အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းကြောင်း CRPH ကြေညာ

2021.04.16

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ ဒီကနေ့မှာ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၁၁ ခု ပါဝင်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနေရာမှာ ဆက်လက်ခန့်အပ်ထားပြီး၊ သမ္မတ ဦးဝင်းမြင့် ကိုလည်း သမ္မတရာထူးနေရာမှာ ဆက်လက်ခန့်အပ်ထားတာဖြစ်ပါတယ်။

ဒုသမ္မတနေရာမှာတော့ ကချင်တိုင်းရင်းသား ဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ကို ကရင်တိုင်းရင်းသား ဦးမန်းဝင်းခိုင်သန်းကို ခန့်အပ်ထားပါတယ်။

ဒီအစိုးရအဖွဲ့ကို နိုင်ငံတကာက အသိအမှတ်ပြုအောင်ရော ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ပါ ဆက်လက် ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးလွင်ကိုကိုလတ်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ကနေ အာဏာသိမ်းစစ်အစိုးရကို ပြန်လည်တိုက်ထုတ်နိုင်ဖို့ ပြည်သူ့ ကာကွယ်ရေး တပ်မတော်တစ်ရပ် ဖွဲ့စည်းဖို့ ပြင်ဆင်နေပြီလို့လည်း ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း ဒီအစိုးရဖွဲ့စည်းခြင်းကို ကြိုဆိုလိုက်ပါတယ်။

ဒီနေ့ ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ထဲမှာ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး၊ ကာကွယ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာ၊ ဘဏ္ဍာရေး၊ ဘေးအန္တရာယ် စီမံခန့် ခွဲရေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်အရေးစတဲ့ ဝန်ကြီးဌာန ၁၁ ခု ပါဝင်ပါတယ်။

အစိုးရအဖွဲ့ထဲမှာ ဒေါက်တာ ဝင်းမြတ်အေး၊ ဒေါက်တာ ဇော်ဝေစိုး၊ ဒေါက်တာ ဆာဆာ တို့လည်းပါဝင်ပြီး၊ ဒေါက်တာ လျန်မှုန်းဆာခေါင်၊ ဒေါက်တာ တူးခေါင်၊ နော်ဇူဇန်နာ လှလှစိုးတို့လို တိုင်းရင်းသားကိုယ်စားပြုတွေ လည်း ပါဝင်ပါတယ်။ ဒီကနေ့ ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ထဲမှာ ဒုတိယ ဝန်ကြီး ၁၂ ဦးကိုလည်း ခန့်အပ် ထားပြီး တိုင်းရင်းသားလူငယ်တွေနဲ့ နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူတွေလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-04-16 06:37

Cheers NUG, We love NUG