ကျောက်ကြီးမြို့နယ်မှာ စစ်ပြေးဒုက္ခသည် တစ်ထောင်လောက် စားနပ်ရိက္ခာ ခက်ခဲနေ

စောညွန့်သောင်း
2021.01.22

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲက တပ်မတော်နဲ့ KNU တပ်တွေ စစ်ရေးတင်းမာနေတဲ့ နေရာ စစ်ပြေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ အသုံးပစ္စည်းတွေ သွားပို့ပေးဖို့ အခက်အခဲတွေ ရှိနေပါတယ်။

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ တပ်မတော်နဲ့ KNLA တပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်နေလို့ ဒေသခံ တစ်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ KNU ထိန်းချုပ်နယ်မြေထဲက ရွာပေါင်း ခြောက်ရွာက အရပ်သားတွေ ထွက်ပြေး တိမ်းရှောင်နေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“လူထုတွေ စစ်ရှောင်တွေ ရောက်ရှိတဲ့နေရာတွေက နှစ်ဖက်တပ် တွေ့ဆုံမှုမှမရှိရင် ဘယ်သူတွေက သွားရဲမလဲ။ လူထုတွေကတော့ သွားလို့အဆင်မပြေသေးဘူးလေ။ စစ်ရှောင်က အားလုံးဆိုရင်တော့ ဒီ KNU တပ်မဟာ ၃ ထဲမှာဆိုရင်တော့ ၈၅၀ ကနေ ၁၀၀၀ ကြားမှာရှိသွားပြီး။ လောလောဆယ် ပြေးရတာက ငါးရွာ ခြောက်ရွာလောက် ပြေးနေရပြီးလေ”

ကျောက်ကြီးမြို့နယ်ထဲက ထူးခါး၊ ခိုးပူ၊ ဆော်မီလူ၊ ခဲကော်ခူ၊ ခဲဒဲ စတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် ဇန်နဝါရီလ ၅ ရက်နေ့ကတည်းက ထွက်ပြေးရတာ ဖြစ်ပါတယ်။ သူတို့ဟာ ကျောက်ကြီးမြို့အရှေ့ဘက် မိုင် ၃၀ လောက်ဝေးတဲ့နေရာမှာ ခိုအောင်းနေရလို့ အစားအသောက်၊ ဆေးဝါးနဲ့ မရှိမဖြစ် အသုံးအဆောင်တွေ လိုအပ်နေပါတယ်။ ဒါကြောင့် ကရင်အရပ်ဖက် အဖွဲ့တွေကကူညီဖို့ သူတို့ရှိတဲ့နေရာဆီ သွားချင်ပေမယ့် လမ်းခရီး မလုံခြုံတဲ့အတွက် အခက်တွေ့နေရတယ်လို့ ကရင်လူမှုရေးအဖွဲ့က စောစိပယ်တယ်က ပြောပါတယ်။

“ခေါင်းဆောင်တွေ နှစ်ဦးနှစ်ဖက် မတွေ့ဆုံဘဲနဲ့ ကျနော်တို့က သွားရောက်ကူညီဖို့ မရဲဘူးပေါ့။ နှစ်ဖက် တွေ့ဆုံမှပဲ ကျနော်တို့သွားရဲမယ်လေ။ နှစ်ဖက်တွေ့ဆုံပြီးသွားရင် ဥပမာ အစိုးရဘက်ကလည်း သူ့တပ်တွေကိုထိန်း ဒီဘက်ကလည်းထိန်းပေါ့။ မဟုတ်ရင် ကျနော်တို့ မသွားရဲဘူးအဲလမ်းက”

အစားအစာ၊ ဆေးဝါး၊ အနွေးထည်တွေနဲ့စောင်၊ တာလပတ်တွေက အဓိက လိုအပ်တယ်လို့ ကရင်လူငယ်ကွန်ရက်(KYN) အဖွဲ့က စောကျော်လင်းဦးက ပြောပါတယ်။

“အခု နောက်ဆုံးအခြေအနေအရ စစ်ရှောင်ဦးရေက တစ်ထောင်နီးပါး ရှိလာပြီပေါ့နော်။ သူတို့တွေအတွက် ကျနော်တို့ သိရတာက လိုအပ်တာတော့ အခြေခံ စားသောက်တဲ့ အစားအစာတွေ ဆေးဝါးတို့ အခု ရာသီဥတုမှာ အနွေးထည်တို့ စောင်တို့ အဲလိုမျိုးတွေပေါ့နော်။ ပြီးတော့ အမိုးအကာတွေလုပ်ဖို့ တာလပတ်တို့ မိုးကာတို့ ဒါလေးတွေ လတ်တလော လိုအပ်နေပါတယ်။ ဒါတွေက ကျနော်ဘက်က သိရတဲ့ ဟာတွေပေ့ါနော်”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က ပဲခူးတိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပွယ်စေးက စစ်ဘေးဒုက္ခသည်တွေအတွက် အစားအသောက်၊ ဆေးဝါးပစ္စည်းတွေ စောင်နဲ့ အနွေးထည်တွေကို ကျောက်ကြီးမြို့နယ်မှာရှိတဲ့ KNU ဆက်ဆံရေးရုံးမှာ ကရင်လူမှုရေးအဖွဲ့ကို ပေးအပ်ခဲ့ပါတယ်။ ဝန်ကြီး နော်ပွယ်စေးကို RFA က ဆက်သွယ်တဲ့အခါ အစိုးရအစည်းအဝး တက်နေတဲ့အတွက် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

လက်ရှိမှာ အလှူရှင်တွေဆီကရထားတဲ့ ထောက်ပံ့ပစ္စည်းတွေ စစ်ဘေးဒုက္ခသည်တွေဆီ ရောက်ဖို့ အခက်ခဲရှိနေပါတယ်။

နှစ်ဖက်တပ်တွေ ဖယ်ရှားပေးဖို့နဲ့ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြဖို့ လိုတယ်လို့ KNU ကျောက်ကြီးမြို့နယ် အတွင်းရေးမှူး စောဆာဝါးက RFA ပြောပါတယ်။

“ပစ္စည်းတွေကများရင် ထမ်းသွားလို့တော့ မရတော့ဘူးလေ။ သွားလာဖို့ အခက်ခဲတွေရှိရင် နှစ်ဖက် တပ်တွေ အဲနေရာမှာ မနေကြနဲ့ပေါ့။ မနေဖို့အတွက် ဆွေးနွေးကြပေါ့ ကျနော်က အဲလိုပဲ နားလည်တယ်။ နှစ်ပေါင်းများစွာဖြစ်လာတဲ့ စစ်ရေးပဋိက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတာ NCA စာချုပ်ထိုးခဲ့ကြတာပဲ။ နှစ်ဖက်ခေါင်းဆောင် ထိပ်ပိုင်း ခေါင်းဆောင်တွေက လက်မှတ်ထိုးခဲ့ကြတာပဲ။ အဲဒီတော့ အဲနည်းနဲ့ပဲ ဖြေရှင်းကြရမှာပေါ့။ အခြားနည်းတော့ ကျနော်မသိဘူး။ ဒါကကျနော်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ပါ”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဒီကနေ့ ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဲဒီဒေသမှာ တပ်မတော်ဘက်က လမ်းဖောက်ဖို့ KNU နဲ့ သဘောတူချက်မရပဲ တင်းမာနေတာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးရှိနေပါပြီ။ ဒီရက်ပိုင်းအတွင်း KNU ထိန်းချုပ်နယ်မြေတွေဖြစ်ကြတဲ့ တပ်မဟာ (၅)၊ တပ်မဟာ ၃ နယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံ လေးထောင်နီးပါး ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေ ရပ်တန့်ပေးဖို့အတွက် ပြည်တွင်းအရပ်ဖက် လူမှုအဖွဲ့အစည်း ၁၇၂ ဖွဲ့တို့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ဇန်နဝါရီလ ၂၀ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။