ဧရာဝတီတိုင်း လွှတ်တော်အမတ်တွေထဲမှာ မေးခွန်းနဲ့ အဆို မတင်သူတွေရှိနေ

စိုးသိမ်း
2021.01.14

ဧရာဝတီတိုင်းလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၅၂ ဦးရှိပြီး အဲဒီထဲက သုံးဦးက ဝန်ကြီးအဖြစ် ရွေးချယ်ခံထားရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းအတွင်း မေးခွန်းနဲ့ အဆို တင်သွင်းမှု လုံးဝမရှိသူတွေ ရှိပါတယ်။ အခုလို တက်ကြွမှုနည်းပါးတဲ့ ကိုယ်စားလှယ်တွေ နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံရသူတွေ ရှိနေပါတယ်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သက်တမ်းမှာ မေးခွန်းနဲ့ အဆို ၁၀ခု မကျော်တဲ့ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်အမတ် ၁၃ ဦးရှိတယ်လို့ တိုင်းဒေသကြီး လွှတ်တော်မှတ်တမ်းတွေကနေ သိရ ပါတယ်။

မေးခွန်းနဲ့ အဆို ၁၀ ခု မကျော်တဲ့ အရပ်သားလွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကဖြစ်ပြီး တခြားလွှတ်တော်ကိုယ်စားလှယ်တွေ တင်သွင်းတဲ့အဆိုတွေမှာတော့ ထောက်ခံ ဆွေးနွေးတာတွေ ပြုလုပ်ထားပါတယ်။

ဒုတိယအကြိမ် လွှတ်တော်သတ်တမ်းမှာ မေးခွန်းနဲ့ အဆို မေးမြန်းတင်သွင်းတာနည်းတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခြေအနေကို ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် က အခုလို ပြောပြပါတယ်။

"သူတို့မှာ အကြောင်းကြောင်းရှိတယ်။ တချို့က စိတ်မဝင်စားတာ။ နယ်မြေမှာ လုပ်ငန်းအောင်မြင်ဖို့ သူတို့နယ်မြေကိုပဲ အာရုံစိုက်နေတဲ့ပုဂ္ဂိုလ်ကလည်းရှိတယ်။ ဦးမန်းဂျော်နီဆိုရင် ပထမပိုင်းက ဝန်ကြီးချုပ်၊ ဝန်ကြီးချုပ်ကနေ နှစ်နှစ်ဖြစ်လာတဲ့အချိန်မှာ ဝန်ကြီးချုပ်အပြောင်းအလဲဖြစ်တယ်။ အဲဒီမှာ ကိုယ်စား လှယ်အဖြစ်ထိုင်တယ်။ သူတို့ဆိုရင် ဘာမေးခွန်းမှ မမေးဘူး၊ အကြောင်းကြောင်းက လူတစ်ယောက်ချင်း စီမှာ သူ့အကြောင်းလေးတွေရှိတယ်။"

မေးခွန်းနဲ့ အဆို မေးမြန်းတင်သွင်းတာနည်းတဲ့ လွှတ်တော်အမတ်တွေက သက်ဆိုင်တဲ့မြို့နယ် ဖွံ့ဖြိုးရေးနဲ့ လွှတ်တော်ရေးရာကော်မတီလုပ်ငန်းတွေမှာ အားသန်တဲ့သူတွေလည်း ပါဝင်တယ်လို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ က ပြောပါတယ်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၄၆ ဦးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် သုံးဦး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တက်ရောက်ခဲ့တာပါ။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သက်တမ်းမှာ ဝါးခယ်မမြို့နယ် နဲ့ ဓနုဖြူမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် သုံးဦးက မေးခွန်းနဲ့ အဆို တစ်ရာကျော်စီနဲ့ အများဆုံးမေးမြန်းတင်သွင်းခဲ့တာပါ။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ မေးခွန်းနဲ့ အဆို ၁၀ ခု မကျော်တဲ့ လွှတ်တော်အမတ် ၁၃ ဦး ထဲကနေ ခုနစ်ဦး က တတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ပြန်လည်ပါဝင်မှာဖြစ်ပါတယ်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ဝန်ကြီးချုပ်တာဝန် ၂ နှစ်နဲ့ လွှတ်တော်အမတ်တာဝန် ၃ နှစ် ထမ်းဆောင်ခဲ့တဲ့ ကျုံပျော်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီ က မေးခွန်းနဲ့ အဆို မေးမြန်းတင်သွင်းထားခြင်း မရှိပါဘူး။

“မေးခွန်းနဲ့ အဆိုတွေ တခြားလွှတ်တော်ကိုယ်စားလှယ်တွေ အများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ မေးခွန်းမမေးတော့ဘူး။ တခြားလွှတ်တော်ကိုယ်စားလှယ်တွေ မေးပါစေ၊ မေးချင်လည်း မေးလို့ ရတယ်လေ။ ကိုယ်က ဝန်ကြီးချုပ်တစ်ယောက် ဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ ဘယ်နေရာတွေ၊ ဘာတွေဆိုတဲ့မေးခွန်း သိပ်မမေးချင်တော့ဘူး။ နောက်ပြီးတော့ အဆိုဆိုတာလည်း အများကြီးရှိတာပဲ၊ အဆိုတွေ၊ မြို့နယ်အတွက်ရော၊ တစ်တိုင်းလုံး အတွက်ရော ဆိုတဲ့အခါကျတော့ ကိုယ့်အနေနဲ့က ဝန်ကြီးချုပ်တစ်ယောက် ဖြစ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ အဲဒီအဆိုတွေကို မမေးဖြစ်တော့ဘူးပေါ့။"

မေးခွန်းနဲ့ အဆို မေးမြန်းတင်သွင်းတာ မရှိပေမယ့် ကျုံပျော်မြို့နယ်ထဲက ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အများအပြား လုပ်ဆောင်ခဲ့တယ်လို့ ဦးမန်းဂျော်နီ က ပြောပါတယ်။

မြို့နယ်ထဲက ပြည်သူလူထုတွေအတွက် လွှတ်တော်ထဲမှာ လွှတ်တော်အမတ်တစ်ဦးအနေနဲ့ မေးဖို့၊ ပြောဖို့ လိုတယ်လို့ ကျုံပျော်ဒေသခံ ဦးသိန်းမြင့်ဆောင်း က RFA ကို ပြောပါတယ်။

“ရေလိုက်သင့် ငါးလိုက်သင့် သွားလိုက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ အရည်အချင်းနဲ့ သာမန်လခစားတစ်ယောက်က ရုံးလုပ်ငန်းလုပ်နေသလိုဖြစ်နေတာက သူက ဌာနတစ်ခုကတော့ ပေးတာ ပေါ့ဗျာ။ ကျနော်တို့က သူ့ကျတော့ ပြည်သူလူထုက တင်ထားတဲ့ သူ ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့အသံ ကို သူလည်း ကြားမှာပဲ၊ အဲဒါတွေကို ပြောဖို့ သူ့မှာ တာဝန်ရှိတယ် ။ မပြောဘူးဆိုရင် သူတာဝန်မကျေ ဘူးပေါ့ဗျာ။"

လွှတ်တော်အမတ်တွေကို ပြည်သူတွေက အားမရတာကို ကြားနေရတဲ့အတွက် တတိယအကြိမ် လွှတ်တော် တက်မယ့် အမတ်တွေကို သင်တန်းပေးသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဒေါက်တာမျိုးညွှန့် က ပြောပါတယ်။

“တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေဟာ သူတို့ရဲ့ ရည်မှန်းထားတဲ့တာဝန်ကို ပြည်သူတွေကို ကျေနပ်လောက် အောင် မဆောင်ရွက်နိုင်ဘူးဆိုတာ ကျနော်တို့ တစ်နိုင်ငံလုံးကြားနေရတဲ့ကိစ္စပါ။ ဒါဟာ အတွေ့အကြုံ နည်းပါးတာကြောင့်လည်းပါပါတယ်။ ဒါကြောင့် ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့ရဲ့ တာဝန်ကို ကောင်းမွန်စွာ မသိရှိတာကြောင့်လည်းပါပါတယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထပ်ပြီး သင်တန်းပေးပါမယ်။"

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်သက်တမ်းမှာ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင် အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးပါရှိပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေထဲက နှစ်ဦးက မေးခွန်း ၂ခု နဲ့ လေးဦးက မေးခွန်း ၁ ခုစီ မေးထားပြီး အဆိုတင်သွင်းတာနဲ့ ထောက်ခံဆွေးနွေးတာတော့ မရှိဘူးလို့ သိရပါတယ်။

ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွေကို ၂၄ ကြိမ်ကျင်းပခဲ့ပြီး ကြယ်ပွင့်ပြ မေးခွန်း ထောင့်တစ်ရာနီးပါး ၁၀၈၁ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၂၂၀ ခုနဲ့ အဆို ၄၄ ခုကို မေးမြန်းတင်သွင်းခဲ့ တယ်လို့ လွှတ်တော်မှတ်တမ်းတွေကနေ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရဲ့ ပထမအကြိမ်လွှတ်တော်နဲ့ ဒုတိယအကြိမ် လွှတ်တော်တို့ရဲ့ မေးခွန်းနဲ့ အဆိုမေးမြန်းဆွေးနွေးမှုတွေကို နှိုင်းယှဉ်နိုင်ဖို့ တိုင်းဒေသကြီးလွှတ်တော်ရုံးမှာ ပထမအကြိမ် တိုင်းဒေသကြီး လွှတ်တော်ရဲ့ အချက်အလက်တွေကို RFA က တောင်းယူခဲ့ပေမယ့် မရရှိခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။