ကရင်ဒုက္ခသည်တွေအတွက် အကူအညီတွေ ထိုင်းက ပေးခွင့်ပြု

လုဆိုင်း(ထိုင်းနိုင်ငံ)
2021.04.05

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံ ရွာသူရွာသား တသောင်းကျော်ဟာ ထိုင်းမြန်မာနယ်စပ် ဖာပွန်ခရိုင်က သံလွင်မြစ်ကမ်းနံဘေးမှာ သောင်တင်နေကြတာ ဆယ်ရက်လောက်ကြာလာနေပါပြီ။ သူတို့အတွက် လိုအပ်တဲ့ အရေးပေါ် အကူအညီတွေကို ထိုင်းနိုင်ငံရောက် ကရင်အဖွဲ့အစည်းတွေက ပေးဖို့ကြိုးစားခဲ့ပေမယ့် ထိုင်းအာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။

ထိုင်းမြန်မာနယ်စပ် သံလွင့်မြစ်ကမ်းနံဘေး မဲစရင်းယန်းဒေသမှာ ၂ရက်ကြာ သောင်တင်ခဲ့တဲ့ ကရင်စစ်ပြေးဒုက္ခသည်တွေအတွက် ကူညီလှူဒါန်းမယ့် စားနပ်ရိက္ခာတွေကို ဧပြီလ ၅ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေဘက်က သယ်ဆောင်ခွင့်ပြုလိုက်ပါပြီ။

ကရင်ဒုက္ခသည်တွေအတွက် ပို့ဆောင်မယ့် ထောက်ပံ့ပစ္စည်းတွေကို ထိုင်းအာဏာပိုင်တွေဘက်က လုံခြုံရေးအရေ စိုးရိမ်မှုတွေကြောင့် ဖြတ်သန်းခွင့် မပြုခဲ့ရာကနေ ထိုင်းလူမှုအဖွဲ့အစည်းတွေနဲ့ ပြန်လည် ညှိနှိုင်းခဲ့လို့ နယ်မြေခံ ထိုင်းအာဏာပိုင်တွေက ဖြတ်သန်းခွင့် ပြုခဲ့တယ်လို့ KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောပါတယ်။

“ဒီနေ့တော့ ကမ်းနားကနေ သယ်လို့ရပြီပေါ့နော်။ အကုန်လုံးပေါ့။ မဲ့စမ်လက် ဂိတ်မှာ တစ် နေတဲ့ အကုန်လုံး ပို့နိုင်ပြီ။ အီထူးထ ဒုက္ခသည်စခန်းအထိ အားလုံးသယ်လို့ရပြီ။ ထိုင်းစစ်တပ်က လုံခြုံရေးအရ စိုးရိမ်ချက်တွေ ရှိတယ်။ ဘယ်လိုလမ်းကြောင်းနဲ့ ပို့ရင်ကောင်းမလဲ။ တကယ်လို့ပိုရင် ဘယ်လို နောက်ဆက်တွဲတွေ ဖြစ်လာနိုင်မလဲဆိုတဲ့ အခြေခံ စဉ်းစားချက်အရ ထိုင်းစစ်တပ်ဘက်က ခွင့်မပြုသေးဘူးပေါ့နော်။ လုံခြုံရေး အကြောင်းပြပြီးတော့ သို့သော်လည်းဘဲ ထိုင်းမှာရှိတဲ့ စစ်လှေတွေ လာပို့မယ် ဆိုရင်တော့ ကျနော်တို့ အီထူးထ ဒုက္ခသည်စခန်းထိပဲ လာပါ။ ကျန်တဲ့အပိုင်းကတော့ ကျနော်တို့ တခြားလှေငယ်လေးတွေနဲ့ပဲ။ လိုအပ်သလို ကြည့်ပြီးတော့ ပို့ဆောင်မယ်ဆိုတဲ့ ဖာပွန်မှာပဲ ညှိနှိုင်းလို့ အဆင်ပြေသွားတယ်ပေါ့”

နောက်ပိုင်းမှာလည်း ကရင်အဖွဲ့အစည်း(KTG)၊ ထိုင်းကြက်ခြေနီအသင်းနဲ့ ထိုင်းဒေသခံအာဏာပိုင်တွေက နယ်စပ်ဂိတ်ကနေ ကရင်ဒုက္ခသည်တွေအတွက် ရိက္ခာတွေ ပို့နိုင်မှာ ဖြစ်တယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖာပွန်မြို့နယ်က ကျေးရွာအနီးအနားမှာ ပုန်းရှောင်နေသူတွေကတော့ တိုက်ပွဲတွေ ငြိမ်သွားတဲ့အချိန် နေအိမ်တွေမှာ ပစ္စည်းတွေ သွားယူလို့ရပေမယ့် သံလွင်မြစ်ကမ်းနံဘေးမှာ ရောက်လာတဲ့ ဒုက္ခသည်တွေအတွက်တော့ အစားအသောက်၊ မိုးကာတွေ လိုအပ်နေတယ်လို့ ပဒို မန်းမန်းက ပြောပါတယ်။

“အဓိကတော့ မိုးတွင်းမှာ ရွာဘေးမှာဘဲ ပုန်းရှောင်တဲ့ သူတို့တွေကတော့ သူတို့ နီးစပ်ရာ မိုးရွာတဲ့အခါကျတော့ လေယာဉ်ဗုံးကြဲတာ ငြိမ်လာတဲ့အချိန် လိုအပ်တဲ့ပစ္စည်းတွေ ပြန်ယူလို့ရတဲ့ သဘောရှိတာပေါ့။ သူတို့အတွက်ကတော့ စားနပ်ရိက္ခာ သွားလိုက်ပြန်လိုက်။ ကမ်းနားဘက်မှာ ရှိတဲ့လူတွေထက်စာရင်တော့ အဆင်ပြေတာပေါ့နော်။ ကမ်းနားဘက်မှာ .ပြေးလာတာက အဝေးကနေ ပြေးလာတယ်ဆိုတော့ ပစ္စည်းတွေ ရိက္ခာတွေ မပါလာဘူး။ နောက် မိုးလည်း ရွာလာတဲ့အခါကြတော့ အိမ်ပြန်လို့လည်းမရ....”

ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO)က ဗဟိုကော်မတီအဖွဲ့ဝင် နော်ဆဲဆဲကလည်း ကရင် စစ်ပြေးဒုက္ခသည်တွေအတွက် အဓိက အစားအသောက်အပြင် မိုးကာ၊ သောက်သုံးရေနဲ့ အမျိုးသမီး အသုံးအဆောင်တွေ အရေးတကြီး လိုအပ်နေတယ်လို့ ပြောပါတယ်။

“စားနပ်ရိက္ခာက အဝတ်အစားထက် တခြားသော အထူးသဖြင့် အမျိုးသမီးတွေအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ၊ မိခင်တွေအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ၊ပြီးလို့ရှိရင် ဆေးဝါးတွေ၊ သူတို့အတွက် နေဖို့ထိုင်ဖို့ အမိုးတွေ အဓိကတော့၊ စားနပ်ရိက္ခာနဲ့ သောက်သုံးရေပေါ့။ ဘာလို့လည်းဆိုတော့ သူတို့ သောက်ရတဲ့ရေက မကောင်းလို့ ဝမ်းလျောတဲ့ ဟာတွေလည်း ရှိတယ်လို့ ကျမတို့ သတင်းကြားတယ်။ မလောက်သေးဘူး။ နှစ်သောင်းလောက် နီးပါးရှိတဲ့ အိုင်ဒီဘီတွေအတွက် ကျမတို့က ပံ့ပိုးရမှာဖြစ်တယ်”

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့က ကရင်စစ်ဘေးဒုက္ခသည်တွေအတွက် ထိုင်းကရင်အဖွဲ့ (KTG)နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက လှူဒါန်းတဲ့ ပစ္စည်းတွေ ကားအစီး ၂၀ ကျော် ထိုင်းနယ်စပ်မှာ ရောက်ရှိခဲ့ပေမယ့် ထိုင်းစစ်တပ်ဘက်က ခွင့်မပြုခဲ့လို့ ထိုင်းမြန်မာနယ်စပ် မဲစရင်းယန်းမြို့နယ် မဲစလက်ရွာမှာ သောင်တင်နေခဲ့တာ ဖြစ်ပါတယ်။

သံလွင်မြစ်ကမ်းနံဘေး တလျှောက်မှာ လောလောဆယ် ကရင်စစ်ပြေးဒုက္ခသည် ၇၀၀၀ လောက်ရှိပြီး တောတောင်တွေမှာ ခိုလှုံနေသူတွေ အပါအဝင် တ သောင်းကျော်လောက်ရှိတယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

KNU ရဲ့ တပ်မဟာ ၅ နယ်မြေထဲမှာ အခုဧပြီလအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ တိုက်ခိုက်တာ မရှိပေမယ့် မြေပြင်တိုက်ပွဲတွေတော့ ရှိနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။