လားရှိုးမြို့မှာ ကချင်နှစ်ခြင်းအသင်းတော် အတွင်းရေးမှုးအပါအဝင် ဆယ်ဦးကျော်အဖမ်းခံရ

2021.03.01
လားရှိုးမြို့မှာ ကချင်နှစ်ခြင်းအသင်းတော် အတွင်းရေးမှုးအပါအဝင် ဆယ်ဦးကျော်အဖမ်းခံရ လားရှိုးမြို့က ကချင်နှစ်ခြင်းဘုရားကျောင်းဝင်းတံခါးကို မတ် ၁ ရက်နေ့က ရဲကဖျက်ဆီးပြီး ဝင်ရောက်ဖမ်းဆီးစဉ်
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီကနေ့နေ့လယ်ပိုင်းက ကချင်နှစ်ခြင်း အသင်းတော် ယုံဟော် အားကစားကွင်းအနီး ဆန္ဒပြနေတဲ့ လူငယ်တွေက လူစုခွဲကာနီးမှာ အရပ်ဝတ် ဝတ်ထားတဲ့ မသင်္ကာစရာ လူတစ်ဦးကို ဖမ်းဆီးခဲ့ကြရာကနေ ကချင်နှစ်ခြင်း အသင်းတော် အတွင်းရေးမှူးအပါအဝင် ၁၀ ဦးကျော် ဖမ်းဆီးခံလိုက်ရပါတယ်။

အရပ်ဝတ် ဝတ်ထားသူဟာ ရဲတပ်ကြပ် အဆင့်ရှိသူ ဖြစ်တယ်လို့သိရပြီး အရပ်ဝတ်နဲ့ လမ်းဆုံမှာ ရှိနေချိန် ဆန္ဒပြပွဲမှာ ပါဝင်သူအချို့က ကချင်ဘုရားကျောင်း နောက်ဖက် လမ်းကြားထဲကို ခေါ်သွားခဲ့တာပါ။

အဲဒီနောက်မှာ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေခဲ့ပြီး လမ်းအရှေ့မှာ ရှိတဲ့ ကချင်ဘုရားကျောင်းဝင်းထဲကို ဝင်ရောက် ရှာဖွေပြီး ဘုရားကျောင်း အတွင်းရေးမှူးဖြစ်သူ နော်မိုင်၊ ကချင်ဘုရားကျောင်း လူငယ်တာဝန်ခံ အပါအဝင် ဆယ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ မျက်မြင်တွေ့လိုက်သူတစ်ဦးက RFAကို ပြောပါတယ်။ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC က ဒီနေ့ တစ်နာရီခန့်မှာ ရဲနဲ့စစ်သားတွေက လားရှိုးဘုရားကျောင်းဝင်းတံခါးကို ဖျက်စီးဝင်ရောက်ပြီး ၁၁ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ကြေညာထားပါတယ်။

လားရှိုးမြို့မှာ ဒီကနေ့ မနက်ပိုင်း ကိုးနာရီလောက်က ယုံဟော်အား ကစားကွင်းနဲ့ မြို့မဈေးအနီးမှာ စစ်အာဏာ ရှင်အလိုမရှိကြောင်း လူငယ် နှစ်ရာလောက် ဆန္ဒပြကြပါတယ်။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့တွေ အလွယ်တကူ ဖြိုခွင်းလို့မရအောင် အကာအရံတွေ ပြုလုပ်ပြီး ဆန္ဒပြကြတာပါ။ ရဲတပ်ဖွဲ့နဲ့ စစ်တပ်က လူစုခွဲဖို့ပြောပြီး ရဲတပ်ဖွဲ့က အသံမိုင်းတွေနဲ့ ပစ်ခတ်ကာ လူစုခွဲတာကြောင့် ပေးသောလက် ပရဟိတအဖွဲ့က ကိုမြင့်မော် အပါအဝင် နှစ်ဦး အနည်းငယ်ဒဏ်ရာရခဲ့ပါတယ်။

လားရှိုးမြို့မှာ မနေ့ကနဲ့ ဒီကနေ့အထိ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ဗုံးတွေ အသံမိုင်းတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ပြီး မနေ့က တစ်ရက်ထဲမှာ ရှစ်ဦးအဖမ်းခံရပြီး ဒီကနေ့မှာတော့ ဆယ်ဦးကျော် အဖမ်းခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။