အင်ဒိုနီးရှားနဲ့ မြန်မာ စစ်ကောင်စီတို့ ထိုင်းမှာ တွေ့ဆုံဖို့ စီစဥ်

ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021.02.24

ဖေဖော်ဝါရီ ၂၅ ရက်မှာ မြန်မာနိုင်ငံကိုလာရောက်ပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ရဲ့ မြန်မာခရီးစဉ်ကို ဖျက်သိမ်းလိုက်ပေမယ့် ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ တွေ့ဆုံဆွေးနွေးနိုင်ဖို့ စီစဉ်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ တခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တိုက်တွန်းမှုကြောင့် လတ်တ လောမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ မသင့်တော်သေးတာကြောင့် ဖျက်သိမ်းလိုက်တာလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောထားပါတယ်။

"အခြားအာဆီယံနိုင်ငံတွေရဲ့ အားဖြည့်ပေးမှုနဲ့ လက်ရှိလုပ်ဆောင်နေပြီဖြစ်တဲ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားလိုက်တဲ့အခါမှာ လောလောဆယ်က မြန်မာနိုင်ငံကို လာရောက်ဖို့ အကောင်းဆုံးအချိန် မဟုတ်သေးဘူး" လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Teuku Faizasyah က ပြောခဲ့တာပါ။

နိုင်ငံတော်အာဏာကို သိမ်းယူထားတဲ့ မြန်မာစစ်တပ်နဲ့ လာရောက်တွေ့ဆုံတာဟာ စစ်အာဏာသိမ်းမှုကို အသိအမှတ်ပြုရာရောက်တယ်ဆိုပြီး မြန်မာပြည်သူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေချိန်မှာ အခုလို ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာခရီးစဉ်ကို ဖျက်သိမ်းလိုက်ပေမယ့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

စစ်ကောင်စီကခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ ဦးဝဏ္ဏမောင်လွင်ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေက လမ်းမတွေပေါ်  ဆန္ဒထွက်ပြနေတဲ့အတွက် အာဆီယံနိုင်ငံတွေက သံတမန်ရေးရာ ညှိနှိုင်းပြောဆိုဖို့ ကြိုးပမ်းဆောင်ရွက်မှုမှာ ပါဝင်ဖို့အတွက် ရောက်လာတာဖြစ်တယ်လို့ ထိုင်းနိုင်ငံက သတင်းရင်းမြစ်တချို့ကို ကိုးကားပြီး ရိုက်တာက ဖော်ပြထားပါတယ်။

အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူလူထုတွေရဲ့ ဆန္ဒသဘောထားကို အတတ်နိုင်ဆုံး ထပ်တူကျနိုင်မယ့် ချဉ်းကပ်မှုတွေကို ဦးစားပေးဆောင်ရွက်ဖို့လိုတယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

"အာဆီယံအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူလူထုအများစုရဲ့ ဆန္ဒသဘောထားကို အတတ်နိုင်ဆုံး ထပ်တူကျနိုင်မယ့် ချဉ်းကပ်မှုမျိုး ထိတွေ့ဆက်ဆံမှုမျိုးကို ဦးစား ပေးပြီး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထိတွေ့ဆက်ဆံမှုဟာ အင်မတန်အရေးကြီးတယ်လို့ သုံးသပ်လို့ရပါတယ်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလာဒ်ဟာ မြန်မာပြည်သူလူထု အများစုရဲ့ ဆန္ဒသဘောထားကို ထင်ဟင်တဲ့ ရလဒ်ဆိုတာ ဖုံးကွယ်လို့မရဘူး။ ငြင်းပယ်လို့ မရဘူးလို့ မြင်ပါတယ်။"

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲပြန်ကျင်းပဖို့ အစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံက ထောက်ခံပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကိုလည်း တွန်းအားပေးနေတဲ့အကြောင်း ရိုက်တာသတင်းဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းရေးသားဖော်ပြခဲ့တဲ့နောက် မနေ့ကစပြီး ရန်ကုန်မြို့က အင်ဒိုနီးရှားသံရုံးရှေ့မှာ မြန်မာပြည်သူတွေက ၂၀၂၀ ရွေးကောက်ပွဲမဲရလဒ်ကို လေးစားဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ အာဏာသိမ်း စစ်အုပ်စုနဲ့ သံတမန်နည်းအရ ဆက်ဆံတာကို မလိုချင်လို့ ဆန္ဒလာပြတာလို့ အင်ဒိုနီးရှားသံရုံးရှေ့မှာ ဆန္ဒပြနေသူ တစ်ဦးက ဆိုပါတယ်။

"အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကနေပြီးတော့ ညီမတို့ဆီလာမယ်လို့ပြောတယ်။ ဒါက ညီမတို့ရွေးချယ် ထားတဲ့ အစိုးရနဲ့ပဲ သူတို့က သံတမန်အရ ဆက်ဆံသင့်တယ်လို့ပဲထင်တယ်။ မဟုတ်ဘဲနဲ့ အခုလက်ရှိ အာဏာသိမ်းစစ်အုပ်စုနဲ့လာပြီးတော့ သံတမန်နည်းအရ ဆက်သွယ်တာကို ညီမတို့ မလိုချင်ဘူး။ ဒါကြောင့် ရှေ့မှာလာပြီးတော့ ဆန္ဒပြကြတာပါ။ ညီမအထင်တော့ သူတို့ကအခုလက်ရှိက စစ်အာဏာသိမ်းအုပ်စုကို ထောက်ခံနေတဲ့ပုံစံမျိုးတွေ့ရတယ်။ အဲဒါကြောင့် ဒီမှာ ဆန္ဒလာပြတယ်။"

မနေ့ကတော့ ဆန္ဒပြသူတွေကို အင်ဒိုနီးရှားသံရုံး ပြောရေးဆိုခွင့်ရှိသူက ထွက်တွေ့ခဲ့ပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အလေးထားကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို နားလည်မှုလွဲမှားခြင်းသာ ဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။

၁၉၈၈ နောက်ပိုင်းမှာ အာဆီယံနိုင်ငံတွေက စစ်အစိုးရကို ရပ်တည်ပေးခဲ့တဲ့သာဓကတွေရှိခဲ့ဖူးပေမယ့် လက်ရှိမှာတော့ အခြေအနေချင်း မတူတော့တာကို အာဆီယံနိုင်ငံတွေ နားလည်ဖို့ လိုတယ်လို့ ရွေးကောက်ပွဲနဲ့ လွှတ်တော် စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင် OMI က ဦးအေးကျော်က ပြော ပါတယ်။

"၁၉၈၈ တုန်းက စစ်တပ်က အာဏာသိမ်းတယ်။ ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်ဆိုတာက ဖြစ်သင့် ဖြစ်ထိုက်တဲ့ လမ်းကြောင်းတစ်ခုလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဒီနေ့ ဒီချိန်မှာက ဒါက ဖြစ်သင့်ဖြစ်ထိုက် တဲ့လမ်းကြောင်း မဟုတ်တော့ဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်တို့မှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်က ရှိနေတယ်။ အဲဒီရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖော်ပေးဖို့ပဲ လိုတယ်။ ဒီလိုမှမဟုတ်ရင် စစ်တပ်က ရွေးကောက်ပွဲလုပ်ပေးမယ်။ ရလဒ်ကို မကျေနပ်ရင် အာဏာသိမ်းမယ်။ အသစ်ပြန်လုပ်မယ် ဆိုတဲ့ သံသရာကြီးထဲမှာ လည်ပြီးသွားလိမ့်မယ်ဆိုတာကို အာဆီယံနိုင်ငံတွေအနေနဲ့ သတိပြုသင့်တယ်။"

တပ်မတော်က တိုင်းပြည်ကို တစ်နှစ်အုပ်ချုပ်ပြီး ရွေးကောက်ပွဲအသစ် ပြန်ကျင်းပပေးကာ အနိုင်ရတဲ့ပါတီကို တိုင်းပြည်အာဏာ လွှဲပြောင်းပေးမယ်လို့ ပြောထားပြီး စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင် UEC က နိုင်ငံရေးပါတီတွေနဲ့ ဖေဖော်ဝါရီ ၂၆ ရက်မှာ တွေ့ဆုံဖို့ ဖိတ်ကြားထားပါတယ်။ ဒီတွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ပြည်သူ့ပါတီနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့ တက်ရောက်မှာမဟုတ်ဘူးလို့ ပါတီတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေးကတော့ လက်နက် အားကိုးပြီး အာဏာသိမ်းထားတဲ့ဖြစ်စဉ်ကို အသေအချာလေ့လာဖို့လိုပြီး အားပေးထောက်ခံတာမျိုး မလုပ်သင့် ဘူးလို့ ဆိုပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲမှာ လိုအပ်ချက်တွေ တစ်စုံတစ်ရာရှိခဲ့နိုင်တယ်။ ဒါကတော့ သေချာတယ်။ သို့သော် လည်း ဒါတွေက တခြားနည်းလမ်းနဲ့ ဖြေရှင်းရမှာဖြစ်တယ်။ ဒီလိုမျိုးအာဏာသိမ်းပြီး အာဏာလုပြီးတော့ ဖြေရှင်းတာကတော့ နည်းလမ်းမဟုတ်ဘူးလို့ ယူဆတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုက တစ်ခဲနက် မဲပေးရွေးချယ်ခဲ့တဲ့ကိစ္စကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် ဖျက်လိုဖျက်ဆီးလုပ်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ သူတို့က ထပ်ပြီးတော့ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတဲ့ကိစ္စကို တခြားနိုင်ငံတွေက ထောက်ခံတယ် မထောက်ခံဘူးဆိုတာက သူတို့ရဲ့ အပိုင်းပဲဖြစ်တယ်။ ဒါပေမဲ့ ကျွန်မအမြင်ပြောရရင်တော့ တကယ်တမ်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တကယ်တမ်းလေးစားလိုက်နာတဲ့ အသိအမှတ်ပြုတဲ့ နိုင်ငံတွေဆိုရင်တော့ ဒီလိုမျိုး လက်ရှိအခင်းအကျင်းတွေကို သေသေချာချာလေ့လာပြီးတော့ အာဏာ သိမ်းတဲ့ကိစ္စတွေကို အားပေးထောက်ခံတာမျိုး မလုပ်သင့်ဘူးလို့ ပြောချင်တယ်။"

အာဏာသိမ်းပြီးတက်လာတဲ့ အစိုးရတစ်ရပ်အနေနဲ့ သူ့ရဲ့အုပ်ချုပ်ရေးကဏ္ဍကိုခိုင်မြဲအောင်၊ သူတို့ရဲ့အာဏာ ကို အသိမှတ်ပြုတယ်ဆိုတဲ့ သဘောမျိုးရအောင် လုပ်တာကြောင့် ဒါကိုနိုင်ငံရေးပါတီတွေအနေနဲ့ သတိပြု ဆင်ခြင်သင့်တယ်လို့ ဦးအေးကျော်က ထောက်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဥရောပ စတဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေနဲ့ အတူတကွ ရပ်တည်ပြီး စစ်အစိုးရကို ထောက်ခံတယ်ဆိုတဲ့ အာဆီယံနိုင်ငံတွေကို ဖိအားပေးဖို့လိုတယ်လို့ နိုင်ငံရေးလေ့လာသူတွေက တိုက်တွန်းနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Nay Thwe
2021-02-24 08:35

This is the silliness in diplomacy standard to hold clandestine meeting with coup makers at problematic time. And it looks lime bypassing UN resolution all security members had agreed. Besides, Chaiman of the ASEAN, Bunei has alrady announced that ASEAN will follow UN resolution. Can't imagine what intention the Indonesian has and rushed at chaotic moment.

Anonymous
2021-02-24 19:59

We do not accept the road map of military coup.
We won't trust anymore whatever they issuing the statement.