မြန်မာမှာ နျူကလီးယားစက်ရုံစီမံကိန်း ဆက်လက်ဆောင်ရွယ်မယ်လို့ ရုရှား ပြော

RFA Burmese
2025.04.24
မြန်မာမှာ နျူကလီးယားစက်ရုံစီမံကိန်း ဆက်လက်ဆောင်ရွယ်မယ်လို့ ရုရှား ပြော မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ၂၀၂၅ ခုနှစ် မတ်လ ၄ ရက်နေ့က မော်စကိုမြို့မှာ တွေ့ဆုံစဉ်။
Reuters

မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်နေပေမယ့်လည်း နျူကလီးယားဓါတ်အားပေးစက်ရုံ တည်ဆောက်မယ့်အစီအစဉ် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် နျူကလီးယားကော်ပိုရေးရှင်း Rosatom က ပြောလိုက်ပါတယ်။

မကြာသေးမီက ငလျင်လှုပ်ခတ်မှုတွေဟာ Rosatom ရဲ့ အစီအမံတွေကို ထိခိုက်ခြင်းမရှိဘူးလို့ ကုမ္ပဏီရဲ့ ပြန်ကြားရေးရုံးက အီးမေးလ်မှာ ဖော်ပြပါတယ်။

Rosatom ဟာ တင်းကျပ်တဲ့ ငလျင်ဒဏ်ခံနိုင်ရည် လိုအပ်ချက်တွေ အပါအဝင် အမြင့်မားဆုံး နိုင်ငံတကာ ဘေးကင်းလုံခြုံမှု နဲ့ လုံခြုံစိတ်ချရမှု စံနှုန်းတွေကို လိုက်နာပါတယ်လို့ ဆိုပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် တို့ ပြီးခဲ့တဲ့လ ငလျင်မလှုပ်ခင် သုံးပတ်အလိုမှာ အသေးစား နျူကလီးယားစက်ရုံတည်ဆောက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ စက်ရုံတည်နေရာအသေးစိတ်ကိုတော့ ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ကြီးထွားလာချိန်မှာ စစ်ကောင်စီအတွက် စွမ်းအင်ရရှိရေး တွန်းအားပေးမှု ဖြစ်ပေါ်လာတာလို့ Reuters သတင်းက ဖော်ပြပါတယ်။ စစ်ကောင်စီဟာ နယ်မြေအများအပြား ဆုံးရှုံးခဲ့ရပြီးနောက် ရုရှားအပါအဝင် တခြားမဟာမိတ်တွေကို မှီခိုအားထားမှု တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။