အတိုင်ပင်ခံပုဂ္ဂိုလ်လာပြီး ငါးလအကြာ ကိုကိုးကျွန်းမှာ ၂၄ နာရီ လျှပ်စစ်မီးရ

သန့်ဇင်ဦး
2021.01.06
အတိုင်ပင်ခံပုဂ္ဂိုလ်လာပြီး ငါးလအကြာ ကိုကိုးကျွန်းမှာ ၂၄ နာရီ လျှပ်စစ်မီးရ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုကိုးကျွန်းမြို့နယ်ကို ၂၀၂၀ သြဂုတ်လအတွင်း သွားရောက်ခဲ့စဉ်
Myanmar State Counsellor office

အစိုးရဝန်ထမ်းတွေ အများစုနေထိုင်ပြီး လူဦးရေတစ်ထောင်ကျော်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ကစပြီး အစိုးရ ကပေးတဲ့ လျှပ်စစ်မီး ၂၄ နာရီ ရရှိနေပါပြီ။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးထားတဲ့ ကတိအတိုင်း မီးရလာပြီဖြစ်ပြီး ဝမ်းသာတယ်လို့ ကိုကိုးကျွန်းဒေသခံ ဦးဝင်းနိုင်က ပြောပါတယ်။

“ဟုတ်တယ်ခင်ဗျ၊ ၂၄ နာရီရပြီ။ အရင်က ည ၆ နာရီကနေ ၁၂ နာရီအထိပဲ မီးစက်နဲ့ ရခဲ့တာ၊ အခုကတော့ ဆိုလာနဲ့ ဖြစ်သွားပြီဆိုတော့ မီးကတော့ ၂၄ နာရီ ပေးထားတယ်၊ အဆင်တော့ ပြေတာပေါ့။ အရင်လို ထင်းတွေဘာတွေနဲ့ သုံးဖို့မလိုတော့ဘူး၊ လျှပ်စစ်ပေါင်းအိုးတွေ ဘာတွေနဲ့ သုံးရတော့ ပိုအဆင်ပြေတယ်။ လမ်းတွေဆိုလည်း ပါဝါမီးတွေနဲ့ဖြစ်သွားတော့ လင်းထိန်သွားတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် လာတုန်းက အကောင်အထည်ဖော်မယ် ဆိုတဲ့အထဲမှာ မီးရရှိမှုပါတယ်၊ အခုဆို GSM ဖုန်းလိုင်းပါ ရသွားပြီ”

ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုကိုးကျွန်းမြို့နယ်ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၆ ရက်နေ့မှာ သွားရောက်ခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူတွေ၊ ဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ လျှပ်စစ်မီးရရှိရေးကိုလည်း ထည့်သွင်းပြောခဲ့တာပါ။

လျှစ်စစ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုကိုးကျွန်းမြို့နယ်ဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်နယ်နဲ့ တိုင်းအားလုံးထဲမှာ မြို့ပြနဲ့ ကျေးလက်နေ ပြည်သူအားလုံး ၁၀၀ ရာခိုင်နှုန်း ၂၄ နာရီ မီးအပြည့်အဝသုံးနိုင်တဲ့ ပထမဆုံးမြို့နယ် ဖြစ်ပါတယ်။

ကိုကိုးကျွန်းမြို့နယ်က ဒေသခံတွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်အသီးသီးအတွက် USDP ပါတီကိုယ်စားလှယ်တွေကို မဲပေးရွေးချယ်ခဲ့ပါတယ်။

ကိုကိုးကျွန်းမြို့နယ် ပါဝင်တဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၈) မှာ တခြား မြို့နယ်တွေလည်း ပါဝင်တာမို့ အမျိုးသားလွှတ်တော်မှာ NLD က နိုင်ခဲ့ပြီး ကျန်တဲ့ တိုင်းလွှတ်တော် (၂) နေရာနဲ့ ပြည်သူ့လွှတ်တော် နေရာတွေအတွက်တော့ USDP ပါတီကပဲ ရွေးကောက်ပွဲ အောင်နိုင်ခဲ့တာပါ။

ကိုကိုးကျွန်းမှာ အရင်က ဒီဇယ်အင်ဂျင် မီးစက်ကြီးတွေနဲ့ပေးတဲ့ လျှပ်စစ်မီးကို တစ်ရက်ကို ၆ နာရီသာ ရခဲ့ပါတယ်။

ရန်ကုန်တိုင်း အစိုးရရဲ့ ဘဏ္ဍာရန်ပုံငွေနဲ့ (ဝ.၅ မဂ္ဂါဝပ်) နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှာ စတင် တည်ဆောက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ကျွန်းတစ်ကျွန်းလုံးကို စမ်းသပ်ပေးခဲ့ပြီး အခုလ ၃ ရက်နေ့မှာတော့ ၂၄ နာရီ ဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့ လျှစ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုကိုးကျွန်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးအောင်နိုင်ကလည်း မီးရရှိတာ ဟုတ်မှန်ကြောင်း ပြောပါတယ်။

“၂၄ နာရီမီးရတဲ့အတွက် အားလုံးအတွက် အစစအရာရာ ဆင်ပြေတာပေါ့။ မီးရပေမယ့်လည်း ကျွန်တော်တို့ဆီမှာ စီးပွားရေးလုပ်ငန်းတွေဘာတွေ ဘာမှ အဓိက သိပ်မရှိဘူးဗျ။ ဒါပေမဲ့ အရင်က ဒေသခံတွေ ထင်းနဲ့ ဆိုက်ရတော့ သစ်တောက ထင်းတွေဘာတွေ သုံးရတော့ လောလောဆယ် အဲဒီအကျိုးသက်ရောက်မှုကတော့ စရှိတာပေါ့”

ကိုကိုးကျွန်းမြို့နယ်ဟာ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ပါဝင်ပေမယ့် ရန်ကုန်မြို့ကနေ မိုင် ၂၆၀ ကျော် ကွာဝေးတဲ့ ပင်လယ်ပြင်ထဲမှာ ရှိတာကြောင့် သွားရေးလာရေး ခက်ခဲပြီး၊ ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိမှု အခက်အခဲတွေလည်း ရှိခဲ့ပါတယ်။

ဒါကြောင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ နောက်ကျနေတာ ဖြစ်ပါတယ်။

အခုလို မီးရဖို့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိတဲ့ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို မြန်မာနဲ့ ဂျပန်ကုမ္ပဏီတို့ ပူးပေါင်းပြီး ဂျပန်ကုမ္ပဏီရဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။