ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ရိုဟင်ဂျာအရေး ဆွေးနွေး

အောင်သိင်္ခ
2021.01.12
ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ရိုဟင်ဂျာအရေး ဆွေးနွေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်မှာ ၂၀၂၁ ဇန်နဝါရီ ၁၂ ရက်နေ့က တွေ့ဆုံစဉ်
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အရေးကိစ္စကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံစဉ်မှာ ဆွေးနွေးခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် တရုတ်အစိုးရက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကြားဝင်ကူညီပေးဖို့ ကြိုးစားနေတာပါ။

နှစ်နိုင်ငံခေါင်းဆောင်တွေကို တရုတ်နိုင်ငံ ဘေဂျင်းမြို့ကိုဖိတ်ပြီး သုံးပွင့်ဆိုင်တွေ့ဆုံဖို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက် ကတည်းက တရုတ်ဘက်က ကြိုးပမ်းလာတာ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ အစီအစဉ်တွေ အကောင်အထည် မဖော်နိုင်ဘဲ ကြန့်ကြာနေတာပါ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမန်ကတော့ မြန်မာပြည်မှာ ရွေးကောက်ခံ အစိုးရသစ် ဖွဲ့စည်းပြီးတာနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေကို အမြန်ဆုံး စနိုင်ဖို့ မျှော်လင့်ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပြောဆိုထားပါတယ်။

မြန်မာအစိုးရဘက်ကတော့ ကပ်ရောဂါကြောင့် တရုတ်အစိုးရပါဝင်တဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး နှောင့်နှေးနေတာလို့ ဆိုပါတယ်။

ကာကွယ်ရေးဦးစီးချုပ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးအကြား ဒီကနေ့ ဘာတွေ သဘောတူခဲ့ကြသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီကနေ့တွေ့ဆုံပွဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ မဲစာရင်းတွေ မှားယွင်းနေတာတွေကို တပ်မတော်က ပြန်စိစစ်ပြီး ဥပဒေတွေအတိုင်း ဒီမိုကရေစီ မယိမ်းယိုင်အောင် လုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ကို ပြောဆိုခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ပြည်တွင်းစစ်ပြဿနာတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နှစ်ရက်ကြာမြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို သီးခြားစီ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။