စစ်ကောင်စီ မကြေညာခင်ကတည်းက သတင်းမီဒီယာကောင်စီဝင်တွေ နုတ်ထွက်ခဲ့ကြ

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.03.05

အာဏာသိမ်းစစ်ကောင်စီက လက်ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ၂၃ ဦးကို ကောင်စီဝင်တွေအဖြစ်က ရပ်စဲလိုက်တယ်လို့ မတ်လ ၄ ရက်နေ့စွဲနဲ့ ကြေညာခဲ့ပါတယ်။ တကယ်တော့ အဲဒီ ကောင်စီမှာ အဖွဲ့ဝင် ၂၆ ဦးရှိတဲ့အနက် အားလုံးနီးပါးက အာဏာသိမ်းစစ်အုပ်စုကို မကြိုက်တဲ့အတွက် မိမိတို့သဘောနဲ့ အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ခဲ့ကြပြီးဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်တွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အွန်လိုင်းက အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို လက်မခံနိုင်တဲ့အတွက် အဲဒီနေ့ အစည်းအဝေးမှာ တထိုင်တည်း ကောင်စီဝင်အဖြစ်က နုတ်ထွက်သူ ၁၅ ဦးရှိပြီး နောက်ပိုင်းမှာ နုတ်ထွက်သူ ၉ ဦးရှိတယ်လို့ ကောင်စီဝင်ဟောင်းတဦးဖြစ်တဲ့ ဦးမြင့်ကျော်က ပြောပါတယ်။

“သတင်းသမားတွေ အဖမ်းခံရတယ်။ အရိုက်ခံရတယ် တရားစွဲခံရတယ်ဆိုရင် ကြားဝင်ဖြေရှင်းတယ်ဆိုတာမျိုး မဖြစ်နိုင်ဘူးပေါ့နော်။ ဒါ ကျနော်တို့ ထွက်တဲ့လူတွေ ယူဆတာ။ နောက် ဥပဒေတွေပြဌာန်း ပြင်ဆင်လိုက်တာ ၅ဝ၅ (ခ) တို့ စသဖြင့်၊ ဒါတွေက မီဒီယာသမားတွေနဲ့ သက်ဆိုင်တယ်။ အခုထင်တဲ့အတိုင်းပဲ။ ၅ဝ၅ (ခ) နဲ့ တန်းစီပြီး သတင်းသမားတွေကို အမှုဖွင့်ထားတာ။ နောက်တခုက အဲဒီရက်တွေ မတိုင်ခင်ကပဲ စစ်ကောင်စီတို့ စစ်အစိုးရ အာဏာသိမ်း စစ်အစိုးရတို့ မသုံးစွဲရဘူးဆိုတာ ကောင်စီကတဆင့် ပို့တယ်။ ကောင်စီကတော့ ဒါဟာ သတင်းမီဒီယာတွေရဲ့ ဆုံးဖြတ်ခွင့်ဘဲ ကျင့်ဝတ်ဘာမှ မချိုးဖောက်ဘူး။ သတင်းဌာနတွေကလဲ ခုချိန်ထိသူတို့ပြောတာကို လိုက်နာပြီးလုပ်တာတော့ မရှိဘူး။”

အဲဒီ ကောင်စီက နုတ်ထွက်ခဲ့သူတွေထဲမှာ ဦးစောသာထူး ခေါ် နာမည်ကျော်ကာတွန်းဆရာ မောင်မောင်ဖောင်တိန်လည်း ပါဝင်ပါတယ်။

“အခု အစိုးရက တရားမဝင်အစိုးရ မဟုတ်တဲ့အတွက် နှုတ်ထွက်သင့်တယ်ဆိုပြီး အသင်းရဲ့ဆုံးဖြတ်ချက် နောက် ကျနော်ကိုယ်တိုင်ရဲ့ သဘောဆန္ဒနဲ့ နှုတ်ထွက်ခဲ့တာပါ။ အဲဒီမတိုင်ခင်ကတည်းက ထွက်တဲ့ ပုဂ္ဂိုလ်တွေလဲရှိတယ် သတင်းမီဒီယာကောင်စီမှာ ထွက်စာတင်ပြီးတော့လေ။ ၁ ရက်နေ့ နောက်ပိုင်းမှာတည်းက။ တချို့ပုဂ္ဂိုလ်တွေက ကျနော့်ထက်တောင် စောသေးတယ်။ ကျနော်သိရသလောက်က အဖွဲ့ဝင်အနေနဲ့ ၂ ယောက်ပဲ အခု ကျန်ခဲ့တယ်။ ဒီနောက်ပိုင်းမှ ကျနော်တို့ကို အခုလို ထုတ်ပယ်ဆိုတဲ့အပေါ်မှာ ကျနော့်စိတ်ထဲ ဘယ်လိုမှ မနေဘူး။ သူတို့ဘာသာ ထုတ်ထုတ် ဖြုတ်ဖြုတ် သိပ်အရေးမကြီးပါဘူး။”

လက်ရှိခေတ်ပျက်ကြီးအတွင်း ဒုက္ခဆင်းရဲတွေကို ခါးစည်းခံနေရတဲ့လူများစုထဲမှာ စာနယ်ဇင်းသမားတွေလည်း ပါဝင်ပါတယ်။

“7 days က ကြိုးစားပြီးတော့ ရုန်းကန်ပြီးထုတ်နေတုန်းပဲလို့ မြင်တယ်၊ တာဝန်ကျေတဲ့ သတင်းမီဒီယာတခုလို့ မြင်တယ်။ အခုရပ်တည်ရတာ ခက်ခဲတာကတော့ ကျနော်တို့က စာမူခတွေနဲ့ရပ်တည်နေရတဲ့သူတွေဆိုတော့ အခုဆို ရေးစရာ မရှိဘူးဆိုတော့ တော်တော်ကြပ်တည်းပါတယ်။ ဒါပေမယ့် တနိုင်ငံလုံးလိုဖြစ်နေတဲ့ ကပ်ဘေးပုံစံဆိုတော့ကျနော်တို့ ရင်ဆိုင်ရမှာပေါ့ ဘယ်တတ်နိုင်မလဲ။”

စာနယ်ဇင်းသမားတွေအတွက် စားဝတ်နေရေးပြဿနာအပြင် အန္တရာယ်များတဲ့ကာလတခုလည်းဖြစ်တယ်လို့ ဦးမြင့်ကျော်က ပြောပါတယ်။

“အခုဆိုရင် ဆန္ဒပြတဲ့နေရာမှာ အရိုက်နှက်ခံရနိုင်တယ်။ သတင်းသမားဆိုရင် ငြိုးပြီးတော့ ပိုပြီးတော့လည်း အနှိပ်စက်ခံရနိုင်တယ်။ နောက်တခုက အဖမ်းခံရနိုင်တယ်။ တရားစွဲခံရနိုင်တယ်။ အပြစ်ပေးခံရနိုင်တယ်။ ဥပဒေနဲ့အညီ ပြောပေမယ့် အဲဒီဥပဒေတွေက လက်မှတ်ထိုးပြီးထုတ်လို့ရတဲ့ ဥပဒေတွေဖြစ်နေတယ်။ စစ်အစိုးရရဲ့လုပ်တာတွေကို အတည်ပြုပေးတဲ့ ဥပဒေဖြစ်နေတယ်။ မြို့တော်တော်များများမှာ စောင့်ကြည့်တာတွေ သူတို့ စောင့်ကြည့်ကြောင်း တမင် မသိ သိအောင်ပြတာတွေ ပြောတာတွေ၊ အိမ်နီးနားမှာ လာမေးသွားတယ် ဒီသတင်းဌာန သတင်းထောက် ဒီမှာနေလားဆိုတာမျိုး ဒီရဲတွေ SB တွေ လာမေးတယ် ဒီနည်းမျိုးနဲ့ ခြိမ်းခြောက်တော့ တချို့ဆိုရင် ရှောင်နေပြီး အလုပ်လုပ်နေတာရှိတယ်။ အခုဆိုရင် အထိန်းသိမ်းခံနေရတာ ၁၂ ယောက် တရားစွဲခံရတာ ၂ ယောက် ယာယီဖမ်းချုပ်ခံရတာပေါင်းရင်တော့ အားလုံး ၃ဝ လောက်ရှိတယ် ဒီတလအတွင်းမှာပါပဲ”

စာနယ်ဇင်းသမားတွေကို CDM ဝင်တဲ့ ဝန်ထမ်းတွေနည်းတူ ထောက်ပံ့နေသူ တချို့ရှိတယ်လို့ သတင်းကြားရပေမယ့် ဘယ်လောက် ထိထိရောက်ရောက် ကူညီနိုင်သလဲဆိုတာ မသိရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။