စစ်အာဏာရှင်စနစ် ကန့်ကွက်ဆန္ဒပြသူတွေ မြို့နယ်အသီးသီးမှာ ဆက်ရှိနေ

နေရိန်ကျော်(ဝါရှင်တန် ဒီစီ)
2021.02.23

ရန်ကုန်မြို့မှာတော့ အရင်နေ့တွေက ဆန္ဒပြသူတွေ အများအပြားရှိခဲ့တဲ့ ဆူးလေဘုရားအနားတဝိုက်ကို ရဲတပ် ဖွဲ့က ဒီနေ့မနက်ကစပြီး ပိတ်ထားပါတယ်။ ရဲတပ်ဖွဲ့အင်အားလည်း အတော်များများချထားပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းလမ်းမ၊ မြေနီကုန်းနဲ့ လှည်းတန်းမှာ အရင်ရက်တွေလို့ပဲ ဆန္ဒပြသူတွေ ထောင်ပေါင်းများစွာရှိ ခဲ့ပါတယ်။

မနေ့ကတည်းက ပိတ်ဆို့တားဆီးထားတဲ့ နိုင်ငံတကာသံရုံးတွေကို သွားတဲ့လမ်းတွေကိုလည်း ရဲတပ်ဖွဲ့က ဒီနေ့မှာလည်း ဆက်ပြီးပိတ်ထားပါတယ်။ အင်ဒိုနီရှားသံရုံးသွားတဲ့ လမ်းကို ပိတ်ထားတဲ့နေရာရှေ့မှာ ဆန္ဒပြသူနေတဲ့သူတွေကို အင်ဒိုနီးရှားသံအမတ်က ထွက်လာပြီး တွေ့ဆုံစကားပြောခဲ့ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာတော့ ဒီနေ့မနက်က ဆန္ဒပြပွဲကို အင်အားပြလှည့်လည်နေတဲ့ စစ်ကား ပေါ်ကနေ လူအုပ်ထဲကို လေးခွနဲ့ ပစ်တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။ ဆန္ဒပြ သူတွေဟာ မြို့တွင်းမှာ မော်တော်ဆိုင်ကယ်အစီးတစ်ရာကျော်နဲ့ လှည့်ပတ်ခဲ့ပါတယ်။

မန္တလေးမြို့မှာတော့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က မဟာအောင်မြေမြို့နယ် ကန်ပတ်လမ်းမှာ ရေကြောင်း ဝန်ထမ်းတွေ CDM လုပ်နေတဲ့နေရာကို သွားရောက်ဝန်းရံချိန်မှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ပတ်ခတ်ဖြိုခွင်းလို့ သေဆုံးသွားတဲ့ ကိုမင်းမင်းရဲ့ ဈာပနကို ကြာနီကန်သုဿန်မှာ ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။ အဲဒီနာရေးကို မန္တလေးဒေသခံ သောင်းနဲ့ချီပြီး လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။ သေဆုံးသူရဲ့ အမျိုးသမီးက CDM ကို ဆက်လုပ်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။ ရဲတပ်ဖွဲ့က ၂၀ ရက်နေ့ ဖြိုခွင်းမှုမှာ နှစ်ဦး သေနတ်ကျည်ဆံမှန် သေဆုံးခဲ့တာဖြစ်ပြီး မြစ်ငယ်မြို့က ကိုဝေယံဖြိုးရဲ့ ဈာပနကိုတော့ မနေ့က ကျင်းပခဲ့ပါတယ်။

တဘက်မှာလဲ ဒေသခံ ထောင်ပေါင်းများစွာက ဒီနေ့ ဆက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာ့စီးပွားရေးဘဏ်၊ ဈေးချို၊ တိုင်းတရားရုံးရှေ့၊ ဘူတာကြီးနဲ့ မဟာမြတ်မုနိဘုရားကြီး အနီးပတ်ဝန်းကျင်တွေမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေ အင်အားပြချထားပါတယ်။

မန္တလေးတိုင်း ရှေးဟောင်းပုဂံနယ်မြေမှာလည်း ဒေသခံပြည်သူတွေ သောင်းနဲ့ချီပြီး ဒီနေ့ ဆက်လက်ဆန္ဒပြ ခဲ့ပါတယ်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မှာ စစ်အာဏာရှင်စနစ် ကန့်ကွက် ဆန္ဒပြသူ ၅၀၀ ဝန်းကျင်လောက် ရှိခဲ့ပါတယ်။ တဘက်မှာတော့ လူတစ်ထောင်လောက်ကလည်း တပ်မတော်ကို ထောက်ခံကြောင်း ဒီနေ့ လှည့်လည်အင်အားပြခဲ့ပါတယ်။

မကွေးတိုင်း၊ မကွေးမြို့မှာလည်း ပညာရေးဝန်ထမ်းတွေပါဝင်တဲ့ စစ်ကြာင်းနဲ့ တက္ကသိုလ် ကျောင်းသားတွေ ပါဝင်တဲ့ သပိတ်စစ်ကြောင်း ၂ ခုက စစ်အာဏာသိမ်းမှု ကန့်ကွက်ကြောင်း မြို့တွင်းမှာလှည့်လည် ဆန္ဒပြခဲ့ ပါတယ်။ မကွေးတက္ကသိုလ်ရှေ့မှာတော့ လက်ပန်းချီရေးတဲ့အဖွဲ့နဲ့အတူ ထိုင်သပိတ် လုပ်ခဲ့ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူ ဒီနေ့ သုံးရာဝန်းကျင် ရှိပါတယ်။ အင်ဂျင်နီယာ လူငယ်အဖွဲ့၊ ပညာရေး၊ အလုပ်သမားတွေနဲ့ ဒေသခံတွေ ပူးပေါင်းဆန္ဒပြတာပါ။

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လူစုခွဲဖို့ လာရောက်ပြောဆိုတာတွေရှိပေမယ့် ဖမ်းဆီးအရေးယူတာတော့ မရှိပါဘူး။ ဘားအံမြို့မှာတော့ ပြည်နယ်အစိုးရရုံးရှေ့မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က အချိန်ပြည့် လုံခြုံရေး ယူထားပြီး ကျန်တဲ့နေရာတွေမှာတော့ လုံခြုံရေးအဖွဲ့တွေ မရှိပါဘူး။ ကော့ကရိတ်မြို့မှာလည်း ဒေသခံတွေ စစ်အာဏာရှင် အလိုမရှိကြောင်း ဒီနေ့ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာလည်း စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူ ထောင်ပေါင်းများစွာက အမှတ် ၁၂ ရပ်ကွက်က လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီမှာသွားပြီး စစ်အာဏာရှင်ကို ကျိန်စာတိုက် ဆန္ဒပြသလို၊ ဆန္ဒပြပွဲတွေမှာ အသက်ပေးခဲ့ရသူတွေအတွက် မနက် ကိုးနာရီမှာ ဆုတောင်းခဲ့ပါတယ်။

ဒေသအာဏာပိုင်တွေက စေတီတော်အဝင်လမ်းတွေကို ပိတ်ထားတာကြောင့် လမ်းဖွင့်ပေးဖို့ ရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့ပေမယ့် ဖွင့်မပေးတာကြောင့် စေတီတော်အဝင်လမ်းမှာ လုပ်ခဲ့ကြတာဖြစ်ပါတယ်။

တိုင်းအစိုးရအဖွဲ့ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တွေမှာပဲ စစ်တပ်နဲ့ ရဲတွေ တွေ့ရပြီး ကျန်တဲ့နေရာတွေမှာတော့ အင်အားပြထားတာ မရှိပါဘူး။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာတော့ စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူ ၂၀၀ ဝန်းကျင်က မြို့တွင်းကို လှည့်ပြီးဆန္ဒပြခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ ပြည်နယ်အစိုးရရုံးမှာ လုံခြုံရေးချထားပါတယ်။ ဆန္ဒပြသူတွေ ကိုတော့ ဒီနေ့မှာ ရဲတပ်ဖွဲ့က တားဆီးတာမရှိပါဘူး။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာလည်း စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူ တစ်ထောင်နီးပါးက ဒီနေ့ မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ ကျန်းမာရေး၊ ပညာရေး၊ မီးရထားစတဲ့ ဝန်ထမ်းတွေ လူငယ်တွေနဲ့ ဒေသခံတွေ ပါဝင်ပါတယ်။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကတော့ မြန်မာ့စီးပွားရေးဘဏ်နဲ့ ပြည်နယ်အစိုးရရုံးတွေရှေ့မှာ လုံခြုံရေးချထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။