မြန်နှုန်းမြင့်အင်တာနက် ပြန်ဖွင့်ပေးဖို့ ရခိုင်လွှတ်တော်မှာ အဆိုတင်သွင်း

မင်းသိန်းအောင်၊ ဖြူဖြူခိုင်
2021.01.14

ရခိုင်မြောက်ပိုင်းမှာ အစိုးရက ပိတ်ထားတဲ့ မြန်နှုန်းမြင့် 4G အင်တာနက်ကွန်ရက်ကို ပြန်လည်ခွင့်ပြုပေးဖို့ ပြည်နယ်အစိုးရကနေတစ်ဆင့် ပြည်ထောင်စုအစိုးရထံကို တိုက်တွန်းတဲ့ ဒီအဆိုကို ကျောက်တော်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန် က ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အဆို တင်သွင်းလိုက်ပါတယ်။

အစိုးရက အင်တာနက်ပိတ်ထားလို့ ဒေသခံလူငယ်တွေအတွက်ရော စီးပွားရေးကဏ္ဍတွေမှာပါ ထိခိုက်နေလို့ အခုလိုမြန်နှုန်းမြင့် 4G အင်တာနက်ကွန်ရက်ကို ဖွင့်ပေးဖို့ အဆိုတင်တာလို့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန် က ပြောပါတယ်။

“အွန်လိုင်းကနေ လေ့လာသင်ယူနေတဲ့ ကျောင်းသားလူငယ်တွေဟာ တော်တော်အခက်အခဲရှိတယ်။ ကျောင်းသား လူငယ်တွေအတွက်ရော စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ရော ဆက်သွယ်ရေး ဖြတ် တောက်ခံနေရတဲ့အတွက် တိုက်ပွဲကာလကလည်း အခုက အခြေအနေတစ်ခုအပေါ်မှာ အပစ်အခတ်တွေ ရပ်စဲထားတဲ့ အနေအထားတွေရှိလို့ ငြိမ်းချမ်းရေးရောင်နီသန်းလာတဲ့အချိန်မှာ အွန်လိုင်းနဲ့ ပတ်သက် ပြီးတော့ 4G ကွန်ရက်စနစ်ကို ပြန်လည်ဖွင့်ပေးဖို့ ကျွန်တော်က လွှတ်တော်မှာ အဆိုတင်ရခြင်း ဖြစ်ပါတယ်”

ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို အကြောင်းပြုလို့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၉ ဇွန်လ ၂၁ ရက်နေ့ကတည်းက အစိုးရက မိုဘိုင်းအင်တာနက်လိုင်း တွေကို ပိတ်ခဲ့ပါတယ်။

အခုလိုအင်တာနက်ပိတ်ပင်မှုဟာ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုအဖြစ် ပြည်တွင်း၊ ပြည်ပက ပြစ်တင် ပြောဆိုခဲ့ကြပြီးနောက် မောင်တောမြို့နယ်ကို 4G ကွန်ရက်ကို ပြန်ခွင့်ပြုခဲ့ပေမယ့် အခြားမြို့နယ်မှာတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁ ရက်နေ့က 2G ကွန်ရက်စနစ်ကိုသာ ခွင့်ပြုခဲ့တာပါ။

ဒါပေမဲ့ 2G အင်တာနက်ကွန်ရက်စနစ်ဟာ နှေးကွေးလွန်းတာကြောင့် အသုံးပြုဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ်မှာနေထိုင်တဲ့ လူငယ်တစ်ဦးဖြစ်သူ ကိုမောင်မြတ်အောင်က အစိုးရက 4G အင်တာနက် ကွန်ရက်စနစ်ကို ပိတ်ပင်ထားတာဟာ လူငယ်တွေရဲ့ မျှော်လင့်ချက်နဲ့ အနာဂတ်ကိုပါ ရိုက်ချိုးလိုက်တာပဲလို့ ဝေဖန်ပါတယ်။

“ကိုဗစ်ကာလမှာ အွန်လိုင်းပေါ်ကနေ လေ့လာရ အချက်အလက်တွေစုစည်းရ အဲလိုမျိုးတွေလုပ်နေရတဲ့ အချိန်မျိုးမှာ အင်တာနက်က အဆင်မပြေတော့ ကျွန်တော်တို့ရဲ့ လေ့လာမှုတွေနဲ့ အောင်မြင်မှုလမ်းစတွေ အတွက် အခက်အခဲတွေနဲ့ အများကြီးကြုံတွေ့နေရတယ်ခင်ဗျ။ ကျွန်တော်တို့ လူငယ်တွေရဲ့ ရည်မှန်းချက် တွေ၊ အောင်မြင်မှုလမ်းစတွေကို ပိတ်ထားတဲ့အခြေအနေကို ရောက်နေတယ်လို့ပဲ ကျွန်တော်က ယူဆ တယ်”

မြန်နှုန်းမြင့် 4G အင်တာနက်ကွန်ရက်ကို အစိုးရက ချက်ချင်းခွင့်ပြုပေးဖို့ကိုလည်း သူကတောင်းဆိုပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ရေးကာလ ပြီးခဲ့တဲ့အချိန် ၂ နှစ်တာအတွင်း အရပ်သား ၃၀၀ ကျော်သေဆုံးခဲ့ပြီးတော့ ၇၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ညီမျှခြင်းမြန်မာအဖွဲ့က ဒါရိုက်တာ ဦးအောင်မျိုးမင်း က အင်တာနက်ဖြတ်တောက်မှုဟာ ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်လို့ရအောင် ဖန်တီးပေးထားရာရောက်တယ်လို့ပြောပါတယ်။

“အင်တာနက်ကို အသုံးမပြုဖို့ ပိတ်ထားခြင်းက ဒေသတွင်းမှာ အမှန်တကယ်ဖြစ်ပျက်နေသော လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို မီးမှောင်ချထားသလိုဖြစ်သွားပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူမသိသူမသိ ဖြစ်သွားတဲ့အမှုတွေကို တရားဥပဒေအရ လုပ်ဆောင်ပေးနိုင်ခြင်း မရှိတဲ့အတွက် အဲဒီဒေသအတွင်းမှာ တရားဥပဒေစိုးမိုမှုကလည်း လုံးဝပျက်စီးသွားနိုင်ပြီးတော့ အင်တာနက်ပိတ်မှုအောက်မှာ ပြည်သူတွေကို ကြိုက်သလို ထုံးလိုချေ ရေလိုနှောက် ကြိုက်သလို နှိပ်စက်နိုင်တဲ့ အနေအထားမျိုး၊ လူ့အခွင့်အရေး ချိုးဖောက်ဖို့အတွက် ဖန်တီးပေးရာ ရောက်ပါတယ်”

တဘက်က စစ်ရေးအနေနဲ့ ပိတ်တယ်လို့ ပြောဆိုပေမယ့် လူသားအားလုံးရဲ့ အပေါ်မှာ ထိခိုက်နိုင်တဲ့ အင်တာနက်ပိတ်ဆို့မှုတွေ၊ သတင်းတွေရရှိဖို့အတွက် အခက်အခဲဖြစ်စေတဲ့အရာမျိုးတွေ ရှိနေတာကတော့ မဖြစ်သင့်ဘူးလို့လည်း သူကဆိုပါတယ်။

ဒါ့အပြင် မြေမြှုပ်ပိုင်းအန္တရာယ်တွေနဲ့ ပတ်သက်တဲ့ အသိပညာတွေကို အင်တာနက်ကနေတစ်ဆင့် မရနိုင်တာကြောင့် အန္တရာယ်ကို တားဆီးဖို့အတွက် အခက်အခဲတွေဖြစ်စေတယ်လို့လည်း ဦးအောင်မျိုးမင်း က ထောက်ပြပါတယ်။

ဒီနေ့ ပြည်နယ်လွှတ်တော်မှာ အဆိုတင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို RFA ကမေးမြန်းရာမှာ 4G အင်တာနက်ပြန်ဖွင့်ရေးကိစ္စဟာ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရမယ့်ကိစ္စဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့က ကြီးကြပ်တယ်ဆိုတာက ဥပဒေနဲ့အညီ ဆောင်ရွက်တာပေါ့။ ဥပဒေ အတိုင်းဆိုရင် ပြည်ထောင်စုအစိုးရရဲ့ သဘောတူညီချက်နဲ့ ရခိုင်တို့ကို 2G နဲ့ပိတ်ထားတယ်။ ပြည်နယ် လွှတ်တော်ကနေပြီးတော့ ပြန်ဖွင့်ဖို့ တိုက်တွန်းတောင်းဆိုရင် ပြည်ထောင်စုအစိုးရကို ပို့မယ်။ ပြည်ထောင် စုအစိုးရက သုံးသပ်ပြီးတော့ ဦးတို့ဝန်ကြီးဌာနကို ညွှန်ကြားတယ်၊ ဥပဒေအရ အကြောင်းကြားတယ်ဆိုရင် ဦးတို့က ပြန်ဖွင့်ပေးမှာပေါ့နော်။ အဲလိုပဲရှိမယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ 4G အင်တာနက် ပြန်ဖွင့်ပေးမယ့်ကိစ္စကို တပ်မတော်ဘက်က တင်ပြလာမှ အစိုးရက လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြော ပါတယ်။

“ရခိုင်ပြည်မြောက်ပိုင်းမှာ အင်တာနက် 2G ပဲ ဖွင့်ပေးထားတယ်။ အဓိကတော့ လုံခြုံရေးအရ 2G ပဲ ဖွင့်ပေးထားတယ်လို့ သိရပါတယ်။ ဒါက လုံခြုံရေးကိစ္စဖြစ်တဲ့အတွက် လောလောဆယ်မှာ အေအေနဲ့ ဆွေးနွေးထားတဲ့ တပ်မတော်က သူ့ရဲ့သဘောထားအမြင်ကို တင်ပြရင်တော့ ပြန်ဖွင့်ပေးဖို့ပဲ အစိုးရက ဆောင်ရွက်နိုင်ပါတယ်။ မဟုတ်ရင် တပ်မတော်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို သတင်းပေးပို့နေတယ် ဆိုတာမျိုးဖြစ်လာခဲ့ရင် အစိုးရအနေနဲ့ တာဝန်ရှိသွားပါလိမ့်မယ်။ အင်တာနက်ပြန်ဖွင့်ပေးဖို့ အခြေအနေ လုံလောက် မလုံလောက်ကို ဆွေးနွေးခဲ့တဲ့ တပ်မတော်ကနေပြီး အစိုးရကိုတင်ပြဖို့လိုတယ်။ တပ်မတော်က ထောက်ခံတင်ပြရင် အစိုးရက ဖွင့်ပေးဖို့များတယ်လို့ မြင်ပါတယ်”

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူတွေကတော့ အင်တာနက်မြန်နှုန်းမြှင့်ပေးဖို့ တောင်းဆိုချက်ဟာ တပ်မတော်နဲ့ မသက်ဆိုင်ဘဲ အစိုးရကဆောင်ရွက်ရမယ့်ကိစ္စဖြစ်တာကြောင့် ဘာမှမပြောလိုကြောင်း ပြောပါတယ်။

မြန်နှုန်းမြင့် အင်တာနက်ပြန်ဖွင့်ပေးဖို့ကိစ္စ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို အိမ်တော် သတင်းသမားများ ဖေ့စ်ဘွတ်ဂရုကနေ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ ညနေ ၅ နာရီခွဲအထိ တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ကလည်း အင်တာနက်ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုကို မင်းပြားမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်က တင်သွင်းခဲ့ပြီး လွှတ်တော်ကလည်း အတည်ပြုခဲ့ပါတယ်။

ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းတဲ့အဆိုဟာ အင်တာနက်ပြန်ဖွင့်ပေးဖို့ ဒုတိယအကြိမ်တင်တဲ့ အဆိုလည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။