နယ်ခြားစောင့်တပ်ဖွဲ့တွေ စီးပွားရေးမလုပ်ဖို့ တပ်မတော် သတိပေး

စောညွန့်သောင်း
2021.01.12

ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ အခုဇန်နဝါရီလထဲမှာ တပ်မတော်က ကရင်ပြည်နယ်က နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်း ဆောင်တွေကို သုံးကြိမ်တိုင် ခေါ်ယူတွေ့ဆုံပြီး စီးပွားရေးလုပ်ငန်းတွေ မလုပ်ဖို့ စီးပွားရေး လုပ်လိုတယ်ဆိုရင် အရပ်ဝတ်အနဲ့ပဲ လုပ်ကြဖို့ နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေကို သတိပေးခဲ့ပါတယ်။

အဲဒီလိုပြောပြီးနောက် အခုလ ၈ ရက်နေ့မှာ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ BGF တပ်ရင်း ၁၀၂၂ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ဗိုလ်မှူး စောမုတ်သုန်ဟာ နယ်ခြားစောင့်တပ်ကနေထွက်ဖို့ နုတ်ထွက်စာ တင်လိုက် ပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက စီးပွားရေးလုပ်လိုတဲ့ နယ်ခြား စောင့်တပ်ဖွဲ့ဝင်တွေကို နုတ်ထွက်ဖို့ ခွင့်ပြုမှာဖြစ်တယ်လို့ ပြောပါတယ်။

“စီးပွားရေးလုပ်ဆောင်ချင်ရင် တရာဝင်ကုမ္ပဏီထောင်ပြီး လုပ်ပေါ့နော်။ ကျနော်တို့ ခေါ်ယူပြီး အဓိက ဆွေးနွေးတာက တရားဝင်လုပ်ဆောင်တယ် ဥပဒေနဲ့အကြုံးဝင်တဲ့ လုပ်ဆောင်မယ်ဆိုရင် တရားဝင် လုပ်ဆောင် အရပ်ဝတ်နဲ့ပဲ လုပ်ဆောင်ဆိုပြီးတော့ ကျနော်တို့ခေါ်ပြောထားတာရှိတယ်။ ဒါကြောင့်မို့လို့ တချို့လည်း နုတ်ထွက်တာတို့ သဘောတူတဲ့အပိုင်းတွေရှိတယ်။ စီးပွားရေးလုပ်ကိုင်ဖို့ နုတ်ထွက်သွားတဲ့အပိုင်းတွေလည်း ရှိပါတယ်”

စီးပွားရေးမလုပ်ရင် တပ်ဖွဲ့ဝင်တွေရဲ့ စားဝတ်နေရေးအခက်အခဲရှိလို့ တပ်မတော်ဘက်က ပြန်စဉ်းစား ပေးစေလိုတယ်လို့ BGF နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက RFA ကို ပြောပါတယ်။

“တပ်က ကျနော်တို့ကိုပြောတာက ပထမတစ်ချက်က စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ လုပ်လို့မရဘူး။ ဒါပေမဲ့ ကျနော်တို့ဘက်က အမှန်ပြောရရင် ကျနော်တို့စီးပွားရေးမလုပ်ရင် ကျနော်တို့စစ်သားတွေ ခုနစ်ထောင်နီးပါးက ဘာတွေနဲ့စားကြမလဲ။ ရှေ့တန်းမှာကျဆုံးသွားတဲ့ တပ်သားတွေရဲ့ သားသမီးတွေ၊ မသန်မစွမ်းဖြစ်နေတဲ့ တပ်သားတွေကို ကျနော်တို့မကြည့်ရှုရင် ဘယ်သူတွေက လာကြည့်ပေးမလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တပ်မတော်ဘက်က ပြန်စဉ်းစားပေးပါ့လို့တော့ ကျနော်တို့ကို ပြောတယ်”

ဒီအခြေအနေတွေကို တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ အခုရက်ပိုင်းအတွင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လို့လည်း ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။

ဗိုလ်မှူး စောမုတ်သုန် နုတ်ထွက်စာတင်ရတဲ့ အကြောင်းထဲမှာ ကရင်ပြည်နယ် မြဝတီမြို့က ရွှေကုက္ကိုမြို့သစ် စီမံကိန်းနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ မြို့ခံတွေက ယူဆကြပါတယ်။

ကရင်ပြည်နယ် သောင်ရင်းမြစ်ကမ်းက ရွှေကုက္ကို မြို့သစ်စီမံကိန်းဟာ နယ်ခြားစောင့်တပ် BGF အဖွဲ့ပိုင် ချစ်လင်းမြိုင် ကုမ္ပဏီနဲ့ Yatai International Holding Group Co.,Ltd တို့ ဖက်စပ် လုပ်ကိုင်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ ပွင့်လင်းမြင်သာမှုမရှိသလို ဒေသခံတွေရဲ့ သဘောထားမပါဘဲ လုပ်ဆောင်ခဲ့တဲ့အကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြရေးသားခဲ့တာတွေကြောင့် စီမံကိန်းရပ်နားထားခဲ့ရပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရွှေကုက္ကို စီမံကိန်းဟာ အစိုးရ ခွင့်ပြုချက်ထက် ကျော်လွန်လုပ်ဆောင်ခဲ့တာတွေရှိလို့ စီမံကိန်းကို ရပ်ထားကြောင်းနဲ့ ဒီစီမံကိန်းကို အစိုးရ အုပ်ချုပ်ရေး ယန္တရားအောက် ထည့်သွင်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အခုလ ၈ ရက်နေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ဒီစီမံကိန်းနဲ့ပတ်သက်လို့ အုပ်ချုပ်ရေးပိုင်းအရ ဆောင်ရွက်ရမယ့်ကိစ္စရှိသလို တပ်မတော်ဘက်က တပ်ပိုင်းဆိုင်ရာ ဆောင်ရွက်ရမယ့်ကိစ္စတွေရှိတယ်လို့လည်း သူက ပြောပါတယ်။

တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်ပိုင်းတွေကြား ဆွေးနွေးနေပြီဖြစ်လို့ ပြည်သူတွေ အနေနဲ့ မစိုးရိမ်ဖို့ နယ်ခြားစောင့်တပ်က လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံ နိုင်မောင်ဇော် က RFA ကို ပြောပါတယ်။

“ပျက်စီးသွားမယ့်အရာတို့ ဆိုးသွမ်းမယ့်အရာတို့ မဖြစ်နိုင်ပါဘူး။ လူကြီးတွေက ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပါ့မယ်။ အရင်တုန်းကတော့ အခြားကိစ္စအကြောင်းပြုပြီးတော့ လုံခြုံရေးယူထားတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာလည်း တော်တော်များများ ပြန်ရုပ်သိမ်းလိုက်ပါပြီ”

စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တပ်မတော်က သတိပေးထားတဲ့အထဲမှာ နယ်ခြားစောင့်တပ်ဖွဲ့ ဘက်က ဗိုလ်မှူး စောမုတ်သုန်၊ ဗိုလ်မှူး စောတင်ဝင်းနဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး စောချစ်သူ တို့ ပါဝင်ပါတယ်။

နယ်ခြားစောင့်တပ်အားလုံးကို စီးပွားရေးမလုပ်ဖို့ တပ်မတော်က ညွန်ကြားထားတာဖြစ်ပြီး လက်ရှိမှာတော့ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကရင်ပြည်နယ်က နယ်ခြားစောင့်တပ်တွေကို အဓိကထား ပြောနေတာဖြစ်ပါတယ်။

တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကြား အခြေအနေတွေနဲ့ ဆက်စပ်ပြီး နယ်စပ်ဒေသမှာ မတည်မငြိမ်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဗိုလ်မှူး စောမုတ်သုန် နုတ်ထွက်စာ တင်ပြီး နယ်ခြားစောင့်တပ်အတွင်း ပဋိပက္ခတွေ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာမှာကို မြို့ခံတွေက စိုးရိမ်နေကြတာလို့ မြဝတီမြို့ခံ မန်းပြည်စိုးပိုင်က ပြောပါတယ်။

“လက်ရှိအခြေအနေကတော့ လူတွေက စိုးရိမ်နေကြရတာပေါ့။ သူကနုတ်ထွက်သွားပြီးဆိုတော့ အခြားသူတွေရဲ့ အခြေအနေတွေက ဘယ်လိုလဲပေါ့ သိချင်ကြတာပေါ့။ အခြားကျန်တဲ့ နယ်စပ်စောင့် တပ်တွေရဲ့ အခြေအနေတွေက ဘယ်လိုရှိလဲပေါ့။ ဘယ်လိုဆက်ဖြစ်လာဦးမလဲ လူတွေက နည်းနည်း ဘာတွေဖြစ်လာမလဲပေါ့နော်။ ဒေသခံတွေက တစ်ခုခုဖြစ်လာမှာကို ကြောက်နေကြတာပေါ့နော်။ ဘာတွေဖြစ်လာမလဲဆိုတာကို နောက်ဆက်တွဲ။ သူနုတ်ထွက် သွားပြီးဆိုတော့ နောက်ဆက်တွဲ တပုံကြီး။ နောက်ဆက်တွဲတွေက အများကြီး ရှိနေတော့လေ”

အခုလို နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေအပေါ်မှာ တပ်မတော်က ကိုင်တွယ်ဖြေရှင်းမှုအပေါ်မှာ BGF တပ်မှ တပ်တွင်းပဋိက္ခဖြစ်လာမှာကို မြဝတီမြို့ခံတွေက စိုးရိမ်နေကြတာလို့ မြပတီမြို့ခံတစ်ဦးဖြစ်တဲ့ ဦးဝင်းမော်က RFA ကို ပြောပါတယ်။

“အချို့ကျတော့လည်း ခံယူချက်ရယ် ပညာရေးအခံ ရှိတဲ့သူတွေပါသလို မရှိတဲ့ကလေးတွေကျတော့လည်း အမြင်ပေါ့ဗျာ၊ အမြင်ဆိုတာက တစ်ချိန်တစ်ခါတုန်းက အခွင့်အရေးတွေပေးပြီးတော့ ဒီလက်နက်ကိုင် တွေကို သွားလာခွင့်တွေ၊ လုပ်ကိုင်ခွင့်တွေ ပေးပြီးတော့မှ ဒီလိုသူတို့ရဲ့ ဦးဆောင်တဲ့ အခန်းကဏ္ဍတွေပါတဲ့ ပုဂ္ဂိုလ်တွေကို ကိုင်တွယ်လိုက်တဲ့အခါကျတော့ အောက်လက်ငယ်သားတွေက သို့လော သို့လောတွေဖြစ် ပြီးတော့ ဖြစ်လာနိုင်ခြေတွေကို ကျနော်တို့ တွေးကြည့်တာပေါ့နော်။ အဲလိုမျိုးတွေ ကျနော်တို့ စိုးရိမ်မိ တာပေါ့။ ကျနော်တို့ မြို့ခံတွေ အဲလိုဖြစ်နေကြတာပေါ့”

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် BGF ကို ၂၀၁၀ ခုနှစ်၊ သြဂုတ်လမှာ တိုးတက်သော ကရင်အမျိုးသား တပ်မတော် DKBA က တပ်ရင်း ၁၂ ရင်း၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPFက တပ်ရင်း ၁ ရင်းနဲ့ စတင် ဖွဲ့စည်းခဲ့တာပါ။

လက်ရှိမှာ ခန့်မှန်းခြေ စုစုပေါင်း တပ်အင်အား သုံးထောင်ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။