တပ်နဲ့ KNU တိုက်ပွဲကြောင့် ကရင်ဒေသခံ လေးထောင်ကျော် ထွက်ပြေးနေရ

ကျော်လွင်ဦး
2021.01.13

ပြာသိုလဆန်း ၁ ရက်နေ့ဟာ ကရင်တိုင်းရင်သားတွေအတွက် ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေမယ့် KNU နဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်တာကြောင့် ဒီနှစ်ပတ်အတွင်း ကရင်တိုင်းရင်းသား ၄ ထောင်ကျော် ဒီလဆန်းကစပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကရင်နှစ်သစ်ကူးမတိုင်ခင် ဇန်နဝါရီ ၁၁ ရက်နေ့က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ KNU တပ်မဟာ ၃ နဲ့ တပ်မတော်ကြား ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၅၀၀ ကျော် ၆၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတာပါ။

KNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်နဲ့ တပ်မဟာ ၁ သထုံခရိုင်မှာလည်း ၂၀၂၀ ဒီဇင်ဘာ လဆန်းပိုင်းကစပြီး တပ်မတော်နဲ့ စစ်ရေးတင်းမာပြီး မကြာခဏ တိုက်ပွဲဖြစ်နေပါတယ်။

ဒီလိုတိုက်ပွဲတွေကြောင့် ကရင်တိုင်းရင်းသား လေးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ကရင်လူငယ်ကွန်ရက် အတွင်းရေးမှူး အဖွဲ့ဝင် စောကျော်လင်းဦးက ပြောပါတယ်။

“ထွက်ပြီးတော့ရှောင်ရတာ သထုံခရိုင်ရယ်၊ ဖာပွန်ခရိုင်ရယ်၊ ညောင်လေးပင်ခရိုင်ရယ် နေရာသုံးခုမှာ ပစ်တာခတ်တာတွေဖြစ်တယ်၊ ဒေသခံ ကရင်လူထုတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်၊ ကျောက်ကြီးဘက်မှာတော့ ၆၀၀ ဝန်းကျင်ရှိတယ်၊ ဖာပွန်ဘက်မှာတော့ သုံးထောင်ကျော်ရှိတယ်ပေါ့နော်၊ သထုံဘက်မှာတော့ ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးဘူးဗျ”

နှစ်ဖက်ပစ်ခတ်မှုတွေကြားထဲမှာ ဒေသခံတွေက စိုးရိမ်ကြောက်လန့်နေရတယ်လို့ ဖာပွန်ခရိုင်မှာ တပ်မတော်နဲ့ KNU ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အဓိကတော့ စားဝတ်နေရေးပေ့ါ၊ အလုပ်အကိုင် အဲဒါလိုနေတာပေါ့၊ အခြေအနေမကောင်းရင် အလုပ်အကိုင်တွေပျက်၊ အိုးပစ်အိမ်ပစ်ဆိုတော့ အကူအညီမရှိတော့ အဲဒါတွေ စိုးရိမ်တယ်၊ နောက်တခုက ကိုယ်ရဲ့လုံခြုံရေးပေါ့၊ အခြေအနေမကောင်းရင် ပစ်ကျခတ်ကျဆိုရင် ကိုယ်လည်းထိမှာပဲလေ အဲဒါတွေစိုးရိမ်တယ်”

ဖာပွန်ခရိုင်နဲ့ ညောင်လေးပင်ခရိုင်မှာ တပ်မတော်စခန်းတွေ ထပ်တိုးချဲ့နေတာကြောင့် ဒေသခံတွေ နေ့စဉ်ဘဝမှာ စိတ်ချလုံခြုံမှုမရှိတဲ့အပြင် လက်ရှိတိုက်ပွဲတွေလည်း ဖြစ်နေတာကြောင့် ဒီတပ်စခန်းတွေကို ဖယ်ပေးဖို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။

KNU ကလည်း တိုက်ပွဲတွေဖြစ်တာ၊ စစ်ရေးတင်းမာတာတွေဟာ တပ်မတော်ဘက်က NCA အပစ်ရပ်စာချုပ်ပါ အချက်တွေကို ချိုးဖောက်ပြီး တပ်စခန်းတွေ တိုးချဲ့ဆောက်လုပ်တာ၊ စစ်ရေးလှုပ်ရှားတာတွေကြောင့် ဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပြီး တပ်မတော်ကလည်း KNU က သယံဇာတ ခိုးယူတူးဖော်တာတွေကြောင့် တိုက်ပွဲဖြစ်တာလို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။

တပ်မတော်နဲ့ KNU ဟာ တစ်ဖက်နဲ့ တစ်ဖက် အလျှော့အတင်းမရှိတာကြောင့် အခုလို မပြေလည်သေးတာလို့ နိုင်ငံရေးစစ်ရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“တပ်ကလည်း သူတို့ရဲ့ စခန်းဟောင်းနေရာတွေကို ပြန်တည်ဆောက်ချင်တယ်၊ သေနင်္ဂဗျူဟာအရ သူ့အတွက် လုံခြုံမှုရှိစေဖို့အတွက် ပြန်တည်ဆောက်ဖို့လိုတယ်ဆိုတဲ့ အမြင်ရှိတယ်၊ KNU ကလည်း သူ့နယ်မြေထဲမှာ တိုးချဲ့ဆောက်လုပ်တာဟာ လမ်းတွေဖောက်တာဟာ သူ့လုံခြုံရေးအတွက် ထိခိုက်တယ်ဆိုပြီး အငြင်းပွားနေတာ၊ အဲကိစ္စမှာ ကျနော့်အမြင်ကတော့ နှစ်ဖက်လုံးက အလျှော့အတင်း မလုပ်ကြဘူး၊ တွေ့ဆုံဆွေးနွေးပွဲလုပ်တာလည်း သုံးလေးကြိမ်လောက်ရှိပြီ ဘာမှသိပ်ပြီး မပြီးပြတ်ဘူး”

ဒီလိုတိုက်ပွဲတွေဖြစ်တာဟာ NCA ပါ နယ်မြေသတ်မှတ်ချက်တွေကို အပြန်အလှန် လေးစားလိုက်နာမှု မရှိတာ၊ စောင့်ကြည်နေတဲ့ ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ အလုပ်ကလည်း ပီပီပြင်ပြင် မရှိတာကြောင့် နှစ်ဖက်ပစ်ခတ်မှုတွေဟာ ရှိနိုင်တယ်လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

နယ်မြေသတ်မှတ်တာတွေ တိတိကျကျ မလုပ်နိုင်သေးတာကလည်း တပ်မတော်နဲ့ RCSS၊ TNLA နဲ့ RCSS တို့ တိုက်ပွဲဖြစ်နေတဲ့ အကြောင်းရင်းတွေထဲမှာ ပါတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ မဖြစ်ရေး တပ်မတော်နဲ့ ဆွေးနွေးဖို့ KNU က ကမ်းလှမ်းထားပေမယ့် တပ်ဘက်က ဘာမှအကြောင်းမပြန်ဘူးလို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ဇန်နဝါရီ ၈ ရက်နေ့မှာ ပြောထားပါတယ်။

“နိုဝင်ဘာလ ၂၂ နေ့လောက်က စာတစ်စောင်ရေးလိုက်တာပေါ့၊ ကျနော်တို့ နှစ်ဖက်တပ်တွေဖို့လိုတယ်၊ ဒါပေမဲ့ လောလောဆယ် ကိုဗစ်ကာလမို့ ကျနော်တို့ ဘယ်လိုပုံစံမျိုးတွေ့ကြမလဲ၊ တွေ့ရင်လည်း ဘယ်အချက်တွေ ဆွေးနွေးမလည်းဆိုတာ ကြိုတင်ပို့ထားပါတယ်၊ ဘာသံမှ ကျနော်တို့ မကြားဘူး”

တပ်မတော်က နှစ်ဖက်တွေ့ဆုံရေးကို လျစ်လျူရှုပြီး စစ်ရေးလှုပ်ရှားတာ၊ အင်အားတိုးချဲ့တာတွေကြောင့် KNU အောက်ခြေတပ်တွေက ပြန်လည်ခုခံတဲ့အခါ တိုက်ပွဲတွေဖြစ်နေတာလို့လည်း ပဒိုစောတာဒိုမှူးက စွပ်စွဲထားပါတယ်။

အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွေအပေါ် ယုံကြည်မှုကျဆင်းလာတာနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းပြင်းထန်ထန်ပြန်မဖြစ်အောင် အပစ်အခတ်ရပ်စဲရေးစာချုပ်ပါ ပြဌာန်းချက်ကိုအခြေခံတဲ့ နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းအဖြေရှာဖို့လည်း ကရင်အမျိုးသားအစည်းအရုံး KNU က တိုက်တွန်းထားပါတယ်။

KNU ဘက်က တွေ့ဆုံဖို့ကမ်းလှမ်းချက်ကို တပ်မတော်ဘက်က အကြောင်းမပြန်ဘူးဆိုတာနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တိတိကျကျဖြေကြားတာမရှိပါဘူး။

လက်ရှိဖြစ်နေတဲ့ကိစ္စဟာ ထိပ်ပိုင်းခေါင်းဆောင်တွေ ရှင်းရမယ့်ပြဿနာဖြစ်ပြီး တပ်ရဲ့သဘောထားကို KNU ဗဟိုဆီ စာပို့ထားတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“တပ်မတော်အနေနဲ့က တွေ့ဆုံဆွေးနွေးမယ့်ဟာကို အောက်ခြေချင်းအထိ တွေ့ဆုံဆွေးနွေးဖို့၊ အောက်ခြေအဆင့် တွေ့ဆုံဆွေးနွေးမှုဆိုတာက တိုင်းစစ်ဌာနချုပ်အဆင့်မှာ ရှိကောင်းရှိလိမ့်မယ်၊ အဲခုလက်ရှိဖြစ်ပျက်နေတဲ့ဟာကို ဖြေရှင်းဖို့သည် လူကြီးချင်းတွေပြီးမှ ပြဿနာမျိုးဖြစ်တယ်၊ ဒါကြောင့်မို့လို့လည်း ကျနော်တို့အနေနဲ့က ကျနော်တို့ သဘောထားကို KNU ဗဟိုကို စာပို့ထားပြီးဖြစ်တယ်”

ဒီကရင်နှစ်သစ်ကူးနေ့မှာပဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သဝဏ်လွှာတွေ ပေးပို့ကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ၂၀၃၀ ပြည်နှစ်မှာ ကရင်ပြည်နယ်ဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရပြီး ခရီးသွားလုပ်ငန်းရဲ့ ဗဟိုချက်တစ်ခု၊ ခေတ်မီနယ်စပ်ကုန်သွယ်ရေးဇုန်၊ အထူးစိုက်ပျိုးရေးဇုန်၊ အထူးစက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်ကြီးတွေ ဖြစ်နေတာကို သူ့အနေနဲ့ မြင်လိုကြောင်း ကရင်နှစ်သစ်ကူးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောထားပါတယ်။

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ကတိပြုလိုက်တာကြောင့် ပဋိပက္ခတွေကြောင့် မရရှိခဲ့တဲ့ အခွင့်အလမ်းတွေ ပိုရှိလာတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်ဟာ နယ်စပ်ကုန်သွယ်ရေးအချက်ကျတဲ့ ဒေသတစ်ခုဖြစ်သလို သဘာဝအလှ တရားတွေရှိလို့ ခရီးသွားလုပ်ငန်းအတွက် နေရာကောင်းဖြစ်တဲ့အပြင် အာဆီယံ အရှေ့အနောက် စီးပွားရေးစင်္ကြံပေါ်မှာရှိတာကြောင့် ကဏ္ဍစုံ တိုးတက်မှု အလားအလာကောင်းတွေ စုစည်းနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လက်ရှိ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ဆောင်ရွက်ချက်တွေဟာ မျိုးဆက်သစ်လူငယ်တွေ အပေါ်ထားတဲ့ စေတနာမေတ္တာနဲ့ မျှော်မှန်းချက်ဖြစ်ပြီး အဲဒါကို လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ ထင်ထင်ရှားရှား တွေ့မြင်ရမယ်လို့လည်း ပြောထားပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အရေးကိစ္စကို ပြောဆိုတာမရှိဘဲ ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ရောင်ခြည်တွေ လက်တွေ့သိရှိခံစားနေရပြီဖြစ်တာကြောင့် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခွင့်အလမ်းကောင်းတွေ ရရှိနေပြီလို့ ဒီနေ့ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောထားပါတယ်။ ငြိမ်းချမ်းရေးရလဒ်ကောင်းတွေ ပိုတိုးတက်လာအောင် ဖော်ဆောင်ဖို့ဟာ ကရင်တိုင်းရင်းသားတွေမှာ တာဝန်ရှိကြောင်းလည်း ပြောထားပါတယ်။

လက်ရှိမှာတော့ KNU နဲ့ တပ်မတော်ကြားမှာ လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာ နယ်ကျော်စစ်ရေးလှုပ်ရှားတာ၊ ဒရုန်းနဲ့ စုံစမ်းထောက်လှမ်းတာ စတာတွေကို တပ်ဘက်က ကျူးလွန်နေတယ်ဆိုပြီး KNU က စွပ်စွဲသလို တပ်ဘက်ကလည်း KNU ဘက်က နယ်မြေကျော်စစ်ရေးလှုပ်ရှားပြီး ချောင်းမြောင်းပစ်ခတ်တာ မိုင်းဆွဲတိုက်ခိုက်တယ်ဆိုပြီး အပြန်အလှန်စွပ်စွဲနေကြဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။