ဆန္ဒပြပွဲတွေ ဖြိုခွင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိ

နန္ဒာချမ်း(ဝါရှင်တန် ဒီစီ)
2021.04.18

မြန်မာနိုင်ငံတဝှမ်းမှာ ဒီနေ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေ၊ CRPH က ဖွဲ့စည်းလိုက်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရကိုထောက်ခံဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့သလို မန္တလေးတိုင်း မြင်းခြံမြို့မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတချို့လည်းရှိခဲ့ပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့ အမှတ် (၈) ရပ်ကွက်မှာ ဒီမနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီအထဲက တစ်ဦး ကတော့ ဒဏ်ရာပြင်းထန်တာကြောင့် မန္တလေးမြို့ကို အရေးပေါ် ပို့ဆောင်လိုက်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့မနက်က ၁၀ နာရီခွဲနောက်ပိုင်းလောက်မှာ ရဲစခန်းရှေ့နား မြို့မဈေးရဲ့တောင်ဘက်ပေါ့။ အဲဒီ အနားမှာ စစ်သားတွေလာပြီဆိုလို့ တံခါးကိုပိတ်တယ်ပေ့ါနော်။ ဘူးကိုင်းဒါးဆန်ပွဲရုံကလို့ ပြောတယ်။ အဲဒီဆန်ပွဲရုံမှာ တံခါးပိတ်နေတဲ့တစ်ယောက်က တံခါးပိတ်နေရင်း ကျည်ထိတယ်ပေါ့ဗျာ။ ကျည်ထိတဲ့ သူတွေကတော့ တော်တော် ပြင်းထန်တယ်။ အခုမန္တလေးဆေးရုံကို ပို့ရတယ်ဗျ။ သူကမျက်ခုံးအောက်မှာ ထိမှန်တယ်လို့ ပြောတယ်။ တစ်ယောက်ကတော့ ဒဏ်ရာရှပ်ထိတာပေါ့”

မြင်းခြံမြို့မှာ ဒီကနေ့ ဆန္ဒပြသပိတ်စစ်ကြောင်းထွက်လာပြီး နာရီဝက်လောက်အကြာမှာ ပစ်ခတ်ခံခဲ့ရတာ လို့လည်း ဆိုပါတယ်။

မြင်းခြံမှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေ ပစ်ခတ်ဖြိုခွင်းခံရတာကြောင့် သေဆုံးသူ ၂၃ ဦးထိ ရှိနေပြီ လို့လည်း စာရင်းပြုစုထားတဲ့ မြို့ခံတွေက ပြောပါတယ်။

စနေနေ့တုန်းက ဆန္ဒပြပွဲတွေအတွင်း ၁ ဦး သေဆုံးခဲ့ရတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာတော့ နောက်ထပ် တစ်ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

စနေနေ့က အင်တာနက် လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံထဲမှာ ရဲတွေ တွန်းလှည်းထဲထည့်ပြီး သယ်သွားတဲ့ နှစ်ဦးထဲက နောက် တစ်ဦး ထပ်မံသေဆုံးသွားတာလို့ မိုးကုတ်မြို့က ဆန္ဒပြလှုပ်ရှားသူ ကိုထွန်းလွင်က ပြောပါတယ်။

“မနေ့ကတစ်ယောက်ထပ်ကျတယ် ဆိုတဲ့အကြောင်းက မနေ့ကလှည်းထဲမှာ ပါသွားတဲ့ နှစ်ယောက်ထဲက တစ်ယောက်ပါ။ အဲဒီ တစ်ယောက်က အောင်မင်္ဂလာရပ်ကွက်ကဗျ။ ဒါပေမဲ့ သူ့ရဲ့ရုပ်အလောင်းကတော့ ပြန်မရဘူး။ ပြန်မပေးဘူး။ အဲဒါကြောင့် ကျည်ဘယ်နားမှန်ပြီး ကျသွားတယ်ဆိုတာကို ကျွန်တော်တို့ မသိ လိုက်ဘူး။ အဲဒါကို ရဲစခန်းက သူ့အိမ်ကို အကြောင်းကြားလာတယ်ဗျ။ အဲဒီမှာ သူအိမ်ကလိုက်သွားတော့ အလောင်းကို ပြန်မပေးဘူး။ သေတဲ့လူရဲ့ဖိနပ်ကိုတောင် ပြန်မပေးဘူး။”

မိုးကုတ်မြို့မှာ သေဆုံးသူ ၂ ဦးဟာ အသက် ၅၁ နှစ်အရွယ် ဦးအောင်ဇော်မိုး (ခေါ်) အားယုံနဲ့ အသက် ၂၅ နှစ်အရွယ် ကိုစိုးသက် တို့ ဖြစ်တယ်လို့ ပြောပါတယ်။

ကိုစိုးသက်ရဲ့ ရုပ်အလောင်းကို မိသားစုထံ ပြန်မပေးဘဲ ဆေးရုံကနေ သင်္ဂြိုဟ်ခဲ့ရတယ်လို့လည်း ကိုထွန်းလွင် က ပြောပါတယ်။

မိုးကုတ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းတာကြောင့် မနေ့က အထိ သေဆုံးသူ ၁ဝ ဦးထက်မနည်း ရှိနေပြီး၊ စနေနေ့ တနေ့တည်းမှာတင် ထိခိုက်ဒဏ်ရာရသူ ခုနစ်ဦး ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပစ်ခတ်ဖြိုခွင်းမှုကြောင့် ထိခိုက်သေဆုံးမှုတွေဖြစ်ခဲ့တဲ့ အောင်ချမ်းသာရပ်ကွက်မှာ ဒီကနေ့လည်း စစ်တပ်နဲ့ ရဲက နေရာယူထားတာ တွေ့ရတယ်လို့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း မင်းကင်းနဲ့ ကနီမြို့နယ် အစပ် မုံရွာ-ယာကြီးလမ်း ၆၅ မိုင်မှာ စစ်ကောင်စီတပ်တွေနဲ့ စစ်အာဏာရှင် ဆန့်ကျင်တဲ့ ဒေသခံတွေအကြား စနေနေ့က ထိပ်တိုက်တွေ့ခဲ့ပြီး ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် နှစ်ဖက်အထိအခိုက်ရှိတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံရွာသား တစ်ဦးကပြောပါတယ်။

“ကနီမြို့နယ်ထဲမှာရှိတဲ့ လာပို့ရွာကို ကလေးဘက်ကနေလာတဲ့ စစ်တပ်ကပေါ့နော်။ သူတို့က ကားသုံးစီးနဲ့ တောင်ကိုတက်တယ်။ တောင်ပေါ်ကိုတက်တဲ့အခါကျတော့ ရွာသား တစ်ယောက်ကို နှိပ်စက်တယ်ပြော တယ်။ အဲဒီမှာ ကျန်တဲ့ရွာသားတွေက မကျေနပ်တဲ့အခါကျတော့ လမ်းမှာတိုက်ပွဲဖြစ်တာပေါ့။ မနေ့ညက မှောင်တဲ့အထိကို တိုက်ပွဲဖြစ်နေတယ်။ အကျအဆုံးကတော့ သေချာမသိသေးဘူး။ လူထုဘက်ကတော့ တစ်ယောက်ကျပြီးတော့ တစ်ယောက်အဖမ်းခံရတယ်လို့တော့ အကြမ်းအားဖြင့် သိထားရတယ်။ စစ်တပ် ဘက်ကလည်း တော်တော်လေးကျတယ်လို့ ကြားထားတယ်ဗျ”

ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ RFA က သီးခြားအတည်ပြုလို့ မရသေးဘဲ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒီမနက်မှာတော့ မုံရွာဘက်က တပ်တွေက ကနီမြို့ကိုရောက်လာပြီး မနေ့က ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်တဲ့ နေရာနဲ့ အနီးဆုံးကျေးရွာဖြစ်တဲ့ ချောင်းမရွာကို ဝင်ရောက်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနောက်ဘက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေလုပ်ခဲ့တဲ့ သလုံး ကျေးရွာမှာတော့ လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသား အများစု အပါအဝင် ရွာသား ၆ဝ ကျော်ကို စစ်တပ်နဲ့ရဲက စနေနေ့မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်မှာလည်း စစ်တပ်နဲ့ရဲက ရွာကို ထပ်မံရောက်ရှိလာတာကြောင့် အိမ်ခြေ ၇ဝဝ လောက်ရှိတဲ့ရွာကနေ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

“စစ်ကားငါးစီးရယ်၊ ရဲကားသုံးစီးရယ်၊ အချုပ်ကားတစ်စီးရယ်နဲ့ ရွာကို စတင်ဝင်လာတယ်။ ကျေးရွာထဲကို မနေ့က ၁၇ ရက်နေ့မှာ ဝင်မွှေတယ်။ ဖမ်းခေါ်သွားတာက ဒီမနက်မှာ ထပ်သိလိုက်ရတာကတော့ အားလုံး လူ ၆၀ ကျော်တယ်တဲ့။ ပထမဆုံးခေါ်သွားတဲ့ အချုပ်ကားတစ်စီးမှာ လူမလောက်လို့ ခြေကျင်ဖမ်းတယ်။ ကျေးရွာထဲက လမ်းမှာတွေ့တဲ့ လူငယ်တွေမှန်သမျှကို ဖမ်းခေါ်သွားတာ။ မနေ့ည သန်းခေါင်လောက် ကျတော့ သူတို့ဖမ်းခေါ် သွားတဲ့ထဲက နှစ်ယောက်ကတော့ ကျသွားပြီလို့ သတင်းထပ်ရတယ်ပေါ့။ ဒီကနေ့ မနက်မှာ တစ်ခါထပ်ရောက်လာတယ်။ ဧပြီ ၁၈ ရက်နေ့ မနက် ၈ နာရီလောက်မှာ စစ်ကားတွေ ထပ် ရောက်လာတယ်ပေါ့နော်။ သလုံး ကျေးရွာခံတွေက ရွာမှာ မနေရဲကြတော့ဘူး။ အနီးအနားတစ်ဝိုက်က ရွာတွေမှာ သူတို့ကအခုထွက်ရှောင်နေကြတယ်။ ကျွန်တော်တို့ရွာမှာ အခုရောက်နေတာတောင် အယောက် သုံးရာကျော်လောက်ရှိတယ်ပေါ့နော်”

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်လက်ပေါ်ပေါက်နေတဲ့ ရန်ကုန်တိုင်းအတွင်းက တောင်ဒဂုံမြို့နယ်မှာတော့ ဒီနေ့ တနင်္ဂနွေနေ့ မနက် ၂ နာရီလောက်က အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးမှာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

၁၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ မီးလောင်မှု ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိ ရပါဘူး။ တောင်ဒဂုံမြို့နယ်ဟာ စစ်အုပ်ချုပ်ရေး နယ်မြေကြေညာထားတာကြောင့် ည ၈ နာရီကျော်ရင် အပြင်ထွက်ခွင့် မရှိတော့တဲ့အပြင် စစ်ကောင်စီတပ်တွေက လုံခြုံရေးယူထားပါတယ်။

မီးလောင်မှုကြောင့် အုပ်ချုပ်ရေးမှူးရုံး ပျက်စီးသွားပေမဲ့ တခြားထိခိုက်တာတွေ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသူတွေကို စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းတာ၊ ဖမ်းဆီးတာတွေလုပ်ဆောင်နေ ပေမယ့်လည်း ဒီနေ့ ရန်ကုန်၊ မန္တလေးမြို့တွေအပါအဝင် နိုင်ငံတစ်ဝှမ်းက နေရာဒေသအသီးသီးမှာ စစ်အာ ဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြသလို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံဆန္ဒပြပွဲတွေလည်း ရှိခဲ့ပါတယ်။

RFA က သီးခြားပြုစုထားတဲ့စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ် ဖြိုခွင်းမှုကြောင့် သေဆုံးသူ အနည်းဆုံး ၇၃ဝ နီးပါး ရှိသွားပါပြီဖြစ်ပါတယ်။ ဖမ်းဆီးခံရသူကတော့ ၄၁၀၀ ကျော်ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။