CRPH ကို တိုင်းရင်းသားအဖွဲ့အစည်းတွေ လက်ခံ၊ တိကျတဲ့မူဝါဒချပြဖို့ လိုအပ်ကြောင်း ထောက်ပြ

ခင်ခင်အိ(ဝါရှင်တန် ဒီစီ)
2021.03.07

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ မူဝါဒရပ်တည်ချက်တွေကို ကြိုဆိုပေမယ့် ဒီထက်ပိုပြီး ရှင်းရှင်းလင်းလင်းချပြဖို့လိုတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

“CRPH က အခုလို ထုတ်လာတဲ့အပေါ် ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီထက်ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သား သား ပြောဖို့လိုပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာက တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်း ရေးကိစ္စမှာပဲဖြစ်ဖြစ် နိုင်ငံရေးကိစ္စမှာပဲဖြစ်ဖြစ် စကားလုံးအသုံးအနှုန်းတွေက အတော်လေး ငြင်းရတာ တွေရှိတယ်။ တချို့စကားလုံးတွေက နှစ်နဲ့ချီပြီး အငြင်းပွားတာတောင် အဖြေတစ်ခု မရဘူး။ အခုတော့ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီ ဖက်ဒရယ်ကနေ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းကို သုံးလာတဲ့အတွက် တိုင်းရင်းသားအနေနဲ့ ဒါကိုကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီးတော့ ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောဖို့လိုတယ်“

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်လာရေး ဆိုတဲ့ CRPH ရဲ့ နိုင်ငံရေးရည်မှန်းချက် ၄ ရပ်ကို မတ်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကလည်း တိုင်းရင်းသားတွေ ပူးပေါင်းလာဖို့ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို CRPH က ဖျက်သိမ်းကြောင်း ကြေညာဖို့လိုတယ်လို့ SNLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးစိုင်းလိတ်က ပြောပါတယ်။

“CRPH က အခုလို ကြေညာလိုက်တော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံရေးရည်မှန်းချက်လို့ပဲ ပြောတာကိုး။ တကယ်တမ်းမျှော်မှန်းထားတာက CRPH အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံက မရှိတော့ဘူး။ ဖျက်သိမ်းလိုက်ပြီ။ ၂၀၀၈ ကို အပြီးတိုင်ချုပ်ငြိမ်းပြီလို့ သူတို့က သတ်မှတ်ကြေညာရမှာ။ အဲဒါမှသာလျှင် ကျန်တဲ့တိုင်းရင်းသား အင်အားစုတွေနဲ့ လက်တွဲပြီးတော့မှ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကို ပိုမိုအရှိန်ကောင်းစွာနဲ့ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ဒီအချိန်မှာ အားလုံးက အာဏာရှင်စနစ်ပပျောက်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကိုပဲ ဦးတည်ပြီး လုပ်နေရတဲ့ အနေအထားလို့ ခံယူထားတယ်။ အကုန်လုံးက အာဏာရှင်ဖျက်သိမ်းရေးကို ဦးတည်လုပ်ဆောင်နေချိန်မှာ အင်အားစုအကုန်လုံးက တက်ညီလက်ညီနဲ့ စုစည်းလုပ်ဆောင်မှ ရည်မှန်းချက် ပန်းတိုင်ကိုရောက်နိုင်မယ်။ ဒီအတွက် ကျွန်တော်တို့ စွန့်လွှတ်သင့်တာကို စွန့်လွှတ်ရမယ်။ တချိန်တည်းမှာ ရည်မှန်းချက် မပျောက်အောင် သွေးခွဲမခံကြဖို့ လိုအပ်တယ်“

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာတွေ၊ တိုင်းရင်းသားဒေသတွေမှာ ကျူးလွန် ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လက်နက်မဲ့ အရပ်သားပြည်သူလူထုအပေါ် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ဖျက်ဆီးမှုအားလုံးရဲ့ လက်သည်တရားခံဟာ စစ်တပ်က နိုင်ငံကို ဗိုလ်ကျစိုးမိုးလိုမှုနဲ့ ဒီအလိုဆန္ဒတွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ကာကွယ်ထားမှုတို့ကြောင့်လို့ CRPH က ထုတ်ပြန်ချက်တွေထဲမှာ ဖော်ပြထားပါတယ်။

အရေးကြီးတဲ့ခေါင်းဆောင်တွေ မစုစည်းနိုင်သေးတဲ့အခြေအနေမှာ ဖွဲ့စည်းပုံမူကြမ်းတစ်ရပ်ကို CRPH က ဖော် ထုတ်ထားနိုင်ရင် နိုင်ငံတကာက အသိအမှတ်ပြုမယ့် အခြေအနေတစ်ခု ရလာလိမ့်မယ်လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“နိုင်ငံတော်တစ်ရပ်အနေနဲ့ အသိအမှတ်ပြုမှုကလည်း နိုင်ငံတကာက ရှိနေတယ်။ သို့သော် နိုင်ငံအစိုးရ တရပ် အနေနဲ့ဖွဲ့စည်းပုံမရှိဘဲနဲ့တော့ ရပ်တည်လို့မရဘူး။ ဖွဲ့စည်းပုံရှိဖို့အတွက် လိုအပ်တဲ့အခါကျတော့ ၂၀၀၈ ဖွဲ့စည်းပုံကိုဖျက်လိုက်ပြီဆိုရင် ကျွန်တော်တို့မှာ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး အသစ်ရေး ဆွဲခွင့်ရ သွားတာပေါ့။ ဒါပေမဲ့ အခုကခက်နေတာ အရေးကြီးတဲ့ ခေါင်းဆောင်တွေ မစုစည်းနိုင်သေးတဲ့ အခြေ အနေဖြစ်နေတော့ လောလောဆယ်တော့ မူကြမ်းသဘောအနေနဲ့ ဘယ်လမ်းကြောင်းသွားမယ်ဆိုတာကို ဖော်ပြတဲ့ ဖွဲ့စည်းပုံ မူကြမ်းတစ်ရပ်ကတော့ CRPH အနေနဲ့ ဖော်ထုတ်သင့်တယ်လို့ ယုံကြည်ပါတယ်။ အဲဒါမှ နိုင်ငံတစ်နိုင်ငံ အစိုးရတစ်ရပ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ခုရဲ့ ပီသတဲ့ တောင့်တင်းခိုင်မာတဲ့ အစိုးရတစ်ရပ်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုမယ့် အခြေအနေတစ်ခု ရလာမှာပါ။ ဒါကြောင့် ကျွန်တော်တို့ ထောက်ခံပါတယ်”

CRPH အနေနဲ့ ဖက်ဒရယ်အခြေခံမူတွေကို လက်ခံကျင့်သုံးမှု၊ ဒီမိုကရေစီမူတွေကို လက်ခံကျင့်သုံးမှု ဆိုပြီး အများပါဝင်နိုင်တဲ့ အခြေခံမူတွေကို လောလောဆယ် ယေဘုယျလမ်းကြောင်းလောက်ကို အတည်ပြုပေး နိုင်ဖို့လိုတယ်လို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီနောက် NLD ပါတီက အနိုင်ရ ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။

CRPH က ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ သံတမန် ဒေါက်တာဆာဆာနဲ့ KNU ခေါင်းဆောင်တို့ လက်ရှိ နိုင်ငံ့အကျပ်အတည်းတွေကို မတ်လ ၅ ရက်နေ့က ဆွေးနွေးခဲ့ပါတယ်။

တိုင်းရင်းသားတွေ လက်ခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဦးတည်ပြီးသွားမယ်လို့ ဆိုတဲ့အတွက် ကြိုဆိုလက်ခံတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“သူတို့ရဲ့ လုပ်ဆောင်ချက်ကတော့ ဘယ်နည်းနဲ့ လုပ်မလဲ ဆိုတာတော့ အတိအကျ မသိရသေးဘူး။ ချပြတာတော့ မရှိဘူး။ အားလုံးကတော့ ဒါကို ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံတစ်ရပ် ပေါ်ပေါက်ရေးအတွက် လက်ခံထားပြီးသားဖြစ်တဲအတွက် ကျွန်တော်တို့ လက်ခံပါတယ်။ CRPH အတွက်ကလည်း မူလပြဌာန်းထားတဲ့ သဘောထားအတိုင်းပဲ ဖြစ်မယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ NLD ကရွေးကောက်ပွဲ ကတိကဝတ်မှာလည်း ပြောထားပြီးသားဖြစ်တယ်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံတစ်ရပ်ပေါ်ပေါက်လာဖို့အတွက် တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေးတွေ၊ ကိုယ်ပိုင်ပြဌာန်း ခွင့် အခွင့်အရေးတွေအတွက် အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံတစ်ရပ် ပေါ်ပေါက်လာဖို့အတွက်ကတော့ ဒါက အဓိကပါပဲ”

ခုလိုတွေ့ဆုံပြီးတဲ့နောက် စစ်အာဏာရှင်စနစ်ကို နိုင်ငံတကာနဲ့ပေါင်းပြီး အမြစ်ပြတ် သုတ်သင်ရှင်းလင်း သွားမယ်ဆိုပြီး KNU တပ်မဟာ (၅) အဖွဲ့က မတ်လ ၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

တအာင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA ကိုတော့ ခုချိန်ထိဆက်သွယ်လာတာ မရှိသေးဘူးလို့ TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

“ကျွန်တော်တို့ဘက်မှာတော့ ကမ်းလှမ်းလာတာမျိုး မရှိသေးဘူး။ လောလောဆယ် အထက်ကလည်း ဘာမှပြောပြထားတာမျိုး မရှိသေးဘူး။ ဒါကြောင့် ဒီအပေါ်မှာ ဘာမှပြောဖို့ မရှိသေးဘူး“

CRPH ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ ဒီအပေါ်မှာ ပြောပိုင်ခွင့်မရှိကြောင်း၊ အထူးတာဝန်ပေးထားတဲ့ အတွင်းရေးမှူး ဦးလနန်ကို မေးမြန်းကြည့်ဖို့သာ ပြောခဲ့ပြီး RFA က ဦးလနန်ကို ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အလားတူပဲ မတ်လ ၆ ရက်နေ့ မနေ့ကလည်း ချင်းအမျိုးသားတပ်ဦးက ခေါင်းဆောင်တွေနဲ့ ဒေါက်တာ ဆာဆာ တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ဒေါက်တာ ဆာဆာရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ရှမ်းပြည်တပ်မတော် RCSS အဖွဲ့နဲ့ တွေ့ဆုံဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ ဆန္ဒမဲပေးခဲ့ကြတဲ့ မဲရလဒ်နဲ့အညီ ပေါ်ပေါက်လာမယ့် အမျိုးသား ညီညွတ်ရေး အစိုးရသစ်တစ်ရပ်ကို မကြာခင် ဖွဲ့စည်းသွားမှာဖြစ်ပြီး တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေ ပါဝင်လာအောင် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ပြောပါတယ်။

လက်ရှိမှာတော့ CRPH မှာ ခေတ္တပြည်ထောင်စုဝန်ကြီးတွေ ခန့်အပ်ထားသလို အာဏာသိမ်းစစ်ကောင်စီ ကိုလည်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။