဟင်ဂျာတွေကို ဖမ်းမိတာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲခြံဝကျေးရွာအုပ်စု သစ်ပုတ်ကျေးရွာအနီးက ရာဇူဒိုင်မြစ်ထဲက စက်လှေတစ်စီးပေါ်မှာ ရိုဟင်ဂျာ ၃၄ ဦးကို ဇန်နဝါရီလ ၁၉ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့တာလို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး ထွန်းရွှေ က ပြောပါတယ်။

“ကျား ၇ ဦး၊ မ ၂၇ ဦး ၃၄ ဦးပါ။ ရခိုင်ပြည်နယ်က လာတာပါ။ သယ်ဆောင်လာတဲ့ သူတွေတော့ လိုက်စုံစမ်း ဖမ်းဆီးနေတယ်။ စစ်ဆေးနေတုန်းပါပဲ"

ဒီရိုဟင်ဂျာတွေကို သယ်ဆောင်လာတဲ့သူတွေက ထွက်ပြေးသွားတဲ့အတွက့် မြစ်ထဲမှာ ဖမ်းမိတာလို့ မော်လမြိုင်ကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်- ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်း က RFA ကို ပြောပါတယ်။

“ထွက်ပြေးသွားတော့ ဒီလူတွေက ချာလည်လည်ပြီး သောင်တင်ပြီးတော့မှ အုပ်ချုပ်ရေးမှူးက တွေ့လို့ သတင်းပေးပြီးတော့မှ သူတို့ မိသွားတာပေါ့။ သူတို့ကို ခေါ်လာတဲ့သူတွေက တပတ်ရိုက်ပြီးတော့ ထွက်ပြေးသွားတော့ သူတို့ ကျန်နေခဲ့တာပေါ့ ။ မမိလိုက်ဘူး။ သယ်လာတဲ့သူတွေကို ”

လက်ရှိအခြေအနေမှာတော့ ဖမ်းမိထားတဲ့ ရိုဟင်ဂျာ ၃၄ ဦးကို သစ်ပုတ်ကျေးရွာမှာပဲ ကွာရန်တင်း ထားထားတယ်လို့ ဦးဝေယံထွန်း က ပြောပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးထဲကို ရိုဟင်ဂျာတွေ ဝင်ရောက်လာတာက ဒါနဲ့ ဆိုရင် ဒုတိယအကြိမ် ဖြစ်ပါတယ်။

ပထမအကြိမ်တွေ့ရှိတာက ချောင်းသာကမ်းခြေပင်လယ်ပြင်မှာ ရိုဟင်ဂျာ ခုနှစ်ဦးနဲ့ သယ်ဆောင်လာသူ ငါးဦးကို ဇန်နဝါရီလ ၄ ရက်နေ့ က ဖမ်းမိခဲ့ပါတယ်။ ရိုဟင်ဂျာ ခုနှစ်ဦးကို နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး သယ်ဆောင်လာသူ ငါးဦးကိုတော့ ရာဇသတ်ကြီးပုဒ်မ ၃၆၇ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ဧရာဝတီတိုင်းထဲကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာအမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီး ၆၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေကနေ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။