ရွာတွေအနီးက တပ်တွေ ဖယ်ပေးဖို့ ကျောက်မဲ စစ်ဘေးဒုက္ခသည်တွေ တောင်းဆို

ကံသာ
2021.01.21

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲကြောင့် ရွာ ခုနစ်ရွာက စစ်ဘေးဒုက္ခသည် တစ်ထောင် ကျော် ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရတာ တစ်လနီးပါးကြာနေပါပြီ။

စစ်ဘေးဒုက္ခသည်တွေက သူတို့တွေရဲ့ကျေးရွာတွေကို ပြန်ချင်နေတာကြောင့် ကျေးရွာတွေအနီးမှာ တပ်စွဲ ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဖယ်ပေးစေချင်တယ်လို့ ပြောကြပါတယ်။

“သေနတ်လည်း မကြောက်ဘူး၊ အပေါက်နဲ့တူးပြီးမှာ အထဲမှာ ရင်ဘတ်လောက်ဖြစ်တယ်နော် ခေါင်းငုံ့ပြီး နေလိုက် မကြောက်ဘူး၊ မိုင်းကြောက်တယ်၊ မိုင်းကမကွဲလည်း ခေါင်းကွဲမယ်၊ ကြောက်တယ် အဲဒါပဲ အဲဒါကြောင့် ပြေးလာတယ်။ ကျွန်တော်တို့ကျောင်းနား တိုက်ပွဲဖြစ်တယ်၊ ကျွန်တော်တို့ ကျောင်းနားဒီဘက် ရှိတယ်၊ ကျောင်းနားပစ်တယ်။ ပလောင် စစ်သားလည်း တက်လာတယ်၊ ရှမ်းစစ်သားလည်းချ ပလုံး ပလုံးတဲ့ ကြောက်တယ်လေ တစ်ခါမှမကြုံဖူးဘူး”

ဒါကတော့ ပန်လော့ရွာက ရပ်မိရပ်ဖ ပေါ်နေစာက သူရွာမှာ ကြုံရတဲ့အခြေအနေကို ပြောပြသွားတာပါ။

ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုအတွင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ပိုင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲတွေကြောင့် လွယ်အံကျေးရွာအုပ်စုထဲက လွယ်အံ၊ ခုံငင်း၊ ကောင်းခါး၊ ကုန်းသား၊ ပန်မခမ်း၊ ပန်လော့၊ မန်စပ် စတဲ့ကျေးရွာ ခုနစ်ရွာက ရွာသား တစ်ထောင်ကျော်ဟာ ကျောက်မဲမြို့ကို ပရဟတိအဖွဲ့တွေ အကူအညီနဲ့ ထွက်ပြေးလာကြတာပါ။

ကျေးရွာမှာရှိတဲ့အလုပ်တွေကို စွန့်လွှတ်ပြီး ထွက်ပြေးခဲ့ကြရတာကြောင့် နေရပ်ပြန်ချင်တယ်လို့ အောင်မင်္ဂလာ ကျောင်းမှာ ခိုလှုံနေရတဲ့ မန်စပ်ရွာသူ ဒေါ်အေးဟိန်းက ပြောပါတယ်။

"ရွာမပြန်ရရင်တော့ ကျွန်မတော့ ဘယ်လိုလဲမသိဘူး၊ ထမင်းငတ်မှာလား ဘယ်လိုလဲမသိဘူး၊ အိမ်လဲ မရှိဘူး၊ ဝိုင်းလဲမရှိဘူး အဲလိုဖြစ်နေတာလေ၊ အခုပိုက်ဆံလဲမရှိဘူး၊ ရွာမှာပြန်လို့ ဆီတွေဆန်တွေ အကုန် စားလိုက်ရင် ကျွန်မတို့ စားစရာဘာမှ မရှိတော့ဘူး၊ ရွာမှာအိမ်တော့ရှိတယ်၊ အခုပေါင်းရမ်းရမှာ ထင်းခုတ် ရမှာ အဲဟာကျန်တာ၊ တောင်ပေါ်ဆိုတော့ ပေါင်းမရမ်းရင် လက်ဖက်မပေါဘူးလေ အဲလို၊ ပေါင်းရမ်းရမှ လက်ဖက်ပေါရမှ စားစရာတွေရှိရမှာ၊ လက်ဖက်မခူးရရင် ဘာမှစားစရာမရှိတော့ဘူး၊တောင်ယာတွေ ဘာတွေမ ခုတ်ရရင် ပိုဆိုးသေးတယ်”

ကျောက်မဲမြို့နယ် ပန်လော့ရွာက အသက်ခြောက်ဆယ်အရွယ် ဦးပေါ်နေစာက သူတို့ရွာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမရှိမှ နေရပ်ပြန်ရဲမှာဖြစ်လို့ လက်နက်ကိုင်အဖွဲ့တွေ ရွာအနီးကနေ ဖယ်ရှားဖို့ တောင်းဆိုပါတယ်။

“အခုမှာတိုက်ပွဲဖြစ်တယ် ကြောက်တယ်နော်၊ အခုမှာ ရှမ်းရှိတာလဲကြောက်တယ်၊ ပလောင်ရှိတာလဲ ကြောက်တယ်။ပလောင်ရှိလဲ ရှမ်းရွာပြင်ရှိလဲ မိုင်းချမယ် ကြောက်တယ်၊ ငြိမ်မယ် ပြန်မယ်၊ ရှမ်းမရှိ ပလောင် မရှိလဲပြန်မယ်။ ကျွဲ၊ နွား၊ မြင်း၊ လက်ဖက်အစို၊ ဆန်၊ စပါး ဒီအတိုင်းပဲ ပြေးတယ်၊ ဘာမှမရဘူး၊ အဝတ်တစ်ထည်ပဲရတယ်၊ ကျောက်မဲ လူလာလှူတာပဲရတယ်၊ အဝတ်မရှိဘူး၊ စောင်လဲမရှိ မရလာဘူး”

ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေအများစုဖြစ်ပါတယ်။ ကျောက်မဲမြို့ပေါ်က ဝါဆိုကျောင်းမှာ လူဦးရေ နှစ်ရာကျော်ရှိပြီး လွယ်အံရွာက အများဆုံးဖြစ်ပါတယ်။

ဝါဆိုကျောင်းအနီးက မန်ကောင်းမူး စာသင်ကျောင်းမှာ လူဦးရေ ၃၆၀ ကျော်ရှိပြီး ပန်လော့ရွာသားတွေ အဓိကခိုလှုံနေတာပါ။ အောင်မင်္ဂလာကျောင်းမှာ မန်စပ်၊ ခုံငင်းကောင်းခါးရွာတွေက လူဦးရေ ၃၀၀ ကျော်ကို လက်ခံထားပါတယ်။ သံန္ဒိသုခကျောင်းမှာ နှစ်ရာဝန်ကျင်ရှိပြီး ပန်မခမ်းရွာသားတွေကို နေရာချထားတာပါ။

ဒုက္ခသည်စခန်းတွေမှာ အခင်းတွေလိုအပ်နေသလို အောင်မင်္ဂလာကျောင်းမှာတော့ ရေအခက်အခဲရှိနေတယ် လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ အိမ်သာအတွက်ကိုတော့ ဒုက္ခသည်ကူညီရေး ကော်မတီက ဆောင်ရွက် ပေးထားပါတယ်။

ရွာသားတွေကို ကူညီပေးနေတဲ့ ကျောက်မဲ အိုတမဝ်လူမှုကူညီရေးအသင်းက မိုင်းအဘမ်းက ရွာသားတွေ နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေကို အခုလိုပြောပါတယ်။

"အဘိုးအဘွားတွေကတော့ သူတို့ကြောက်နေတာ ဘယ်လက်နက်ကိုင်ပဲဖြစ်ဖြစ် ရွာထဲရှိရင်ကို သူတို့ ကြောက်နေတာ၊ လက်နက်ကိုင်တစ်ဖွဲ့ရှိရင် တခြားတစ်ဖွဲ့က လာပစ်နိုင်တယ်၊ အဲကျရင် သူတို့ပြန်ပြေးဖို့ က မလွယ်တော့ဘူး၊ ထပ်ပြေးဖို့လည်း အဆင်မပြေသလောက်ဖြစ်မှာ၊ ဖြစ်ချင်တော့ အခုပြေးလာတဲ့ အထဲမှာ အသက်ကြီးပိုင်တွေ တော်တော်များတယ်၊ အဘိုအဘွားတွေ ခြောက်ဆယ်ခုနှစ်ဆယ်တွေများ တယ်၊ ကလေးသူငယ်တွေလည်း အရမ်းများနေတော့လေ၊ သူတို့ကပြန်ပြီး ပြန်ရောက်လာရင် မတော်လို့ တိုက်ပွဲပြန်ဖြစ်လာရင် သူတို့ပြန်ပြေးဖို့တော့ အတော်လေးခဲရင်းလာတယ်၊ အဲတော့ သူတို့ကမပြန်သေးပဲ နေနေလိုက်တာ။ ဒီလက်နက်ကိုင်တွေကြောင့် ပြည်သူလူထုတွေ ထိခိုက်နစ်နာရတယ်၊ ထွက်ပြေးရတယ် အိုးအိမ်တွေပစ်ရတယ်။ အကောင်းဆုံးကတော့ ဒီလက်နက်ကိုင်တွေကို ကျွန်တော် ပန်ကြားချင်တာ ကတော့ ဒီလက်နက်နဲ့ မဖြေရှင်းဘဲနဲ့လေ၊ လက်နက်နဲ့ဖြေရှင်းပြီးမှာ ကျွန်တော်တို့ နှစ်ပေါင်းခြောက်ဆယ် ကျော်၊ နှစ်ပေါင်းခုနှစ်ဆယ်ရှိပြီ၊ ဒီလက်နက်နဲ့ဖြေရှင်းတာ ခုထိကို အဖြေမထွက်နိုင်ဘူး၊ ဒါကိုကြည့်ချင်း အားဖြင့် ကျွန်တော်တို့လက်နက်နဲ့ ဖြေရှင်းပြီးတော့ ရမယ့်အရာမျိုးလို့တော့ မမြင်ဘူး၊ အကောင်းဆုံး ကတော့ ကျွန်တော်ဖြစ်စေချင်တာ ကျွန်တော်တို့ အရပ်သားလူထုတွေလည်း မထိခိုက်အောင် နိုင်ငံရေး စကားဝိုင်းပေါ်မှာ တွေ့ဆုံပြီးတော့ ကျွန်တော်တို့ ဘာလုပ်သင့်လုပ်ထိုက်လဲ ဆိုတာလေးပဲ ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်။"

ကျောက်မဲမြို့နယ် တော့ဆန်ရွာအနီးမှာလဲ အခုလ ၄ ရက်နေ့က တိုက်ပွဲကြောင့် တော့ဆန်ရွာက နေအိမ် အလုံးငါးဆယ်လောက် လက်နက်ကျည် ထိမှန်ခဲ့ပါတယ်။ ရွာသားတွေက အနီးအနား ကျေးရွာတွေကို ထွက်ပြေးခဲ့ရပြီး သူတို့ နေရပ်ပြန်သွားတာမကြာသေးပါဘူး။

TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က တိုက်ပွဲတွေဖြစ်တာဟာ RCSS ဘက်က နယ်မြေတိုးချဲ့တာကြောင့်ဖြစ်ပြီး အဲလို အင်အားတိုးချဲ့လာသမျှကာလပတ်လုံး တိုက်ပွဲတွေဆက်ဖြစ်နိုင်တယ် လို့ ပြောထားပါတယ်။ ဒေသခံတွေက တပ်တွေဖယ်ပေးဖို့ ပြောဆိုချက်ကိုတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြော ဆိုခြင်း မရှိပါဘူး။

RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးကတော့ ဒေသခံတွေ တောင်းဆိုချက်အရ ရွာတွေအနီးမှာ RCSS တပ်ဖွဲ့တွေရောက်နေတာလို့ ဆိုပါတယ်။

ရွာသားတွေကို မူလထဲက နေရပ်မစွန့်ခွာဖို့ ပြောထားသလို လက်ရှိမှာလည်း RCSS က ကျေးရွာတွေမှာ တပ်မစွဲဘဲ တောထဲမှာသာ နေရာယူထားတာဖြစ်လို့ နေရပ်ပြန်နိုင်တယ်လို့ ပြောပါတယ်။

တပ်မတော်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လက်နက်ကိုင် အချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေအတွက် သက်ဆိုင်ရာ စစ်တိုင်းတွေကနေ သတိပေးတာလောက်ပဲ လုပ်နိုင်တဲ့အခြေအနေလို့ ပြောဆိုထားပါတယ်။

လက်ရှိ တိုက်ပွဲပြင်းထန်ခဲ့တဲ့ တော့ဆန်စေတီကုန်းမှာ RCSS တပ်ဖွဲ့က တပ်စွဲထားသလို အနီးအနား ကျေးရွာတွေအထိ စစ်အင်အားတစ်ထောင်ဝန်းကျင်လောက်နဲ့ တပ်စွဲထားတာကြောင့် TNLA တပ်ဖွဲ့နဲ့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေဖြစ်တယ်လိ့ု့ ဒေသခံတွေကပြောပါတယ်။ ရွာသားတွေကတော့ သူတို့နေရပ်ပြန်ခွင့်ရဖို့ ကျေးရွာအနီးက လက်နက်ကိုင်တပ်တွေ ရုပ်သိမ်းပေးဖို့ လိုလားနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။