ရွေးကောက်ပွဲကျင်းပနိုင်ရေး တရုတ်ကူညီမယ်လို့ စစ်ကောင်စီပြော

RFA Burmese
2025.03.12
ရွေးကောက်ပွဲကျင်းပနိုင်ရေး တရုတ်ကူညီမယ်လို့ စစ်ကောင်စီပြော စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းတို့ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံစဉ်။
Myanmar Military

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းတို့ နေပြည်တော်မှာ မတ်လ ၁၁ ရက်နေ့က တွေ့ဆုံချိန် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တရုတ်နိုင်ငံက ပူးပေါင်းဆောင်ရွက်မဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေတဲ့အပေါ် တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ ပူးပေါင်းမှုဆောင်ရွက်မှုတွေ ပြုလုပ်မဲ့အကြောင်း ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ဖော်ပြပါတယ်။

တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအမှတ်ပြုလာအောင် နည်းပညာနဲ့ ငွေကြေးအကူအညီတွေပါ ပေးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ပထမတစ်ခုက အီလက်ထရောနစ် မဲပေးတဲ့စနစ်မှာ အကူအညီပေးတာရှိတယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေကို တရုတ်ရဲ့ မဲပေးစနစ် နည်းပညာတွေ ပြသပြီး ကူညီတာရှိတယ်။ နောက်တစ်ခုက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက တရုတ်က စစ်ကောင်စီကိုပေးတဲ့ ချေးငွေအကူအညီထဲမှာ စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် အတော်လေး ပြင်ဆင်နိုင်ခဲ့တယ်။ ပြီးတော့ စစ်ကောင်စီကို နိုင်ငံတကာ အသိအမှတ်ပြုခံရဖို့ ကူညီနေတာမျိူးရှိတယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ သဘောထားသိနိုင်ဖို့ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို ဒီနှစ်ကုန် ဒါမဟုတ် နောက်နှစ်ဆန်းမှာ အစောဆုံးကျင်းပမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၃ ရက်နေ့က ၉ ရက်နေ့အထိ တစ်ပတ်ကြာသွားရောက်ခဲ့တဲ့ ရုရှားနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံခရီးစဉ်မှာ ပြောခဲ့တာပါ။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတို့က ထောက်ခံပြီး ကိုယ်စားလှယ်တွေလွှတ်၊ စောင့်ကြည့်လေ့လာဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် နည်းပညာပိုင်း အကူအညီတောင်းခံမှုကို နိုင်ငံတကာအစိုးရတွေအနေနဲ့ ငြင်းပယ်သင့်တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေသူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အတိုက်အခံ အင်အားစုတွေကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကန့်ကွက်ထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမရှိဘဲ မပြေလည်နိုင်ကြောင်းနဲ့ စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။