တစ်နိုင်ငံလုံးမှာ အယောက် ၉၀ ကျော် အဖမ်းခံရ၊ တစ်ဦးသေဆုံး

နေရိန်ကျော် (ဝါရှင်တန် ဒီစီ)
2021.04.20

နွေဦးတော်လှန်ရေး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ စစ်တပ်က အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်တာ တွေ များတဲ့အတွက် ဆန္ဒပြပွဲကြီးတွေ နည်းသွားပြီး၊ သပိတ်အသေးတွေ နေရာအတော်များများမှာ နည်းပေါင်း စုံ ရှိနေပါသေးတယ်။ စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုတွေကြောင့် ဧပြီလ ၁၉ ရက် မနေ့ နေ့လယ် ပိုင်းကနေ ဧပြီလ ၂၀ ရက် ဒီနေ့ထိ ၂၄ နာရီလောက်အတွင်း RFA က အတည်ပြုလို့ရသမျှ တစ်နိုင်ငံလုံးမှာ သေဆုံးသူ တစ်ယောက် နဲ့ ထပ်ပြီးအဖမ်းခံရတဲ့သူ အယောက် ၉၀ ကျော်ရှိခဲ့ပါတယ်။

ရန်ကုန်မှာ ၂၅ ယောက်၊ ရွှေဘိုမှာ အယောက် ၅၀၊ ညောင်ဦးမှာ အယောက် ၂၀ ကျော်နဲ့ ကန့်ဘလူမှာ တစ်ယောက် ဖြစ်ပါတယ်။ အသတ်ခံရတဲ့သူ တစ်ယောက်ကတော့ မန္တလေးမြို့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ကနီမြို့ဘက်က ကျေးရွာ ၂၀ နီးပါးက ဒေသခံထောင်နဲ့ချီပြီးတော့လည်း စစ်ကောင်စီရဲ့ တပ်တွေ ဝင်ရောက်ရှာဖွေဖမ်းဆီးနေတာကြောင့် နီးစပ်ရာတောတွေထဲ ထွက်ပြေးနေကြရပါတယ်။

ရန်ကုန်တိုင်းမှာဆိုရင် နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့က ကိုတင်မောင်ဦးနဲ့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်လမ်း က သူရိန် အလူမီနီယံလုပ်ငန်းပိုင်ရှင် ဒေါ်နီနီ အပါအဝင် သူ့ဆိုင်က အလုပ်သမား ၇ ယောက်၊ စုစုပေါင်း ၉ ယောက်ကို ဒီနေ့ နေ့လယ်မှာ စစ်တပ်က ဖမ်းသွားပါတယ်။ အဖမ်းခံရတဲ့သူတွေထဲမှာ အမျိုးသမီး အနည်းဆုံး ၄ ယောက်ပါတယ်လို့ သိရပါတယ်။

မနက် ၁၁ နာရီကျော်လောက်မှာ သူရိန် အလူမီနီယံဆိုင်ကို စစ်တပ်ကဝိုင်းလိုက်ပြီး ရှာဖွေသလို မွန်းလွဲပိုင်း မှာတော့ အဲဒီလူတွေကို ကားပေါ်ခေါ်တင်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အဲဒီနောက် မုန့်ပုံး အရွယ်လောက်ရှိတဲ့ပစ္စည်းတစ်ခုကို လမ်းမပေါ်မှာ သဲအိတ်တွေနဲ့ကာလိုက်ပြီး၊ စစ်တပ်က မိုင်းရှင်းတဲ့ဝတ်စုံတွေနဲ့ လူတချို့က ဖောက်ခွဲလိုက်တယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းမှာပဲ ရွှေပြည်သာမြို့နယ် ၈ ရပ်ကွက်မှာတော့ လူငယ် ၇ ယောက်ကို ရဲစခန်းမီးကွင်းပစ်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်တွေက မနေ့က ဖမ်းသွားပါတယ်။

တကယ်တမ်း ရွှေပြည်သာမှာ ရဲစခန်း မီးလောင်တာလည်းမရှိသလို ဘာအထောက်အထားမှမရှိဘဲ ဖမ်းသွားတာလို့ ၈ ရပ်ကွက်နေ ပြည်သူတစ်ယောက်က RFA ကို ပြောပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ရွှေပြည်သာမြို့နယ်မှာ လူငယ်တွေဟာ ပြောက်ကျားသပိတ်ပုံစံနဲ့ ဆက်လက်ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့မှာတော့ Institute for Strategy and Policy - Myanmar (ISP - Myanmar) လို့ခေါ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့မှာ အလုပ်လုပ်နေတဲ့ ကိုအောင်မျိုးထက်ကို ဧပြီ ၂၀ ရက်၊ ဒီနေ့ နေ့လယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးသွားပါတယ်။ "ရွာထဲကအိမ်ကနေ မြို့ပေါ်သွားပြီး အင်တာနက်ဆက်သွယ်ရေးရတဲ့ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့အချိန်မှာ ဝင်ဖမ်းသွားတာ" လို့ မိသားစုဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

ကိုအောင်မျိုးထက် ဟာ The Voice ဂျာနယ်နဲ့ တနင်္သာရီ ဂျာနယ်မှာလည်း သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာနားမှာတော့ ဧပြီလ ၂၀ ရက် ဒီကနေ့ မနက် ၆ နာရီ လောက် ကားအဖြူနဲ့ အမျိုးသား အလောင်းတစ်လောင်းကို အမှိုက်ပုံမှာ လာပစ်သွားပါတယ်။

အဲဒီအလောင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဦးခေါင်းရှေ့နောက် ပြတ်ရှဒဏ်ရာ၊ ခေါင်းနဲ့ကျောကို ထုနှက်ထားတာ၊ ပခုံးရိုးကျိုးနေတာနဲ့ ခန္ဓာကိုယ်မှာ ဖိနပ်ရာတွေ တွေ့ရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

လူမှုကူညီရေး လုပ်ဆောင်နေသူတစ်ယောက်ကလည်း အလောင်းကို ဓာတ်မှန်ရိုက်စစ်ဆေးမှုအရ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေများစွာ တွေ့ကြောင်း RFA ကို အတည်ပြုပြောဆိုပါတယ်။

သေဆုံးသူဟာ အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။

အလောင်းလာပစ်သွားတဲ့ အနီးအနားမှာ စစ်တပ်က တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့က နေရာအချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးနေ ပါတယ်။

အဲဒီအပြင် မြရည်နန္ဒာအိမ်ယာမှာပဲ မန္တလေးမြို့မှာ လူသိများထင်ရှားလာတဲ့ အာဏာရှင်တော်လှန်ရေး ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ တေဇာစန်း နေထိုင်ခဲ့တဲ့ တိုက်ခန်းကို မနေ့က ဧပြီလ ၁၉ ရက်နေ့မှာ စစ်တပ်ရော၊ လက်နက်ကိုင် အရပ်ဝတ်နဲ့လူတွေပါ ဝင်ရှာပြီး နေအိမ်က ပစ္စည်းတွေကို ယူသွားတယ်လို့ ကိုတေဇာစန်းရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ဒေါက်တာ တေဇာစန်းကို စစ်ကောင်စီက အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ဖွင့်လှစ်ထားပြီး သူ့ကိုဖမ်းမိဖို့ သတင်းပို့ရင် ငွေကျပ် သိန်းတစ်ရာ ဆုချီးမြင့်မယ်ဆိုတဲ့ ကြော်ငြာစာရွက်တွေလည်း ဖေ့စ်ဘွတ် လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာတော့ ဒီနေ့ပြုလုပ်တဲ့ သပိတ်စစ်ကြောင်းဖြိုခွင်းခံခဲ့ရပြီး အနည်းဆုံး လူငယ် အယောက် ၅၀ နီးပါး အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သပိတ်ဖြိုခွင်းခံရပြီးနောက် ရွှေဘိုမြို့ထဲက ဒေါ်လှ ငါးဒိုင်ထဲ ဝင်ပြေးတယ်ဆိုတဲ့သတင်းကြောင့် ငါးဒိုင်က ဝန်ထမ်း အမျိုးသားနဲ့ အမျိုးသမီး အယောက် ၂၀ ကျော်ကိုပါ ဖမ်းသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

ဒါ့အပြင် ခါတော်မီ အအေးဆိုင်မှာ ထိုင်နေတဲ့သူ အယောက် ၂၀ နီးပါးကိုလည်း ဖုန်းတွေယူစစ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အရေးအသားတွေ၊ ဓာတ်ပုံတွေ တွေ့တာနဲ့ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။

ပုဂံညောင်ဦးမြို့နယ်မှာတော့၊ မီးလောင်ဖျား ကျေးရွာအုပ်စု၊ မီးလောင်ဖျား(မြောက်)ရွာနဲ့ (တောင်)ရွာက ဒေသခံရွာသား ၂၀ ကျော်ကို အာဏာသိမ်း စစ်ကောင်စီတပ်တွေက မနေ့ညပိုင်း ၁၁ နာရီလောက်မှာ ဖမ်းဆီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်ဖျား(မြောက်)ရွာက လူတစ်ယောက်နဲ့ လယ်ကန်ကျေးရွာက လူတစ်ယောက် မနေ့ညနေပိုင်းမှာ သေဆုံးသွားတဲ့ကိစ္စနဲ့ ပတ်သက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ယောက်က RFA ကိုပြောပါတယ်။

ရွာသားတွေရဲ့ ပြောဆိုမှုအရ မနေ့ညနေပိုင်း သေဆုံးသွားသူတွေဟာ စစ်တပ်ကို သတင်းပေးနေတဲ့ သူလျှို ဒလံတွေ ဖြစ်ပြီး၊ သူတို့မသေခင်က စစ်အာဏာရှင် ဆန့်ကျင်သူတွေ အဖမ်းခံရအောင် လမ်းပြတဲ့အလုပ်တွေ လုပ်နေတာလို့လည်း ပြောကြပါတယ်။ ဒီလိုစွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်လို့ သေဆုံးတဲ့သူတွေရဲ့ မိသားစုဝင်တွေကို RFA က လတ်တလောမှာ ဆက်သွယ်ပေမယ့် ရှုပ်ထွေးနေတဲ့အခြေအနေကြောင့် ပြောရဲတဲ့သူ ရှာမတွေ့သေးပါဘူး။

ဒါ့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကိုထောက်ခံတဲ့သူတွေကိုလည်း စစ်တပ်ကရှာဖွေခဲ့ပြီး မတွေ့သွားဘူးလို့ သိရပါတယ်။ ဒီအခြေအနေကြောင့် မီးလောင်ဖျား တောင်ရွာနဲ့ မြောက်ရွာက ဒေသခံ တော်တော်များများ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီအတောအတွင်းမှာပဲ ညောင်ဦးမြို့နယ်ထဲက ဂန့်ဂါရွာသား ခြောက်ယောက်ကို မီးလောင်ဖျားရွာကနေအပြန် မနေ့ကပဲ အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးသွားသူတွေထဲက ငါးယောက် ကိုတော့ တစ်ယောက်ကို ကျပ်ငွေ တစ်သိန်းနှစ်သောင်းစီယူပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ရွာသားတွေက ပြောပါတယ်။ သူတို့ထဲက NLD ရပ်ကျေးဥက္ကဋ္ဌကိုတော့ မလွှတ်ဘဲ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဒေသခံက ပြောပါတယ်။

သူတို့ကို ဘာကြောင့်ဖမ်းတာလဲဆိုတာ မသိရသေးသလို ပြန်မလွှတ်ပေးသေးတဲ့ NLD ရပ်ကျေး ဥက္ကဋ္ဌကိုလည်း ဘယ်ကိုဖမ်းခေါ်သွားလဲ မသိရသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့၊ ယာကြီးကျေးရွာအုပ်စုထဲက ရွာ ၄ ရွာနဲ့ ဆယ်ရွာချောင်ကျေးရွာ အုပ်စုထဲက ရွာ ၁၄ ရွာအပါအဝင် စုစုပေါင်းကျေးရွာ ၂၀ လောက်က ရွာသားတွေကို စစ်တပ်တွေက ဝင်ရောက် ရှာဖွေဖမ်းဆီး နေတာကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့သူ ရှစ်ထောင်လောက်ရှိမယ်လို့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ယောက်က ခန့်မှန်းပြောဆိုပါတယ်။

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကိုတိုက်ပြီးဖမ်းတဲ့ ကားနဲ့ယာဉ်မောင်းကို အဲဒီကနီမြို့နယ် ရွာနားမှာ ဒေသခံတွေက ဖမ်းလိုက်တယ်ဆိုတဲ့သတင်း ထွက်လာတဲ့နောက်ပိုင်း၊ အဲဒီနေရာတစ်ဝိုက်မှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီရွာတွေကို ဧပြီလ ၁၉ ရက် မနေ့က စစ်ကား ၂၇ စီးနဲ့ စစ်သားအင်အား အယောက် ၇၀၀ ကျော်လောက် ရောက်လာပြီး ရွာတွေထဲ ဝင်ရောက်ရှာဖွေနေကြတာပါ။ အဲဒီထဲက ဒေသခံ ၆၀၀ ကျော်လောက် နီးစပ်ရာ တောထဲကို ထွက်ပြေးနေရတဲ့အကြောင်းကိုတော့ တိမ်းရှောင်နေရတဲ့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

လာပို့အုပ်စုမှာလည်း စစ်ကား လေးစီးရွာထဲဝင်လာပြီး ပစ်ခတ်တာတွေလုပ်နေတာကြောင့် ရွာမှာရှိတဲ့ ကလေးသူငယ်ကအစ သက်ကြီးရွယ်အိုတွေပါမကျန် ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ယောက် RFA ကို ပြောပါတယ်။

ဒါကြောင့် နေထိုင်ရေးနဲ့ ကျန်းမာရေးအခက်အခဲတွေအပြင် သောက်သုံးရေနဲ့ အစားအသောက်တွေ လိုအပ် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ တစ်နိုင်ငံလုံးမှာ စစ်တပ်နဲ့ ရဲကြောင့် သေဆုံးတဲ့သူ အယောက် ၇၀၀ ကျော်နေပြီ ဖြစ်ပါတယ်။ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့စာရင်းအရ အဖမ်းခံထားရတဲ့သူ သုံးထောင့်နှစ်ရာကျော်နေပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။