မဲမသမာမှုတွေရှိခဲ့တယ်ဆိုပြီး NLD နဲ့ UEC ကို တရားလွှတ်တော်ချုပ်ထံ တိုင်

‌အောင်သိင်္ခ၊ ဖြူဖြူခိုင်၊ ဝေယံမိုးမြင့်
2021.01.05

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP နဲ့ တပ်မတော်အရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက် တစ်ပါတီ DNP တို့က NLD အစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို မဲမသမာမှုတွေ ကျူးလွန် ခဲ့တယ်ဆိုပြီး တရားလွှတ်တော်ချုပ်ထံ တိုင်တန်းထားပြီးဖြစ်တယ်လို့ ဒီနေ့ USDP နဲ့ DNP ပါတီရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ဘက်က တုံ့ပြန်ချက်တော့ ထွက်မလာသေးပါဘူး။

အနိုင်ရ NLD ပါတီကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တယ်လို့ နိုင်ငံတကာက အသိအမှတ်ပြုထားတာကြောင့် အစိုးရဖွဲ့ရေး ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ ပတ်သက်ပြီး NLD အစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ တို့က တရားလိုပြုလုပ်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ တင်ပြထားတာကို တရားလွှတ်တော်ချုပ်က လက်ခံလိုက်ပြီလို့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေကို ပြောလိုက် ပါတယ်။

ဒီတိုင်ကြားမှုမှာ တပ်မတော်က သက်သေအဖြစ် လိုက်ပါဆောင်ရွက်ထားတယ်လို့လည်း ဦးစိုးမောင်က ပြောပါတယ်။

"ဘယ်ပြေးမလဲ မိချိုသဲ ဆိုတာဖြစ်နေပြီ မရတော့ဘူး တောင်းပန်လို့လည်းမရ ဥပဒေအတိုင်း ကျနော်တို့ သွားမှာဖြစ်ပါတယ်။ ကျနော်တို့က ဖြေရှင်းရမယ့် ဆင်ခြင်ရမယ့်ပုဂ္ဂိုလ်ကို သွားပါ့မယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေခုံရုံးနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဖြစ်ပါတယ်။ သက်သေကတော့ တပ်မတော် ဖြစ်ပါတယ်၊ လက်ရှိသူက အထောက်အထားတွေ အများကြီး ဖော်ထုတ်နေတာဖြစ်ပါတယ်။ ကျနော်တို့ လည်း သက်သေခိုင်မာလို့ စာချွန်တော် တင်လို့ရတာဖြစ်ပါတယ်။ အဲတော့ကျနော်တို့ ၇ ပွင့်ဆိုင် ဇာတ် လမ်းကြီးကတော့ ပိတ်ကားပေါ် ဆက်ရှုဖို့ဆိုရမယ်။ အဲဒီဟာကိုတော့ ပြည်သူလူထုနဲ့ ကမ္ဘာကအာရုံစိုက်ပြီး ကြည့်နေမှာဖြစ်တဲ့အတွက် ဒီဥစ္စာက အဖြေအကောင်းဆုံးဖြစ်မယ်လို့ ကျနော်ဖြေကြားလိုပါတယ် ခင်ဗျ။"

ဘယ်နေ့က တရားလွှတ်တော်ချုပ်ထံ တင်လိုက်သလဲ ဆိုတာကိုတော့ မီဒီယာတွေက မေးမြန်းခဲ့ပေမယ့် အတိအကျ မဖြေခဲ့ပါဘူး။ မဲမသမာမှုတွေ ပြုလုပ်ပြီး အနိုင်ရသွားတာဖြစ်တဲ့အတွက် တောင်းပန်ရုံနဲ့ ကျေနပ် နိုင်မှာ မဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ အမြောက်အများလုပ်ဆောင်ခဲ့တယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်းပြီး ဒီနေ့ ရန်ကုန်မြို့ သံလွင်လမ်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဦးစိုးမောင်ဟာ အငြိမ်းစားစစ်ဗိုလ်ချုပ် တစ်ဦးဖြစ်သလို မကွေးတိုင်း ရေစကြိုမြို့နယ်ကနေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ရွေးချယ်ခံခဲ့သူ ဖြစ်ပါတယ်။ သူဝင်ရောက်ယှဉ်ပြိုင်တဲ့ ရေစကြို မြို့နယ်မှာ အသက်မပြည့်ဘဲ မဲပေးခဲ့သူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမပါဘဲ မဲပေးခဲ့သူ စတဲ့မှားယွင်းမှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

အခုလိုစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ဖြေရှင်းချက်ကို သိနိုင်အောင် မေးမြန်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို RFA က အီးမေးလ်နဲ့ရော တယ်လီဖုန်းနဲ့ပါ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

မဲမသမာမှုတွေ ရှိခဲ့တဲ့အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားစာတွေပေးပို့ထားပြီး ဖြေရှင်းပေးဖို့ တောင်းဆိုထားပေမယ့် မဖြေရှင်းပေးသေးလို့ လက်ရှိရွေးချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေဟာ တရားဝင်အတည်မဟုတ်ဘူးလို့ ယူဆကြောင်း ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နေရာကို USDP ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါ်သန်းသန်းအေးက ပြောပါတယ်။

"ကျမတို့ဘက်က တင်ပြထားတဲ့ အထောက်အထားတွေ စစ်ဆေးထားတဲ့ မဲစာရင်းတွေဟာ တစ်ဘက်က ချေပချက်လွှမ်းမိုးနိုင်မှု မရှိဘူးဆိုရင်တော့ ကျမတို့ရရှိထားတဲ့ ရလဒ်ကိုလက်ခံရမှာဖြစ်ပါတယ်။ ကျမတို့ ကနေပြီးတော့ ရရှိထားတဲ့ သက်သေအထောက်အထား အခိုင်အလုံပြတယ်။ စစ်ဆေးတွေ့ရှိပါလျက်နဲ့ တစ်ဘက်က ချေပနိုင်စွမ်း မရှိဘူး အပြစ်ဖြစ်နေပြီဆိုလို့ရှိရင် ရထားတဲ့မဲစာရင်းရလဒ်တွေဟာ ပျက်ပြယ် မှာဖြစ်ပါတယ် ရလဒ်တွေကိုလည်း စွန့်လွှတ်ရမှာဖြစ်ပါတယ်။ ကျမရဲ့အမြင်အရပေါ့နော် တရားဝင် အတည်ပြုလို့မရဘူးဆိုရင် အခုလွှတ်တော်မှာ ရွေးချယ်ခံထားရတဲ့ ရွေးချယ်ခံအမတ်များသည်လည်း အတည်မဖြစ်သော အမတ်များလို့ပဲ ဆက်လက်ပြီး ရှိနေပါတယ်။ ဒီပြဿနာတွေကို ရှင်းပြီးမှသာလျှင် တရားဝင်အတည်ဖြစ်မှာပါ။"

၂၀၂၀ ရွေးကောက်ပွဲမှာ USDP ရှုံးနိမ့်ရတာဟာ မတရားမှုတွေကြောင့်ဖြစ်တယ်လို့ ဒီနေ့သတင်းစာရှင်းလင်း ပွဲမှာ USDP ဘက်က ပြောကြပါတယ်။ ဒီလိုပြောဆိုချက်တွေက အဓိပ္ပါယ်မရှိကြောင်းနဲ့ နိုင်ငံတကာကလည်း ရွေးကောက်ပွဲကို တရားမျှတကြောင်း အသိအမှတ်ပြုပြီးဖြစ်လို့ ဒီလိုကန့်ကွက်တာတွေအပေါ်မှာ တုံ့ပြန်စရာ မရှိဘူးလို့ NLD က ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

"ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ အတည်ပြုပြီးပြီ။ နိုင်ငံတကာကလည်းဒါကို အသိအမှတ်ပြုတယ်။ ပြည်သူလူထုကလည်း လွတ်လပ်တဲ့ဆန္ဒနဲ့ ပေးထားတဲ့ကိစ္စကို ထောက်ခံပြီးသားဖြစ်တယ်။ ဒီလိုခိုင်မာတဲ့ အချက်အလက်တွေ ရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ကတော့ သူတို့ ကန့်ကွက်တာတွေ ရွေးကောက်ပွဲ ကို ရုပ်ပျက်အောင် လုပ်တဲ့ကိစ္စတွေအပေါ်မှာ ဘာမှတုံ့ပြန်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လုပ်စရာရှိတဲ့ အလုပ်ကို လုပ်မှာပဲ။ လွှတ်တော်ခေါ်စရာရှိရင် လွှတ်တော်ခေါ်မယ်။ အစိုးရဖွဲ့စရာရှိရင် အစိုးရဖွဲ့မယ်။"

မဲမသမာမှုတွေ မှားယွင်းတဲ့မဲရလဒ်တွေကို ဖြေရှင်းမပေးတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်မှု မရှိသလို ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒနဲ့အညီ တသားတည်း ကျခဲ့တယ်ဆိုတဲ့ ပြောဆိုမှုကိုလည်း ယုံကြည်မှု မရှိဘူးလို့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက RFA ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

"ဖွဲ့စည်းလာတဲ့ အစိုးရအပေါ်မှာ ပြည်သူတွေရဲ့ဆန္ဒနဲ့ တသားတည်းကျတဲ့ အစိုးရရွေးကောက်ပွဲ ကော်မရှင် ရဲ့ စံ ၅၀၀ မှာလိုပေါ့။ ပြည်သူ့ဆန္ဒနဲ့ မဲ တထပ်တည်းကျတယ် ဆိုတာမျိုး ကျနော်တို့မယုံကြည်ဘူး။ ဒါတစ် ချက်ပေါ့ နောက်ဒုတိယတစ်ချက် ကျနော်တို့က ဥပဒေကြောင်းအရသွားနေတာ ဒီအတိုင်းချည်းသွားနေတာ မဟုတ်ဘူးလေ။ ဥပဒေကြောင်းအရ လုပ်စရာရှိတဲ့လုပ်ငန်းတွေက လုပ်ကိုလုပ်ပေးရလိမ့်ဦးမယ်။ နောက် ပြီး ကျနော်တို့ တောင်းတာတစ်ချက်တည်း ကျနော်တို့တောင်းနေတာ ဘာတောင်းနေလဲဆိုတဲ့ Re-Election ကို ကျနော်တို့ တောင်းနေတာမဟုတ်ဘူး Recounting ကို တောင်းနေတာ၊ ဒီလိုတွေဖြစ်တယ် သီးခြား လွတ်လပ်တဲ့ အဖွဲ့ အစည်းဖွဲ့ပြီး စစ်ပေးပါ။ ကနေ့စစ်ပေးလိုက်ရင် ကနေ့ပြီးသွားပြီ သာမန်ဆိုရင် ၂၀၁၅ တုန်းက ကျနော်တို့ ဘာပြောလို့လဲ ဘာတစ်ခွန်းမှ ကျနော်တို့ မပြောခဲ့ဘူး။ ကလေးစကားနဲ့ပြောရင် အရွဲ့တိုက်နေတာလည်း မဟုတ်ဘူး တော်တော်ကို ဆိုးဆိုးရွားရွားဖြစ်နေတယ်။ ဒီပြဿနာသည် ယုံကြည် မှုပြဿနာဖြစ်နေတယ်။ ကျနော်တို့ မယုံဘူး မယုံတာကို ယုံအောင်လုပ်ပေးလိုက်ရင် ဒါရှင်းပါပြီ။ ဒီတိုင်း တော့ ကျနော်တို့ ဘယ်လိုမှ မယုံနိုင်ဘူး ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူး။"

၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်မှာရော ကျင်းပနေချိန်မှာပါ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော် ကိုယ်စားလှယ် တချို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာမှု မရှိခဲ့ဘူးလို့ ဒီနေ့သတင်းစာရှင်းလင်းမှာ ပါဝင်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင် က စွပ်စွဲလိုက်ပါတယ်။

"ဒီဥပဒေကြီးရဲ့ ပုဒ်မ ၆၅ မှာ နိုင်ငံတော်သမ္မတကြီးက ကျမ်းသစ္စာကျိန်ဆိုရတယ်။ ကျမ်းသစ္စာ ကျိန်ဆိုတာ ပါတယ်။ နိုင်ငံတော်အစိုးရအဖွဲ့ဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကျမ်းသစ္စာကျိန်ဆိုရတယ်။ ဒီဥပဒေကို လိုက်နာရမယ်ပေါ့ သို့သော်လည်းပဲ ဒီရွေးကောက်ပွဲကြီး မကျင်းပခင်မှာရော ကျင်းပနေဆဲ မှာရော ဒီဥပဒေကို မလိုက်နာကြတော့ဘူး အင်မတန်ဝမ်းနည်းစရာ ကောင်းတယ်။ ဒီဥပဒေရဲ့ ပုဒ်မ ၆၄ မှာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ရင် ပါတီရဲ့လုပ်ငန်းတွေမှာ ဝင်မပါရတော့ဘူး မဲမဆွယ်ရတော့ဘူး။ သို့သော်လည်းပဲ သမ္မတကြီး ကိုယ်တိုင်က မဲဆွယ်စည်းရုံးမှု လုပ်သေးတဲ့အခါကျတော့ အံ့သြဖွယ်ရာ ဖြစ်သွားတယ် ငါတို့သမ္မတကြီးက ပါတီအတွက် မဲဆွယ်နေပါလား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၄ ကို ချိုးဖောက်နေပါလား။"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ အရ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ပြီဆိုရင် မဲဆွယ် စည်းရုံးခွင့် မရှိဘူးဆိုပြီး ပြဌာန်းထားတာကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ချိုးဖောက်ခဲ့တယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။

ဒီလိုစွပ်စွဲမှုတွေအပေါ် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကတော့ UEC ရဲ့ ဆုံးဖြတ်ချက်က နောက်ဆုံး အတည်ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

"ပြည်ထောင်စုတရားလွှတ်တော်ကိုတင်ရင် သူ့မှာအမြင့်ဆုံးလုပ်ပိုင်ခွင့်က အစိုးရဝန်ကြီးဌာနက တစ်ခု ခုကို စာချွန်လွှာထုတ်လို့ရတယ်။ စာချွန်လွှာကလည်း အစိုးရဌာနကို ထုတ်လို့ရတယ်၊ အစိုးရတစ်ရပ်လုံးကို လုပ်လို့မရဘူး။ နောက်တစ်ခုက UEC မှာလည်း UEC ရဲ့ အဆုံးအဖြတ်ဟာ အတည်ဖြစ်ရမယ်လို့ ပါတယ်။ ဥပဒေအရဆို လက်မခံသင့်ဘူးလို့ ထင်တယ်ဗျ။"

အစိုးရတပ်မတော် အပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်းပြီး မဲမသမာမှုတွေကို ရှာဖွေဖော်ထုတ်ထားတာ အခုဆိုရင် တစ်သန်းကျော်ရှိသွားပြီလို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။

ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်းပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်လာတာ အခုဆိုရင် နှစ်ကြိမ်ရှိသွားပါပြီ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်းကြားထားတဲ့ အမှု တစ်ထောင်ကျော်ရှိပြီး ရဲအရေးပိုင်တဲ့ အမှု ၂၀၀ နီးပါးတိုင်ကြား ထားတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။