အင်္ကျီအပြာလှုပ်ရှားမှုနဲ့ ဖမ်းဆီးခံပြည်သူ အားလုံး လွတ်မြောက်ရေး တောင်းဆို

2021.04.21

မြန်မာနိုင်ငံရဲ့ ထောင်သက်အကြာဆုံး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်၊ ဦးဝင်းတင် စတင်ခဲ့တဲ့ နိုင်ငံရေး အကျဥ်းသားလွတ်မြောက်ရေး Blue Shirt Campaign အပြာရောင်လှုပ်ရှားမှုကို ဧပြီလ ၂၁ ရက် ဒီကနေ့မှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက နိုင်ငံတဝှမ်း စတင်လိုက်ပြီး ဖမ်းဆီးခံဆန္ဒပြပြည်သူအားလုံး လွတ်မြောက် ရေးအတွက် တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ Blue Shirt Campaign ကိုပြုလုပ်ခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ကိုဇေယျာလွင်က ဒီလှုပ်ရှားမှု ဟာ အစဉ်တစိုက်လုပ်လာခဲ့တဲ့ လှုပ်ရှားမှုဖြစ်ပေမယ့် အခုအချိန်မှာ စစ်အာဏာရှင်နဲ့ ပတ်သက်လို့ ပြည်သူ လူထုအားလုံးက ပါဝင်လုပ်ဆောင်လိုက်တဲ့ လှုပ်ရှားမှုဖြစ်တယ်လို့ ပြောပါတယ်။

“လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံးမှာ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေတဲ့ကာလပေါ့။ အခုဆို နှစ်လကျော်ပြီး သုံးလနီးပါးရောက်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် အခုအချိန်မှာ ဖမ်းထားတဲ့လူတွေက အများကြီးပဲ။ သေသွားတဲ့လူတွေကလည်း အများကြီးပဲ။ သူတို့အတွက် လွတ်မြောက်ရေးကို ကျွန်တော် တို့က ဒါကပုံစံတစ်မျိုးဖြစ်တယ်။ အဘဦးဝင်းတင် လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်မှုတွေထဲက အစဉ်အဆက် တောင်းဆိုခဲ့တဲ့ တောင်းဆိုမှုတစ်ခုပေါ့။ အခြားပုံစံတွေလည်းရှိဦးမယ်။ အဲလိုမျိုးတောင်းဆိုမှုအပြင်ကို ဆန့်ကျင်ပုန်ကန်မှု ခေါင်းစဉ်မျိုးကလည်းရှိနေဦးမယ်။ ရှိလည်းရှိခဲ့ပြီးပြီ။ ဆက်လည်းရှိနေဦးမယ်။ သေချာ တာက စစ်ကောင်စီနဲ့ အပေါင်းပါတစ်စုကို ကျွန်တော်တို့ တိုက်ထုတ်တဲ့နေရာမှာ ပြည်သူလူထုအားလုံးက လူငယ်ထုအားလုံးက တစ်စိုက်မတ်မတ်နဲ့ ရှေ့ကိုသွားနေကြတာပဲလို့ ပြောချင်တယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာတတီ ဦးဝင်းတင် ဟာ၊ စစ်အစိုးရကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တာမို့ ၁၉၈၉ ခုနှစ်မှာ အဖမ်းခံခဲ့ရပြီး၊ ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာမှ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

ဦးဝင်းတင်ဟာ နာမည်ဆိုးနဲ့ကျော်တဲ့ အင်းစိန်အကျဉ်းထောင်ထဲမှာ အနှစ် ၂၀ နီးပါး အကျဉ်းချခံခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ ထောင်က ပြန်လွတ်လာပေမယ့် သူ့လို မလွတ်မြောက်သေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုတဲ့အနေနဲ့ ထောင်တွင်း အကျဉ်းသားဝတ်စုံဖြစ်တဲ့ အပြာရောင် ရှပ်အင်္ကျီ တစ်မျိုးတည်းကိုသာ ၂၀၁၄ ဧပြီလ ၂၁ ရက်နေ့ သူကွယ်လွန်ချိန်အထိ ၆ နှစ်လုံးလုံး နေ့စဉ်ရက်ဆက် ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ဆရာကြီး ဦးဝင်းတင် စတင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အပြာရောင်ရှပ်အင်္ကျီ လှုပ်ရှားမှု Blue Shirt Campaign ကို နိုင်ငံတစ်ဝှမ်းရှိ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ဒီကနေ့ ဦးဝင်းတင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်ခဲ့ကြတာပါ။

စစ်ကိုင်းတိုင်း မုံရွာမြိုမှာတော့ မကြာသေးခင်ကမှ ဖမ်းဆီးခံလိုက်ရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် လွတ်မြောက်ရေး Blue Shirt Campaign လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြတယ်လို့ ဆန္ဒပြလူငယ်တစ်ဦးက ပြောပါတယ်။

“ဒီမုံရွာမှာတော့ ကျနော်သိသလောက်တော့ ဒီဝေမိုးနိုင် ကို အဓိကထားပြီးတော့ သူတို့ရဲ့လက်ဖဝါးတွေမှာ ရေးပြီးတော့ လှုပ်ရှားမှု လုပ်ကြတယ်ဗျ။ ကျနော်တို့ သပိတ်ကော်မတီအနေနဲ့ကတော့ မတရားဖမ်းဆီးခံ ထားရသူ အားလုံး လွတ်မြောက်ရေးအတွက် လှုပ်ရှားသွားမှာပါခင်ဗျ။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖမ်းဆီးခံထား ရသူတွေအားလုံး အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်သွားမယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ကျွန်တော်တို့လုပ်နေကျပုံစံအတိုင်းပဲ စာရင်းတွေကိုပြုစုတယ်။ ဖမ်းဆီးခံထားရတဲ့ သူတွေကို ဥပဒေအထောက်အကူဖြစ်စေမယ့် ဥပဒေအကူအညီပေးရေးကိစ္စတွေကို ကျွန်တော်တို့ဆောင် ရွက်တယ်။ ဖမ်းဆီးခံထားရတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ မှတ်တမ်းပြုစုတယ်။ နောက်ပြီး နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့ လူတွေအမြန်ဆုံးလွတ်မြောက်နိုင်ဖို့ တောက်လျှောက်ဆောင်ရွက် နေတယ်။ ဆက်ပြီးတော့လည်း ဒီလူတွေ လွတ်မြောက်ရေးအတွက် ရတဲ့နည်းနဲ့ ကျွန်တော်တို့ ကျရာ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်သွားဖို့လည်းရှိပါတယ်။ ဒီလူတွေ အမြန်ဆုံးလွတ်မြောက် လာဖို့ အတွက်ကို နည်းလမ်းပေါင်းစုံနဲ့ ကျွန်တော်တို့ ဆက်ပြီးဆောင်ရွက်သွားမှာပါ”

လက်ရှိ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ ဒီကနေ့ထိ ရက်ပေါင်း ၈၀ အတွင်းမှာ ဆန္ဒပြပြည်သူ ၃၃၀၀ ကျော် အဖမ်းခံထားရသလို လူပေါင်း ၁၀၀၀ ကျော် ဖမ်းဝရမ်းထုတ်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။