ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အာဆီယံတောင်းဆို

2021.03.02
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အာဆီယံတောင်းဆို ၂ဝ၂၁ ခုနှစ် မတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့သော ASEAN အရှေ့တောင်အာရှနိုင်ငံများအသင်း အစည်းအဝေး။
Photo: Reuters

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက တိုက်တွန်းလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီကနေ့လုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာ စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ တင်းမာမှုတွေကို ဖြေရှင်းနိုင်အောင် အာဆီယံကို တံခါးဖွင့်ထားပေးဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကလည်း အာဏာသိမ်းစစ်ကောင်စီကို ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင်လုပ်ဖို့နဲ့ မြန်မာပြည်သူလူထုရဲ့အသံတွေ၊ ဆန္ဒတွေနဲ့ အကျိုးစီးပွားတွေကို အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လေးစားရမယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Hishammuddin Hussein ကလည်း မြန်မာနိုင်ငံပြဿနာဖြေရှင်းဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ အာဆီယံအဖွဲ့တခု ဖွဲ့စည်းပြီး ကူညီသွားမယ်လို့ ဒီအစည်းအဝေးမှာ အဆိုပြုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဒီထက်ပိုဆိုးလာခဲ့ရင် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးကို ထိခိုက်လာလိမ့်မယ်လို့လည်း ပြောဆိုခဲ့တာပါ။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ မြန်မာပြည်သူတွေအပေါ် သေစေတဲ့အထိ အင်အားသုံးအကြမ်းဖက်ဖြိုခွင်းနေတာတွေရပ်ဖို့နဲ့ ပြဿနာကို အဖြေရှာဖို့ တိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။