လှိုင်းဘွဲ့ လယ်သမား ၁၅ ဦးကို တပ်မတော် အမှုဖွင့်

ကျော်လွင်ဦး
2021.01.22

ဘားအံ-လှိုင်းဘွဲ့ ကားလမ်းဘေး ထီလုံရွာမှာ တမီးလ်လူမျိုးလယ်သမား ၁၅ ယောက်ကို တပ်မတော်က အမှုဖွင့်ထားပါတယ်။

သူတို့ကို တပ်မြေပေါ်မှာ ကျူးကျော်နေထိုင်လို့ဆိုပြီး ပိုင်နက်ကျူးလွန်မှု၊ အားပေးကူညီမှုတွေနဲ့ တပ်မတော်က အမှုဖွင့်ထားတာလို့ လှိုင်းဘွဲ့မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဦးက RFA ကို ပြောပါတယ်။

"တပ်က ပထမ အမှုဖွင့်ထားတာက ဒေါ်ဘားကျွန်း၊ ၄၄၇ နဲ့ဖွင့်ထားတယ်၊ ပိုင်နက်ကျူးလွန်မှုပဲ၊ နောက်တစ်ခါ ၁၄ ယောက်ကို တစ်မှု၊ နှစ်မှုဖွင့်ထားတယ်။ ၄၄၇၊ ၁၁၄ နဲ့ဖွင့်ထားတယ်။ ဒေါ်ဘားကျွန်း အပါဆို ၁၅ ယောက် ဖြစ်သွားမှာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ တပ်ပိုင်မြေထဲမှာ ကျူးကျော်ပြီးတော့ ဝင်ရောက်တာပေါ့ အဲဒါလေးကိုဖွင့်တာပါ။"

ခမရ ၂၀၃ က ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက အမှုဖွင့်ထားတာဖြစ်ပြီး လက်ရှိမှာ တရားရုံးတင်ရေးအဖွဲ့ ဆောင်ရွက်နေတယ်လို့လည်း ရဲမှူး သန်းဦးက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဒီနေ့ ဆက်သွယ်မေးမြန်းရာမှာတော့ ဆက်သွယ်လို့မရသေးပါဘူး။

အဲဒီနေရာမှာ ဘိုးဘွားပိုင်လယ်မြေဧက ၂၀၀ ကျော်လောက်ကို ၁၉၉၅ ခုနှစ်လောက်ကတည်းက တပ်မ (၂၂) လက်အောက်ခံ၊ အမှတ် - ၂၀၃ ခြေမြန်တပ်ရင်းက တပ်တည်ဆောက်ရေးအတွက်ဆိုပြီး သိမ်းဆည်းထားတာ လို့ ဒေသခံတွေက ပြောပါတယ်။

သိမ်းတုန်းကလည်း နစ်နာကြေးတို့၊ လျော်ကြေးတို့ ပေးတာတွေမရှိခဲ့ဘူးလို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။ အဲဒီနောက်တော့ လယ်သမားတွေမှာ နေစရာနဲ့ လုပ်ကိုင်စားသောက်စရာ မြေ မရှိတော့ဘဲ နီးစပ်ရာတွေမှာ သွားနေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလယ်တွေကို တပ်တည်ဆောက်ရေးအတွက် အသုံးပြုတာမျိုးမရှိတာကြောင့်ဆိုပြီး မူလ လယ်သမားတွေ ထဲက ၁၇ ဦးလောက်ဟာ လွန်ခဲ့တဲ့ ၉ လ လောက်တည်းက အဲဒီမှာ ပြန်လည်ဝင်ရောက်နေထိုင်ကြပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ နှစ်လလောက်မှာ တပ်မတော်က ခြံစည်းရိုးတွေအပါအဝင် တဲအိမ်တွေကို ဖျက်စီးခဲ့တယ်လို့ တရားစွဲခံထားရတဲ့ ဒေါ်ဘားကျွန်း ကပြောပါတယ်။

"စားဖို့သောက်ဖို့က အခက်အခဲ ဖြစ်နေတယ်၊ စိတ်ထဲမှာလည်း ဘယ်လို့လုပ်ရမလဲ မသိဘူး၊ ဘယ်လို လုပ်စားရမလဲ ဆိုတာ၊ ကိုယ်ကလည်း အခြား ဘာမှလုပ်မစားတတ်ဘူး၊ နေရာရရင်တော့ ခြံလေးဘာလေး လုပ်စားမလို့နေတာ၊ ဒီခြံကလည်း သူတို့က ခဏခဏမောင်းထုတ်တယ်၊ သူတို့ကတွေ့ရင်လည်း ကြောက်မှကြောက်ဘဲ၊ နေစရာမှမရှိတာ၊ ဒီနေရာပဲရှိတာ။"

လက်ရှိမှာ ရဲတပ်ဖွဲ့က စစ်ဆေးတာတွေရှိပေမယ့်၊ သူတို့ကို တရားစွဲဆိုထားတယ်ဆိုတာ မသိဘူးလို့လည်း ဒေါ်ဘားကျော့က ပြောပါတယ်။

ရဲတပ်ဖွဲ့က မကြာခဏ ခေါ်ယူစစ်ဆေးနေတာကြောင့် ဒေသခံတွေက ကြောက်ရွံပြီး ထွက်ပြေးနေတယ်လို့ တမီးလ်လူမျိုးတွေကို ကူညီပေးနေတဲ့ ကိုဘုန်းကြီးကတော့ ပြောပါတယ်။

"ဘိုးဘွားမြေက ဘိုးဘွားမြေပဲလေ။ တရားမျှတပြီး မှန်လား၊ မှားလားဆိုတာ ချပြဖို့ပဲ မြင်ချင်တယ်၊ လောလောဆယ် တပ်မတော်ဘက်ကတော့ အနှောက်အယှက် သိပ်မလာတော့ဘူး။ ခုဖြစ်နေတာက ရဲတပ်ဖွဲက သူတို့ကို ခေါ်လိုက်၊ စစ်ဆေးလိုက်၊ ခေါ်လိုက်၊ စစ်ဆေးလိုက်၊ လုပ်နေတယ် အဲဒါ ဖြေရှင်းလို့မရဘူးဖြစ်နေတယ်၊ ရဲလာရင် သူတို့ကကြောက်ပြီးတော့ သူတို့နေရာမှာ သူတို့မနေရဲဘဲ တောထဲမှာသွားလိုက် သွားများအိမ် သွားနေလိုက် ပုန်းနေ နေရတယ်။"

လက်ရှိမှာတော့ တပ်မတော်က တရားစွဲဆိုထားတဲ့အမှုကို လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ရဲစခန်းကို သွားရောက်စစ်ဆေးခံရဦးမယ်လို့ ဒေသခံ လယ်သမားတွေက ဆိုပါတယ်။

ဒီလယ်သမားတွေကိစ္စနဲ့ပက်သက်ပြီး လှိုင်းဘွဲ့မြို့နယ်က အရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်သွယ်မေးမြန်းပေမယ့် မသိသေးကြောင်း ပြန်လည်ဖြေဆိုကြပါတယ်။ လယ်သမားတွေကတော့ နေထိုင်စားသောက်ဖို့ အခက်အခဲရှိတာကြောင့် ဘိုးဘွားပိုင်နေရာမှာ ပြန်လည်လုပ်ကိုင် စားသောက်ခွင့်ရဖို့ လိုလားနေကြပါတယ်။

သိမ်းဆည်းလယ်မြေတွေအပေါ် တပ်မတော်က ရာဘာလုပ်ငန်းရှင်တွေ၊ ထုံးဖိုလုပ်ငန်းရှင်တွေကို ငှားရမ်း လုပ်ကိုင်ခွင့် ပြုထားတဲ့အတွက် မူလပိုင်ရှင်တွေက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ၊ ပြည်နယ် ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေကို ပြီးခဲ့တဲ့နှစ် ၇ လပိုင်းကတည်းက စာပေးပို့ တိုင်ကြားထားတယ် လို့လည်း သိရပါတယ်။

တစ်ပြည်လုံးမှာ အမှုဖွင့် တရားစွဲခံထားရတဲ့ လယ်သမားပေါင်း ၁၈၀ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ လူမှု ကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပြီး သူတို့ကိုလည်း နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။