မြန်မာမှာ အကြမ်းဖက်မှု ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို အမေရိကန် တောင်းဆို
2025.04.23

မြန်မာနိုင်ငံမှာ စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ နဲ့ လိုအပ်နေသူအားလုံးအတွက် လူသားချင်းစာနာမှုအကူအညီတွေ အဟန့်အတားမရှိ ပေးခွင့်ပြုဖို့ အမေရိကန် အရှေ့အာရှ နဲ့ ပစိဖိတ်ရေးရာဗျူရို အကြီးတန်းအရာရှိ Sean O’Neill က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ Siam Reap မြို့မှာ ဧပြီ ၂၂ ရက်နေ့က ကျင်းပတဲ့ ၃၇ ကြိမ်မြောက် အမေရိကန်-အာဆီယံ ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့တာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
အာဆီယံဘုံသဘောတူညီချက် ငါးရပ်နဲ့အညီ မြန်မာနိုင်ငံ အမှန်တကယ်ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေး အဆင်ပြေချောမွေ့စေဖို့ အာဆီယံ နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ အမေရိကန်ပြည်ထောင်စုက အာမခံကြောင်းလဲ ပြောပါတယ်။
မတ်လ ၂၈ ရက်နေ့က ငလျင်လှုပ်ခတ်ခဲ့တဲ့နောက် မြန်မာ နဲ့ ထိုင်းမှာ အသက်ဆုံးရှုံးရတဲ့အတွက် ဝမ်းနည်းကြောင်းလည်း Sean O’Neill က ပြောကြားပါတယ်။
ပြည်လည်ထူထောင်ရေးကာလ ရှည်ကြာနေစဉ်အတွင်း အမေရိကန်ပြည်ထောင်စုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုတွေကို ဆက်လက်ပံ့ပိုးနေကြောင်းလည်း သူက ပြောပါတယ်။
ဒီဆွေးနွေးပွဲအတွင်း အရှေ့တောင်အာရှဒေသတွင်း ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့အတွက် အာဆီယံ နဲ့ အမေရိကန်တို့ ဆိုက်ဘာလုံခြုံရေး၊ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု၊ အွန်လိုင်း လိမ်လည်မှု၊ ကာကွယ်ရေး နဲ့ အကြမ်းဖက်မှုတန်ပြန်ရေး စတဲ့ နိုင်ငံဖြတ်ကျော် မှုခင်းတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကတိပြုခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။