ကနီမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးသုံးလို့ သေဆုံးသူ ၁၀ ယောက်ရှိ

ခင်ခင်အိ(ဝါရှင်တန် ဒီစီ)
2021.04.21

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နဲ့ ကနီမြို့အစပ်မှာ ဧပြီလ ၂၀ ရက် မနေ့ညနေပိုင်းက စဖြစ်တဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုနဲ့ ဒေသခံရွာသားတွေရဲ့ပြန်လည်ခုခံမှုအတွင်း ဒေသခံကျေးရွာသား ဆယ်ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ကနီမြို့နယ်က ကျေးရွာတစ်ချို့ကို ဝင်ရောက်ရှာဖွေခဲ့ကြတဲ့ စစ်ကောင်စီတပ်အင်အား ၂၀၀ လောက်ကို ကနီမြို့ ဝင်းကုန်းကျေးရွာအထွက် ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာကိုအလာမှာ ဒေသခံတွေက ပြန်လည် ခုခံခဲ့ကြတာပါ။

စစ်ကောင်စီတပ်တွေဟာ ဒရုန်း ခေါ် မောင်းသူမဲ့ လေယာဉ်ငယ်တွေနဲ့အရင်လွှတ်ပြီး ဒေသခံတွေရဲ့ အင်အား ကို ကြည့်ပြီးမှ လက်နက်ကြီးတွေနဲ့ ခုနစ်ချက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူ ဆယ်ယောက်ထက် မနည်း ဖြစ်ခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသွားသူတွေထဲက အလောင်း တစ်လောင်းသာ ပြန်ရခဲ့တယ်လို့ အမည်မဖော်လိုသူ ရွာသား တစ်ယောက်က RFA ကိုပြောပါတယ်။

သေနတ်ဒဏ်ရာရသူက အနည်းဆုံး နှစ်ယောက်ရှိခဲ့ပြီး နှစ်ယောက်လည်း အဖမ်းခံခဲ့ရတယ်လို့ ပြောပါတယ်။

ကနီမှာ ဒရုန်းနဲ့ လက်နက်ကြီးကျည်သုံးပြီး ရွာသားတွေကို ပစ်ခတ်နှိမ်နင်းခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ဒီနေ့မနက်မှာတော့ သီးကုန်းကျေးရွာဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်တွေ တပ်လာစွဲထားပြီး သီးကုန်းကျေးရွာနဲ့ ကပိုင်ကျေးရွာတွေထဲကို ဝင်ရောက်ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာလည်း အေးရွာကို ဧပြီလ ၂၁ ရက် ဒီနေ့ မနက် ၅ နာရီလောက် စစ်တပ်က ဝင်ရောက်ပစ်ခတ်ပြီး ဒေသခံကျေးရွာသား ငါးယောက်ကို ဖမ်းသွားပါတယ်။

ရွာလုံးကျွတ် အားလုံးနီးပါးလည်း ထွက်ပြေးနေကြရပါတယ်။

ဘာကြောင့် ဝင်ပစ်တယ်ဆိုတာကို သေချာမသိရသေးပေမယ့် ပြီးခဲ့တဲ့ ၃ ရက်လောက်က မြင်းခြံဆန္ဒပြပွဲမှာ သေနတ်ထိမှန်သူတစ်ယောက်ကို အေးရွာမှာဆေးကုပေးခဲ့တာတစ်ခုပဲရှိတယ်လို့ ဒေသခံ ရွာသားတစ်ယောက် က RFA ကိုပြောပါတယ်။

အေးရွာဟာ မြင်းခြံမြို့နဲ့ တစ်ဆက်တည်းဖြစ်ပြီး အခုတော့ ရွာသားတွေက မြို့နဲ့ဝေးတဲ့နေရာတွေကို တိမ်းရှောင် နေကြရတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ မြင်းခြံမြို့နယ် အမှတ် ၁၅ ရပ်ကွက်ထဲမှာပဲ မနေ့က ၁၁ နာရီလောက်က မီးလောင်ကျွမ်း ခဲ့ပြီး လူနေအိမ် ၇ လုံးလောက် မီးထဲပါသွားခဲ့ပါတယ်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပေါက်ပေါက်သန်း ပဲဝင်းရပ်ကွက်ထဲမှာ ဧပြီ ၂၀ ရက် မနေ့ည ၈ နာရီ သံပုံးတွေတီးကြချိန် စစ်ကောင်စီတပ်တွေက ဝင်ရောက်ပစ်ခတ်ပြီးနောက် ဝရံတာထွက် သံပုံးတီးသူ တစ်ယောက်ကိုတော့ သေနတ်နဲ့ ပစ်ခတ်ခြိမ်းခြောက်ပြီးဖမ်းသွားပါတယ်။

ဖမ်းဆီးခံခဲ့ရသူကိုတော့ ဧပြီလ ၂၁ ရက် ဒီနေ့မနက် ၉ နာရီမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် နောက်တစ်ခါ သံပုံးမတီးပါဘူးဆိုတဲ့ ဝန်ခံကတိလက်မှတ်တော့ ရေးထိုးပေးခဲ့ရတယ်လို့ ကာယကံရှင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထဲက တစ်ယောက်က RFA ကိုပြောပါတယ်။

ည ၈ နာရီပုံမှန်အတိုင်း သံပုံးတီးနေကြချိန်မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီရဲ့တပ်တွေနဲ့ကြုံပြီး အခုလို ဝင်ရောက်ပစ်ခတ်ရင်း ဖမ်းဆီးတာခံခဲ့ရတာဖြစ်ပါတယ်။

ပုသိမ်မြို့ မင်းကြီးလမ်းနဲ့ အောင်ရတနာလမ်းထောင့်မှာ ဧပြီလ ၂၁ ရက် ဒီနေ့ မနက်ပိုင်း အရပ်ဝတ် ဝတ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ အိမ်စီးကားတစ်စီးနဲ့ရောက်လာပြီး လူငယ်နှစ်ယောက်ကို ဖမ်းသွားပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားခံရသူတွေဟာ ပုသိမ်မြို့ပေါ်မှာနေတဲ့ တက္ကသိုလ်ကျောင်းသားအရွယ် လူငယ်တွေ ဖြစ်ပြီး ဘာကြောင့် ဖမ်းတာလဲဆိုတာနဲ့ ဘယ်နေရာကိုဖမ်းသွားလဲဆိုတော့ RFA အနေနဲ့ သီးခြား အတည် ပြုနေဆဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က မကျီးတုံရွာနဲ့ သံဘိုရွာက ဒေသခံရွာသား လေးယောက်ကို ဧပြီလ ၂၀ ရက် မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေ ဖမ်းဆီးခေါ်ဆောင်သွားတာခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ ဖမ်းခံထားရသူတွေထဲက သုံးယောက်ဟာ ဆန္ဒပြရာမှာ ပါဝင်သူတွေ မဟုတ် တာကြောင့် ပြန်လွှတ်ပေးခဲ့ပြီး သပိတ်စစ်ကြောင်းမှာ အမြဲလိုက်ပါနေသူတစ်ယောက်ကိုတော့ ဆက်လက် ဖမ်းထားဆဲဖြစ်တယ်လို့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

သပိတ်ခေါင်းဆောင်အပါအဝင် နေ့စဉ်သပိတ်မှာ ပါဝင်နေသူတွေကို လာရှာပြီးဖမ်းတာဖြစ်ပြီး ခေါင်းဆောင်ကို ရှာမတွေ့တာကြောင့် တွေ့တဲ့သူဖမ်းသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှတော့ ဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေးအတွက် အပြာရောင် လှုပ်ရှားမှု Blue Shirt Campaign အပါအဝင် နည်းမျိုးစုံနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆက်လက် ဆန္ဒပြနေကြ ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ တစ်နိုင်ငံလုံးမှာ စစ်တပ်နဲ့ ရဲကြောင့် သေဆုံးတဲ့သူ အယောက် ၇၀၀ ကျော် နေပြီ ဖြစ်ပါတယ်။ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းအရ အဖမ်းခံ ထားရတဲ့သူ သုံးထောင့်နှစ်ရာကျော်နေပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။