ကိုဗစ်ကာလ ဟိုတယ် တစ်ထောင်ခန့် ယာယီပိတ်ထားရ

ဝေယံမိုးမြင့်၊ ခေမဏီဝင်း၊ သန့်ဇင်ဦး
2021.01.19

ရန်ကုန်မြို့က လူသိများထင်ရှားတဲ့ ဆူးလေ ရှန်ဂီလာဟိုတယ်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ၉ လကြာ ယာယီပိတ်မယ်လို့ ပြီးခဲ့တဲ့တပတ်က ကြေညာလိုက်ပါတယ်။ ဒီဟိုတယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ ကိုဗစ် ၁၉ ကပ်ဘေးကာလအတွင်း ယာယီပိတ်ထားရတဲ့ ဟိုတယ်အလုံးရေ ၁၀၀၀ ခန့် ရှိပါတယ်။

ကိုဗစ်ကာလမတိုင်ခင်က မြန်မာတစ်နိုင်ငံလုံးမှာ ဟိုတယ်နဲ့ တည်းခိုရိပ်သာ ၂၀၀၀ ကျော်ရှိခဲ့ရာကနေ အခု ၁၀၀၀ ကျော်သာ ဖွင့်လှစ်ထားနိုင်ပြီး ထက်ဝက်လောက် ယာယီပိတ်သိမ်းထားရတယ်လို့ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးအောင်အေးဟန်က ပြောပါတယ်။

“ဟိုတယ်အလုံးပေါင်း တစ်နိုင်ငံလုံးမှာ ၂၀၀၀ ကျော်လောက်မှာ တစ်ဝက်လောက်တော့ လောလောဆယ် လုပ်ငန်းတွေ ရပ်နားထားရတယ်။ ကျန်တဲ့ဟိုတယ်တွေက Long Stay တွေရှိတယ် ဒီမှာတင် အခြေချပြီး လုပ်နေတဲ့လုပ်ငန်းတွေဆိုတော့ ဧည့်သည်တွေရှိနေတော့ သွားမောင်းထုတ်လို့မရ ကျန်တဲ့ဟိုတယ်နဲ့ ပေါင်းထားလို့လဲမရ ဆက်ဖွင့်ထားရတယ်။ တချို့ဟိုတယ်တွေက နေပြည်တော်မှာဆိုရင် ဟိုတယ်ကျူ သုံးလုံးရှိတယ် အဲဒါတွေ ဆက်ဖွင့်နေတာပေါ့”

ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ပြုစုထားတဲ့ ကိုဗစ် ၁၉ ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု စစ်တမ်းအရ ဟိုတယ်ဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်ကုန်တာ သောင်းနဲ့ချီရှိလာပါတယ်။

ကိုဗစ်ကာလမတိုင်ခင်က ဟိုတယ်တွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းအင်အား ၆၄၀၀၀ ကျော်ရှိခဲ့ပေမယ့် စီးပွားရေးကျဆင်းလာတာကြောင့် ၂၀၂၀ ဒီဇင်ဘာမှာ ၃၆၀၀၀ ကျော်သာ ကျန်တော့တဲ့အတွက် ဝန်ထမ်း ၂၇၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။

ဒီလိုအလုပ်ပြုတ်သွားတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေမှာ လုပ်ကိုင်ကြတဲ့ ဝန်ထမ်းတွေကို အစိုးရက သီးသန့်ထောက်ပံ့ကြေးပေးတာမျိုး မရှိပါဘူး။

ပြည်တွင်း ပြည်ပခရီးသွားတွေကိုအားပြုပြီး ရပ်တည်နေရတဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသမှာလည်း ကိုဗစ်ကာလအတွင်း ခရီးသွားတွေ မရှိလို့ ဟိုတယ်တွေမှာ ဝန်ထမ်း ၇၀ ရာခိုင်နှုန်းလောက် အလုပ်နားထား ရပါတယ်။

အလုပ်ရပ်နားခံထားရတဲ့ ဝန်ထမ်းတွေဟာ ကြုံရာအလုပ် လိုက်လုပ်နေရတယ်လို့ ပုဂံဒေသက ဟိုတယ် ဝန်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ကိုသိန်းရွှေက RFA ကို ပြောပါတယ်။

“နစ်နာကြေးပေးပြီး ထုတ်တာတွေလည်းရှိတယ်။ တချို့ကျတော့ ဘာခံစားခွင့်မှမပေးဘဲ ဒီတိုင်းရပ်ထား တာလည်းရှိတယ်။ အလုပ်သမားအများစုက ဒီတိုင်းရှိတာလေး ရောင်းချစားရတယ်။ လက်လုပ်လက်စား လုပ်ရတယ် ထင်းခုတ်၊ ပန်းရံပေးလုပ်၊ နီးစပ်ရာခေါ်ခိုင်းတာတွေ လိုက်လုပ်တယ်၊ လက်ရှိဝန်ထမ်းတွေ ဘဝက တော်တော်လေး ခက်ခဲတာပေါ့”

ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေအပြင် ခရီးသွားကုမ္ပဏီ၊ ဧည့်လမ်းညွှန်၊ ကားအငှားလုပ်ငန်း၊ အသေးစားလုပ်ငန်းတချို့ပါ ရပ်နားသွားခဲ့ရပါတယ်။ ဒီလုပ်ငန်းတွေက လုပ်ကိုင်နေသူတွေပါ ပေါင်းမယ်ဆိုရင်တော့ အလုပ်အကိုင်ဆုံးရှုံးသွားသူ ၈ သိန်းကျော်ရှိနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းက ခန့်မှန်းပါတယ်။

ရှမ်းပြည်နယ် ကလောမြို့က ဧည့်လမ်းညွှန် ကိုမျိုးက ၂၀၂၀ ခုနှစ် မတ်လကစတင်ပြီး လုပ်ငန်းရပ်လိုက်ရလို့ အခု အွန်လိုင်းမှာ ဈေးရောင်းနေရပါတယ်။


“၂၀၂၀ မတ်လလောက်ကစပြီး ရပ်သွားတာ အလုပ်ကတော့ ဒီမှာရှိတဲ့ ပျားလိမ္မော်တို့ ပြောင်းဖူးတို့ အွန်လိုင်းကနေ ရောင်းတယ်။ လာဖူးတဲ့ဧည့်သည်တွေက မှာရင်ပို့ပေးတာပေါ့။ အလုပ်ကတော့ မရှိဘူး ဒီတိုင်းပဲရှိတာလေးတွေ ပေါင်နှံရောင်းစားနေရတာပဲ”

ခရီးသွားဧည့်သည် အများအပြား လည်ပတ်လေ့ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဟိုတယ်အလုံးရေ ၂၀၀ နီးပါးရှိပြီး ကိုရိုနာဗိုင်းရပ်စ် မြန်မာပြည်တွင်းမှာ စတွေ့တဲ့ ၂၀၂၀ မတ်လကစပြီး အဲဒီဟိုတယ်တွေအားလုံး ပိတ်ခဲ့ပါတယ်။

ဇူလိုင်လလောက်မှာတော့ ရှမ်းပြည်တောင်ပိုင်းက ဟိုတယ်စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းလောက် ပြန်ဖွင့်ခဲ့ ပေမယ့် အများစုကတော့ ပိတ်ထားဆဲပါ။

ဖွင့်ထားတဲ့ဟိုတယ်တွေကလည်း ဝင်ငွေရှိလို့ ဖွင့်ထားရတာမဟုတ်ဘဲ ဟိုတယ်လည်ပတ်မှု ရပ်တန့်မသွား အောင် ဝန်ထမ်းတချို့နဲ့ ထိန်းသိမ်းထားတဲ့ သဘောမျိုးပဲဖြစ်တယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဟိုတယ်တွေက ကိုဗစ်ကြပ်မတ်စောင့်ကြည့်ဟိုတယ်အဖြစ် လုပ်ကိုင်တာရှိသလို အနီးအနားမြို့နယ်တွေက လာရောက်တည်းခိုသူတွေအတွက် ဖွင့်ထားတာလည်း ဖြစ်တယ်လို့ ရှမ်းပြည်တောင်ပိုင်း၊ ဟိုတယ်လုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းဇော်က ပြောပါတယ်။

“ဖွင့်ထားတာတွေက နောက်ပိုင်းပြန်မပိတ်ခိုင်းဘူး၊ အစိုးရကလည်း ပြန်မပိတ်ခိုင်းဘူး။ တချို့ဟိုတယ် တွေက ကွာရန်တင်းစင်တာ ဖွင့်ထားတယ်။ တချို့က လက်ရှိအနီးအနားကလူတွေ လာတည်းလို့ရတယ်၊ တောင်ကြီးတို့ ကလောတို့ အပြန်အလှန်တည်းလို့ရတယ်”

ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေ ရပ်တည်နိုင်ဖို့ အစိုးရက တစ်နှစ်လုံးမှာ တစ်ရာခိုင်နှုန်း အတိုးနှုန်းနဲ့ ချေးငွေတွေ ချထားပေးနေပြီး တစ်နှစ်အတွင်း ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။

ချေးငွေအစောဆုံးချထားပေးတာက မေလမှာဖြစ်တဲ့အတွက် မကြာခင်မှာ ချေးငွေသက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ မကြာခင် ချေးငွေပြန်ဆပ်ရမယ့်အချိန် ရောက်နေပြီဖြစ်ပေမယ့် ပြန်ဆပ်ဖို့ ခက်ခဲနေတယ်လို့ မန္တလေးမြို့က အောင်မြင့်မိုရ်ဟိုတယ် ပိုင်ရှင် ဦးမြင့်အောင်က ပြောပါတယ်။

“တချို့ဟိုတယ်တွေက နိုင်ငံတော်ချေးငွေနဲ့ လည်ပတ်နေတာ တစ်နှစ်ပြည်ရင် ပြန်ဆပ်ရမယ်ပြောတယ်။ တစ်နှစ်ကလည်း ပြည်တော့မယ် ဘယ်လိုလာဦးမယ်မသိဘူး။ ဆက်ပြီး ချေးမလား။ တချို့ကလည်း အသုံးစရိတ်ထဲ ဝင်သွားတာ။ ဟိုတယ်တွေ အကုန်လုံး ပိတ်ထားရတော့ ပြန်ဆပ်ရမယ်ဆိုရင် တချို့ အခက်အခဲတွေရှိမယ်ထင်တယ်။ တချို့ကလည်း ဝန်ထမ်းအသုံးစရိတ်ထဲ ဝင်သွားတာများတယ်။ အကြေဆပ်ရမလား အတိုးပဲသတ်ရမလား မသိသေးဘူး အကြေဆပ်ခိုင်းရင် အခက်အခဲတော့ရှိမယ် ထင်တယ်”

ခရီးသွားလုပ်ငန်းတွေ ပြန်လည်နလန်ထူနိုင်ရေးမှာ ကိုဗစ်နဲ့ အတူယှဉ်တွဲနေထိုင်ရေး နေ့စဉ်လူမှုဘဝကို အစီအစဉ်တွေ ချမှတ်နေပြီး ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံတဲ့ ခရီးသွားလုပ်ငန်းဖြစ်လာစေဖို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ပြည်နယ်နဲ့ တိုင်း အသီးသီးက ဟိုတယ်ခရီးဆိုင်ရာဝန်ထမ်းတွေကို သင်တန်း တွေပေးဖို့ ပြင်ဆင်နေပါတယ်။

ရန်ကုန် ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်မြင့်က ခြောက်လ၊ တစ်နှစ်အတွင်း ဟိုတယ်တွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်းတွေ ပြန်လည်ဦးမော့လာစေဖို့ဆိုရင် လက်ရှိကြားကာလမှာ အခွန် အခတွေ လျှော့ပေါ့သက်သာခွင့်ပေးဖို့၊ အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေ ချထားပေးဖို့၊ လူ့စွမ်းအားအရင်း အမြစ်တွေကို သင်တန်းပို့ချပေးဖို့၊ အသေးစား အလတ်စားလုပ်ငန်းရှင်တွေကို ပြန်လည်ထူထောင်ပေးဖို့ လိုတဲ့အကြောင်း ဟိုတယ်ခရီးသွားဝန်ကြီးဌာနက လုပ်ထားတဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ရပ်တည်နိုင်ရေးခက်ခဲနေတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေက စည်ပင်ခွန်၊ ယစ်မျိူးလိုင်စင်ကြေး၊ ဝင်ငွေခွန် စတဲ့ အစိုးရဆီ ဆောင်နေရတဲ့ အခွန်တွေ လျှော့ပေါ့ ပေးဖို့တောင်းဆိုနေကြပါတယ်။

ဟိုတယ်လုပ်ငန်းဟာ ကိုဗစ်ကပ်ဘေး မကြုံရခင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ဒေါ်လာ ၆၇၆ သန်းကျော် ဝင်ငွေရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ ဒေါ်လာ သန်း ၁၃၀ ကျော်သာရှိတယ်လို့ သိရပါတယ်။

ဟိုတယ်လုပ်ငန်း အပါအဝင် ခရီးသွားလုပ်ငန်းတစ်ခုလုံးနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေကနေ ရရှိတဲ့ဝင်ငွေဟာ ကိုရိုနာဗိုင်းရပ်စ်မဖြစ်ခင် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် တစ်နှစ်အတွင်း ဒေါ်လာ သန်း သုံးထောင်နီးပါး ဝင်ငွေရှိခဲ့တဲ့ လုပ်ငန်းဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာတော့ ဒေါ်လာ သန်း ၅၀၀ ကျော်သာ ရှိခဲ့တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ပြုစုထားတဲ့ ကိုဗစ် ၁၉ ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု စစ်တမ်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။