ကျောက်တော်မှာ စစ်ဘေးဒုက္ခသည် ၁၀၀ ခန့် တပ်မတော်ကို ဆန္ဒပြ

နီမင်းထွန်း
2021.01.19

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာကနေက ကျောက်တော်မြို့ပေါ်က စစ်ဘေးဒုက္ခသည် စခန်းကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒုက္ခသည်တစ်ရာကျော်ဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ဆန္ဒပြခဲ့ကြ ပါတယ်။

စစ်အင်အားတိုးချဲ့နေတာတွေ၊ စစ်စခန်းချထားတာတွေ ရုပ်သိမ်းပေးဖို့၊ ရွာသားတွေကို ရွာတွေထဲ လွတ်လပ် စွာ သွားလာခွင့်ပေးဖို့၊ ရွာသားပိုင်ပစ္စည်းဥစ္စာတွေကို တပ်မတော်သားတွေက ယူဆောင်နေတာတွေကို ရပ်တန့်ပေးဖို့နဲ့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးဖို့ စတဲ့ အချက် ၆ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေလို့ ရွာမှာကျန်ခဲ့တဲ့ပစ္စည်းတွေကို သွားယူလိုတာကြောင့် ဆန္ဒထုတ်ပြရတာဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည် ဦးစောရွှေသိန်း က ပြောပါတယ်။

“ကျွန်တော်တို့ စစ်ဘေးဒုက္ခသည်စခန်းမှာနေရတာ အခုဆိုရင် ၁၀ လတောင်ရှိနေပြီ။ အဲဒီမှာနေရလို့ စားရေးသောက်ရေး အဆင်မပြေဘူး။ ကျန်းမာရေးကိစ္စလည်း အဆင်မပြေဘူး။ အဲဒါကြောင့် မိမိအိမ်မှာ ကျန်ခဲ့တဲ့ပစ္စည်းတွေကို ပြန်ယူချင်လို့။ ကျန်ရစ်ခဲ့တဲ့ မိမိပိုင်ပစ္စည်းတွေကိုယူရမှ တစိတ်တဒေသ အဆင်ပြေမယ်လို့ ထင်ပါတယ်။ အဲဒီမှာ တပ်ကနေရာချင်ထားလို့ ဘယ်လို့သွားယူလို့မရဘူး”

ရွာသားတွေမရှိတဲ့အချိန်မှာ ရွာတွေကနေ စပါး၊ ဆန်၊ နွား၊ စက်ပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေကို တပ်မတော်သားတွေက ယူဆောင်သွားတာရှိပြီး ဒါတွေကို ပြန်ပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ရွာမှာကျန်ခဲ့တဲ့ပစ္စည်းတွေကို တပ်မတော်သားတွေက မတရားယူဆောင်နေတာကြောင့် အခုလို ဆန္ဒပြတောင်းဆိုရတာဖြစ်တယ်လို့ မာလာကျေးရွာ ရာအိမ်မှူး ဦးသန်းလှိုင်က ပြောပါတယ်။

“ကျွန်တော် မာလာကျေးရွာအုပ်စုမှာဆိုလို့ရှိရင် ထွက်ပြေးရတဲ့အချိန်ကနေပြီးတော့ ပစ္စည်းတွေက အများကြီးကျန်ခဲ့တယ်လေ။ အဲဒီမှာ စပါး၊ ဆန်၊ ဆိတ်၊ ဝက်အစ အားလုံးကျန်ခဲ့တယ်။ အဲဒါကို တပ်မတော်စစ်သားတွေက ကျွန်တော်တို့ရွာကိုဝင်ပြီးတော့ မတရားဖမ်းဆီးတာတွေ၊ ယူဆောင်တာတွေ ကျွန်တော်တို့က ဒီအတိုင်းကြည့်နေမယ်ဆိုရင် ဘာတစ်ခုမှ အကျိုးရှိတော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့ မှာက ငယ်ငယ်ကတည်းကပင် ဒီလောက်ဥစ္စာကို စုဆောင်းလာပြီးမှ အခုမှပြိုကွဲပျက်စီးသွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အများကြီးနစ်နာသွားတယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း နိုင်ငံတော်အစိုးရကို ဆန္ဒထုတ်ဖော်တာပါ”

ရွာသားတွေမရှိတုန်း မာလာကျေးရွာကနေ စပါးတောင်း ၇၀၀ ကျော်ကို အဲဒီရွာအနီးမှာ စခန်းချထားတဲ့ တပ်မတော်သားတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က ယူဆောင်သွားခဲ့တယ်လို့လည်း သူက ပြောပြပါတယ်။

တပ်မတော်က အကြီးအကဲတွေအနေနဲ့ အောက်ခြေမှာ ပြစ်မှုကျူးလွန်နေတဲ့ တပ်မတော်သားတွေကို အရေးယူပေးစေလိုတယ်လို့ ဒီနေ့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းက ပြောပါတယ်။

“တပ်မတော်တစ်ခုဖြစ်ရဲ့နဲ့ ပြည်သူပိုင်ပစ္စည်းတွေကို အဲဒီလိုအကြမ်းဖက်ပြီး ယူတယ်။ စားသောက် နေတာဟာ ဒါကတော်တော်လေးကို အရုပ်ဆိုးလွန်းတယ်။ အဲဒါကြောင့် တပ်မတော်အကြီးအကဲတွေ အနေနဲ့ အောက်ခြေမှာပြည်သူတွေကို နိုင်ထက်စီးနင်းလုပ်နေတာကို ချက်ချင်းရပ်တန့်ပေးဖို့နဲ့ ကျူးလွန်သူတွေကို ချက်ချင်းအရေးယူပေးစေချင်တယ်”

ဒီအချက်တွေကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နေ့ကတည်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုထားပေမယ့် လက်ရှိအချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်တာမရှိလို့ အခုလို ဆန္ဒပြတောင်းဆို တာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အခုလို စစ်ဘေးဒုက္ခသည်တွေ အစိုးရဆီကို စာတင်ပြီးတော့တောင်းဆိုတာ၊ ဆန္ဒပြတောင်းဆိုတာစတဲ့ အချက်တွေနဲ့ပတ်သက်လို့ အစိုးရရဲ့တုံ့ပြန်မှုကိုရနိုင်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင် သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တပ်တော်သားတွေဟာ ကျေးရွာသားတွေရဲ့ ပစ္စည်းတွေယူဆောင်တာမရှိဘူးလို့ ငြင်းဆိုပါတယ်။

“တပ်မတော်အနေနဲ့တော့ ကိုယ့်အသက်ကိုကိုယ်ရင်းပြီးတော့ လုံခြုံရေးတာဝန် ထမ်းဆောင်နေတာ ဖြစ်တယ်။ အဲဒီအချိန်မှာ ဘယ်ပစ္စည်းမှ ယူသွားစရာလည်း အကြောင်းမရှိဘူး။ အလေးခံပြီးတော့လည်း မသယ်ဘူး။ ကိုယ့်မှာပါတဲ့ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့တင် စစ်သည်တိုင်းမှာပြည့်နေပြီ။ ဒါတွေကို ယူသွားချင်ရင်လည်း မရဘူး။ နောက်တစ်ခုက တပ်မတော်အနေနဲ့ အဲဒီမှာအင်အားတိုးချဲ့တာလည်း မရှိဘူး။ စခန်းအသစ် တည်ဆောက်နေတာလည်းမရှိဘူး။ လုပ်စရာလည်း အကြောင်းမရှိဘူး။ ကျွန်တော် တို့အနေနဲ့ကတော့ အဲဒီအဘက်မှာ ရွေးကောက်ပွဲပြန်လည်ဖြစ်မြောက်စေရေး ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေ ခိုင်မာစေရေး လုပ်ဆောင်နေတာပဲရှိတယ်။ ဒါတွေကတော့ သွေးထိုးလှုံဆော်မှုတစ်ခုကြောင့်မို့လို့ ဖြစ်ပေါ်လာခြင်းပဲလို့ ပြောချင်တယ်”

အခုစစ်ဘေးဒုက္ခသည်တွေ တောင်းဆိုတဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေးကိုတော့ ငြိမ်းချမ်းရေးရတဲ့အခါမှာသာ လုပ်ဆောင်နိုင်မယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်ဘက်က ငြင်းဆိုပေမယ့် ရွာသားတွေကတော့ သူတို့ရဲ့ပစ္စည်းဥစ္စာတွေကို တပ်မတော်သားတွေ ယူတယ်ဆိုတာကို သက်သေအခိုင်အမာရှိတယ်လို့ မာလာကျေးရွာသား ဦးစောရွှေသိန်း ပြောပါတယ်။

“ဆန်စက်ပိုင်ရှင် ပြောတာကတော့ စပါး ၇၀၀၊ ၁၀၀၀ လောက်တောင်ပါမယ်လို့ပြောတယ်။ အဲဒီစပါးကို သူတို့ ထိုးပြီးမှ သူတို့ ခေါင်းတုတ်ရွာက မွတ်ဆလင်တစ်ယောက်ကို ဆန်အိတ် ၂၀ ရောင်းချတယ်လို့ စက်ပိုင်ရှင်ကိုယ်တိုင်ပြောတယ်ခင်ဗျ။ နောက်ပြီးတော့ တစ်လပိုင်း ၁၇ ရက်နေ့က တပ်မမှူးကိုယ်တိုင် မာလာကျေးရွာကိုရောက်ပြီးတော့ ဒီရွာကပစ္စည်းတွေကို တပ်မတော်က မယူဘူးလို့ ခင်ဗျားတို့ကို မေးရင်လည်းပြောပါလို့ အဲဒီလိုပြောတယ်တဲ့

ကျောက်တော်မြို့နယ်က မာလာကျေးရွာဟာ အိမ်ခြေ ၁၂၅ အိမ်နဲ့ လူဦးရေ ၅၀၀ ကျော်ရှိတဲ့ ရွာဖြစ်ပါတယ်။

ဒီကျေးရွာသားတွေဟာ ရွာအနီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် မတ်လကတည်း ကျောက်တော်မြို့က ကံကြီးရှင်ဘုရား စစ်ဘေးဒုက္ခသည်စခန်းနဲ့ တခြားနီးစပ်ရာဒေသတွေမှာ ထွက်ပြေး ခိုလှုံနေကြရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။