တိုက်ပွဲဆက်မဖြစ်ရေး TNLA နဲ့ RCSS တွေ့ဆုံဆွေးနွေးဖို့ ဒေသခံတွေလိုလား

ကံသာ
2021.01.16

ရှမ်းပြည်မြောက်ပိုင်း နမ္မတူနဲ့ ကျောက်မဲမြို့နယ်တွေမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် TNLA နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ရဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာနေကြရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း နယ်မြေအငြင်းပွားရာကနေ ဖြစ်ရတဲ့တိုက်ပွဲတွေ ရပ်တန့်ဖို့အတွက် နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ဒေသခံတွေက လိုလားနေကြပါတယ်။

နမ္မတူမြို့နယ်ထဲမှာ TNLA နဲ့ RCSS တို့ရဲ့ ဇန်နဝါရီ လဆန်းပိုင်းလောက်ကတည်းက ဖြစ်ပွားခဲ့တဲ့ TNLA နဲ့ RCSS တို့ရဲ့ တိုက်ပွဲတွေကြောင့် ညောင်ဆွယ်၊ ပန်ချင်အပါအဝင် အနီးနားရွာတွေက ဒေသခံ ကိုးရာ နီးပါးလောက် မန်စံကျေးရွာနဲ့ နားဆိုင်းကျေးရွာတွေကို ထွက်ပြေးခဲ့ကြရပြီး ဇန်နဝါရီ ၁၂ ရက်နေ့ ကမှ နေရပ်ပြန်ကြရတာပါ။

ကျောက်မဲနဲ့ နမ္မတူမြို့နယ်တွေမှာ အခုနှစ် ဇန်နဝါရီလဆန်းကစပြီး RCSS နဲ့ TNLAတို့ တိုက်ပွဲပြင်းထန် လာခဲ့လို့ ဒေသခံတွေရဲ့ နေအိမ်တွေပျက်စီးခဲ့ကြရသလို ထောင်နဲ့ချီပြီး ထွက်ပြေးနေကြရတာမို့ ဒေသခံတွေက တိုက်ပွဲတွေရပ်တန့်ကြဖို့အတွက် နှစ်ဖက်တပ်ဖွဲ့တွေက ခေါင်းဆောင်တွေ ဆွေးနွေးစေချင်ကြတာပါ။

ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအနီးမှာ ဇန်နဝါရီလ ၂ ရက်နေ့ ကစပြီး TNLA နဲ့ RCSS တပ်တွေ တိုက်ပွဲ ပြန်လည်ပြင်းထန်ခဲ့ပြီး ဇန်နဝါရီလ ၄ ရက်မနက်ပိုင်း တိုက်ပွဲကြောင့် နေအိမ်ငါးဆယ်ကျော်အထိ ပျက်စီးခဲ့ရတယ်လို့ တော့ဆန်ရွာအုပ်ချုပ်ရေးမှုး စိုင်းလှသန်းက ပြောပါတယ်။

ဒီလို တိုက်ပွဲတွေဖြစ်နေတာ ခုမှတော့မဟုတ်ပါဘူး။ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာလည်း သီပေါနဲ့ နမ္မတူ မြို့နယ်အစပ်က မန်လီ၊ ပန်လုံ ၊ ပန်ကွပ်ကျေးရွာတွေမှာ TNLA နဲ့RCSS တပ်ဖွဲ့တွေအပြင် RCSSနဲ့ SSPP တပ်ဖွဲ့တွေပါ တိုက်ပွဲဖြစ်ပွားခဲ့ရပါတယ်။

ရှမ်းပြည်နယ်ထဲမှာ တိုင်းရင်းသားတွေအချင်းချင်း လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်နေတာတွေက ဒေသခံ တွေကို ထိခိုက်စေတာမို့ ဆွေးနွေးအဖြေရှာသင့်တယ်လို့ ကျောက်မဲမြို့ခံ ကိုသားဇော်က ပြောပါတယ်။

ဒေသခံအရပ်ဘက်အဖွဲ့တွေက တိုက်ပွဲရပ်တန့်ဖို့ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြဖို့ တောင်းဆို ခဲ့ကြပေမယ့်လည်း မထူးခြားလာပါဘူး။

နမ္မတူမြို့နယ် တအာင်ပလောင်ပါတီ ဥက္ကဋ္ဌ ဦးအိုက်ထိုက်က တွေ့ဆုံဆွေးနွေးမှု ပိုပြီးလုပ်သင့်တယ် လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း နမ္မတူမြို့နယ်ထဲမှာ TNLA နဲ့RCSS တိုက်ပွဲတွေကြောင့် အရပ်သား ၃၀ အထိ ပျောက်ဆုံးခဲ့ပြီး ဒီနေ့အထိ သေသလား ရှင်သလား သတင်းမရသေးဘူးလို့ ဦးအိုက်ထိုက်က ပြောပါတယ်။

TNLA အနေနဲ့ RCSS နဲ့ နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် RCSS ဘက်က ထိရောက်တဲ့ တုံ့ပြန်တာ မရှိဘူးလို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောပါတယ်။

နှစ်ဖက်တပ်တွေ ဆွေးနွေးရေးအတွက်တော့ အမြဲတမ်းအဆင်သင့်ရှိနေယ်လို့ RCSS ရဲ့ ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေးက ပြောပါတယ်။

နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ သက်ဆိုင်ရာ စစ်တိုင်းတွေကနေ တဆင့် အသိပေးတာ သတိပေးတာတွေပဲ လုပ်ဆောင်နိုင်တဲ့ အခြေအနေရှိတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်ထွန်းက ပြောပါတယ်။

ကျောက်မဲမြို့နယ်ထဲက တော့ဆန်၊ ညောင်မောင်း ၊ကော့ပေါင် ၊ အုမ္မငင်း စတဲ့ ကျေးရွာတွေမှာ RCSSက စစ်အင်အားတွေ ထပ်မံဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောကြသလို အဲဒီနေရာတွေဟာ TNLA လှုပ်ရှားတဲ့နေရာလဲ ဖြစ်ပါတယ်။ နမ္မတူမြို့နယ် ညောင်ဆွယ်ရွာအပါအဝင် ကျေးရွာအချို့မှာလည်း TNLA ဘက်က စစ်အင်အားဖြည့် တင်းနေတာကြောင့် ဒေသအတွင်းမှာ RCSS နဲ့ TNLA တပ်တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်လာမယ့် အခြေအနေရှိနေတယ်လို့ ဒေသခံတွေက သုံးသပ်ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။