စစ်ဘက် အကျဉ်းထောင် စီမံခန့်ခွဲမှုအမိန့် NUG ထုတ်ပြန်
2025.04.25

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ စစ်ဘက်အကျဉ်းထောင်တွေ နဲ့ အချုပ်ခန်းတွေမှာ ပြစ်ဒဏ်ကျခံနေရသူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိရေး စစ်ဆေးဖို့ ပြည်သူ့ကာကွယ်ရေး PDF စစ်ဦးစီချုပ်က စစ်ဥပဒေရုံးကို ညွှန်ကြားလိုက်ပါတယ်။
စစ်ဘက်အကျဉ်းထောင်တွေ နဲ့ အချုပ်ခန်းတွေရဲ့ စီမံခန့်ခွဲမှုကို သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း မူဘောင်တွေနဲ့ ဖြစ်စေရေးအတွက် ဧပြီလ ၂၄ ရက်နေ့စွဲ နဲ့ အမိန့် ထုတ်ပြန် ပြောဆိုတာပါ။
ပြစ်ဒဏ်ကျခံနေရသူတွေ၊ ချုပ်နှောင်ခံနေရသူတွေ နဲ့ ပတ်သက်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ အမိန့် ညွှန်ကြားချက်နဲ့အညီ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ခံစားနိုင်ရေး စစ်ဥဒေရုံးက စစ်ဆေးကြည့်ရှု ဆောင်ရွက်ဖို့ ပါဝင်ပါတယ်။
စစ်ဆေးကြည့်ရှုတဲ့အခါ အကျဉ်းသားဦးရေ၊ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ နေထိုင်စားသောက်မှု စတဲ့ အကျဉ်းသားအခွင့်အရေး ရမရ၊ အမှု စုံစမ်းစစ်ဆေးရာမှာ ကြန့်ကြာမှု ရှိ မရှိ၊ ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းချုပ်နှောင်ထားခြင်း ရှိ မရှိတို့ကို စိစစ်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။