အကြမ်းဖက်ဖြိုခွင်းလို့ သေဆုံးသူတွေရှိပေမယ့် စစ်အာဏာရှင်ကို ဆက်လက်ဆန္ဒပြနေ

နေရိန်ကျော်(ဝါရှင်တန် ဒီစီ)
2021.03.01
ရန်ကုန်မြို့မှာ မနေ့က ဆန္ဒပြသူတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ကျည်အစစ်တွေသုံးပြီး အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် လေးဦး သေဆုံးခဲ့ပေမယ့် ပြည်သူတွေက ဒီနေ့ ဆက်လက်ဆန္ဒပြနေပါတယ်။ မြေနီကုန်းလမ်းဆုံက ဆန္ဒပြတဲ့နေရာမှာ ရဲတပ်ဖွဲ့က နေရာယူထားတာကြောင့် ဆန္ဒပြသူတွေက အဲဒီအနီးဝန်းကျင်က လမ်းတွေထဲမှာ ဝင်ရောက် ဆန္ဒပြကြပါတယ်။
 
ပဒုမ္မာလမ်းထဲမှာ ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်လူစုခွဲခဲ့ပြီး ဆန္ဒပြသူတွေ ချထားတဲ့ အတားအဆီးတွေကို မြေကော်စက်တွေနဲ့ ဖယ်ရှားခဲ့ပါတယ်။ အဲ့ဒီထဲက ဆန္ဒပြသူ တချို့ကိုလည်း ဖမ်းဆီးသွားပြီး အရေအတွက်ကိုတော့ မသိရသေးပါဘူး။
 
လှည်းတန်းလမ်းဆုံမှာလည်း ရဲတပ်ဖွဲ့က နေရာယူထားတာကြောင့် ဆန္ဒပြသူတွေဟာ အဲဒီ အနီး ပတ်ဝန်းကျင် မှာ ဆန္ဒပြနေကြပါတယ်။ အင်းစိန်လမ်းနဲ့ ရွာမကျောင်းလမ်းထိပ်က ဆန္ဒပြသူတွေကို ဒီနေ့မနက်ကနေ နေ့လည်ပိုင်းအထိ သေနတ်ပစ်ခတ်တာတွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ အသံဗုံးတွေသုံးပြီး အကြိမ်ကြိမ် ပစ်ခတ် လူစုခွဲခဲ့ပါတယ်။ ဆန္ဒပြသူတွေကတော့ လူစုမကွဲသွားဘဲ ရဲတပ်ဖွဲ့ဝင်တွေ ရှေ့တိုးလာရင် တခြားနေရာကို ပြောင်းရွှေ့ပြီး ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။ အလားတူ တခြားမြို့နယ်တွေမှာလည်း စစ်အာဏာရှင် ဆန္ဒပြသူတွေ လူစည်ကားရာနေရာတွေမှာ ဆက်ရှိနေပါတယ်။
 
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာလည်း ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မနေ့က အင်အားသုံးဖြိုခွင်း ဖမ်းဆီး ခဲ့တာကြောင့် ဆန္ဒပြသူတွေဟာ ဒီနေ့မှာတော့ လုံခြုံရေးအဖွဲ့တွေ မရှိတဲ့ နေရာတွေကို ရှောင်ပြီး ဆန္ဒပြနေပါတယ်။
 
တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ဒီနေ့မှာ တိုးမြှင့်နေရာယူထားပြီး အရင်ရက်တွေက ဆန္ဒပြသူတွေ စုဝေးတဲ့နေရာမှာ ပိတ်ဆို့ထားတဲ့အပြင် ဆန္ဒပြသူတွေကို မြို့တွင်းမှာ လှည့်လည်ဖမ်းဆီးနေပါတယ်။ လုံခြုံရေးအဖွဲ့တွေ အလွယ်တကူဝင်မလာနိုင်အောင် ဒီနေ့မနက်က အတားအဆီးတွေ လုပ်နေသူတွေထဲက နှစ်ဦး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။
 
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မှာ ဒီကနေ့ နေ့လယ်က ယုံဟော် အားကစားကွင်းအနီး ဆန္ဒပြနေတဲ့ လူငယ်တွေက လူစုခွဲကာနီးမှာ အရပ်ဝတ်ဝတ်ထားတဲ့ မသင်္ကာစရာ လူတစ်ဦးကို ဖမ်းဆီးသွားခဲ့ကြပါတယ်။ အဲဒီလူဟာ ရဲတပ်ကြပ် အဆင့်ရှိသူလို့သိရပြီး အရပ်ဝတ်နဲ့ လမ်းဆုံမှာရှိနေချိန် ဆန္ဒပြတာမှာ ပါဝင်သူတချို့က ကချင်ဘုရားကျောင်း နောက်ဖက်လမ်းကြားထဲကို ခေါ်သွားခဲ့တာပါ။
 
အဲဒီနောက်မှာ ရဲတပ်ဖွဲ့က ကချင်ဘုရားကျောင်းကို ဝင်ရောက်ရှာဖွေပြီး ဘုရားကျောင်းက အတွင်းရေးမှူး ဖြစ်သူ နော်မိုင်၊ ကချင်ဘုရားကျောင်း လူငယ်တာဝန်ခံ အပါအဝင် ဆယ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ မျက်မြင်တစ်ဦးက RFA ကို ပြောပါတယ်။
 
လမ်းအောက်က ဘုရားကျောင်းဝင်းထဲမှာလဲ တစ်ခန်းဝင် တစ်ခန်းထွက် ရှာဖွေခဲ့ကြပြီး လူသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ လားရှိုးမြို့မှာ ဒီကနေ့ မနက် ကိုးနာရီလောက်က ယုံဟော် အားကစားကွင်းနဲ့ မြို့မဈေးအနီးမှာ စစ်အာဏာရှင် အလိုမရှိကြောင်း လူငယ် နှစ်ရာလောက် ဆန္ဒပြ ကြပါတယ်။ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လူစုခွဲဖို့ပြောပြီး ရဲတပ်ဖွဲ့က အသံမိုင်းတွေနဲ့ ပစ်ခတ်ချီတက်ပြီး လူစုခွဲခဲ့ကြပါတယ်။ ဒီလို လူစုခွဲတာကြောင့် ပေးသောလက်ပရဟိတအဖွဲ့က ကိုမြင့်မော် အပါအဝင် နှစ်ဦး အနည်းငယ် ဒဏ်ရာရသွားပါတယ်။
 
လားရှိုးမြို့မှာ မနေ့ကနဲ့ ဒီကနေ့အထိ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ဗုံးတွေ အသံမိုင်းတွေနဲ့ ပစ်ခတ်လူစုခွဲခဲ့တာမှာ မနေ့က တစ်ရက်ထဲမှာ ရှစ်ဦးအဖမ်းခံရပြီး ဒီကနေ့မှာတော့ ဆယ်ဦးကျော် အဖမ်းခံထားရပါတယ်။
 
မနေ့က သေနတ်ထိမှန်သေဆုံးသူ တစ်ယောက်ရှိခဲ့တဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာတော့ ဒီနေ့ ဆန္ဒပြသူ အနည်းငယ်သာရှိပြီး ဒီနေ့နေ့လည်က ရွှေမြင်သီရိရပ်ကွက်က လူငယ်တချို့ စစ်အာဏာရှင် ကန့်ကွက် ဆန္ဒပြတဲ့ ပိုစတာတွေ ကိုင်ထားချိန်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ဝင်ရောက်ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ပေါင်မြို့နယ်တွေမှာ ဆန္ဒပြသူတွေမြို့တွင်းမှာ လှည့်လည်ခဲ့ပါတယ်။
 
ချင်းပြည်နယ်က မင်းတပ်၊ ကန်ပက်လက်နဲ့ ဟားခါးမြို့တွေမှာတော့ စစ်အာဏာရှင် ကန့်ကွက် ဆန္ဒပြသူ တွေဟာ ဒီနေ့မှာလည်း ဆက်လက်ဆန္ဒပြနေပါတယ်။ မနေ့ကတော့ ဖလန်းမြို့က ဆန္ဒပြသူ သုံးဦး ရဲတပ်ဖွဲ့က ဖမ်းဆီးတာခံလိုက်ရပြီး ဒီနေ့ နေ့လည်ပိုင်းအထိ ပြန်မလွတ်သေးပါဘူး။ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဟားခါးမြို့မှာ ဖမ်းဆီးခံရတဲ့ ဆန္ဒပြသူ သုံးဦးကတော့ မနေ့က ပြန်လွတ်လာပါတယ်။
 
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာတော့ ဆန္ဒပြသူ သုံးရာဝန်းကျင်က စာရင်းစစ်ချုပ်ရုံးရှေ့နဲ့ ဌာနဆိုင်ရာ တချို့ရှေ့မှာ ထိုင်သပိတ်လုပ် ဆန္ဒပြခဲ့ပါတယ်။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကတော့ မြန်မာ့စီးပွားရေးဘဏ်ရှေ့နဲ့ ပြည်နယ်အစိုးရရုံးရှေ့တွေမှာ နေရာယူထားပါတယ်။ ကယားပြည်နယ်က ဆန္ဒပြပွဲတွေမှာ ဦးဆောင်သူတွေရဲ့ အိမ်တွေကို ရဲတပ်ဖွဲ့က မနေ့ညမှာ သွားရောက်ရှာဖွေခဲ့ပေမယ့် ဆန္ဒပြပွဲ ဦးဆောင်သူတွေ နေအိမ်တွေမှာ မရှိတာကြောင့် ဖမ်းဆီးမခံလိုက်ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
 
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က လူငယ်တွေက ဆိုင်ကယ်အစီးတစ်ရာကျော်နဲ့ စစ်အာဏာရှင် ကျဆုံးရေး မြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ပါတယ်။ အဲဒီဆန္ဒပြ လူငယ်တွေကို ရဲတပ်ဖွဲ့က ဒီနေ့ လိုက်လံဖြိုခွဲ ဖမ်းဆီး ခဲ့ပါတယ်။ အဲဒီအချိန် ရဲဆိုင်ကယ်လာတာကို ကားနဲ့လမ်းပိတ်ပြီး တားပေးလိုက်တဲ့ ယာဉ်မောင်းကိုတော့ ဖမ်းဆီးသွားတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့လူငယ်တွေက ပြောပါတယ်။
 
စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မနေ့က ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းတာကြောင့် နှစ်ဦးသေဆုံးပြီး အပြင်းအထန် ဒဏ်ရာရသူ သုံးဦးရှိခဲ့တဲ့ ပဲခူးမြို့မှာလည်း ဆန္ဒပြသူတွေဟာ စစ်ကြောင်း နှစ်ခုခွဲပြီး မြို့တွင်းမှာ ဒီနေ့ ဆက်လက်ဆန္ဒပြခဲ့ပါတယ်။ ဒီနေ့ ဆန္ဒပြပွဲမှာတော့ ရဲတပ်ဖွဲ့က တားဆီးတာမရှိဘဲ ဆန္ဒပြပွဲကို ရပ်နား လိုက်ပါတယ်။
 
စစ်ကိုင်းတိုင်း ကလေးမြို့က ဒီနေ့ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့နဲ စစ်တပ်က မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲလို့ လူ ငါးယောက်လောက် ဒဏ်ရာရပြီး နှစ်ယောက်ကို ဖမ်းလိုက်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
 
ဆန္ဒပြမှာ လူပေါင်းသောင်းချီပါဝင်ခဲ့ပါတယ်။ အဲဒီ သပိတ်စစ်ကြောင်း ချီတက်လာချိန်မှာ ရဲတပ်ဖွဲနဲ့ စစ်တပ်က အင်အားငါးဆယ်ကျော်က ပိတ်ဆို့တားဆီးပြီး မျက်ရည်ယိုဗုံး နှစ်လုံးနဲ့ အသံဗုံး တစ်လုံးပစ်ခဲ့ပါတယ်။ ဒါပေမဲ့ အသံဗုံးက ပေါက်မသွားပါဘူး။ မျက်ရည် ယိုဗုံးကိုလဲ ကျောင်းသားတွေနဲ့ ပြည်သူတွေ ဝိုင်းငြိမ်းသတ် လိုက်ကြပါတယ်။ အဲဒီအချိန်မှာ ကျောင်းသား တစ်ယောက် တော်တော် ထိခိုက်သွားတယ်ပြောတယ်။
 
အဲဒီနောက် ဖမ်းဆီးထားတဲ့သူ နှစ်ယောက်ကို ပြန်လွတ်ပေးဖို့ ပြည်သူတွေက မြို့နယ်ရဲစခန်းမှာ ချီတက် တောင်းဆိုခဲ့ကြတဲ့အတွက် ပြန်လည်လွတ်လာပြီလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
 
မကွေးမြို့မှာ မနေ့က ဖေဖော်ဝါရီ ၂၈ ရက်နေ့ ဆန္ဒပြချိန်မှာ အဖမ်းခံခဲ့ရတဲ့ ငါးဆယ်ကျော်ထဲက ၁၉ ဦးကို ဒီနေ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
 
ပြန်လွှတ်တဲ့သူတွေကို မိဘတွေကို ခေါ်ယူအပ်နှံခဲ့ပြီး လက်မှတ် ရေးထိုးခဲ့ရတယ်လို့ ပြောပါတယ်။
 
သတင်းစကား‌တွေအရ ဖမ်းစီးခံထားရသူတွထဲက ၁၇ ဦးကို အမှုဖွင့် အရေးယူသွားမယ်လို့ ကြားသိရပမယ့် တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။
 
မကွေးတိုင်း ချောက်မြို့မှာလည်း စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူ နှစ်သောင်းဝန်းကျင်က ဒီနေ့မြို့တွင်းမှာ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။