ပြင်ဦးလွင်သစ်တောကြိုးဝိုင်းထဲ တရားမဝင် မြေကွက် အရောင်းအဝယ် ဖြစ်နေဆဲ

ဝေယံမိုးမြင့်
2021.01.17

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်တွင်းက အကွက်ရိုက် ရောင်းချနေတဲ့ အစိုးရသစ်တောဦးစီးဌာနပိုင် ဧရိယာတွေကို သစ်တောဦးစီးဌာနက တိုင်လိုက်စိုက်နေပေမယ့် အရောင်းအဝယ်တွေ ရှိနေဆဲပဲလို့ ဒေသခံတွေက ဆိုပါတယ်။

ပြင်ဦးလွင်မြို့နယ်မှာ သစ်တောကြိုးဝိုင်းအတွင်း အကွက်ရိုက် ရောင်းချထားတဲ့ မြေနေရာတွေကို သစ်တောဦးစီးဌာနက ဇန်နဝါရီလ ပထမပတ်လောက်က စတင်ပြီး သစ်တောပိုင်မြေမကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်တွေ လိုက်လံစိုက်ထူနေတာဖြစ်ပါတယ်။

သစ်တောကြိုးဝိုင်းဧရိယာတွေကို အကွက်ရိုက်ရောင်းချနေတာ ၂၀၁၂ ခုနှစ်လောက်ထဲက ဖြစ်ပြီး အခုလို သစ်တောပိုင်မြေဆိုပြီး ဆိုင်းဘုတ်ထောင်တာ ၂၀၁၆ ခုနှစ် ကလည်း တစ်ကြိမ်လုပ်ခဲ့ဖူးပြီး ဘာမှ ဆက်ဖြစ် မလာခဲ့ဘူးလို့ ပြင်ဦးလွင်မြို့နယ် ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဝီလျံသိန်းက ပြောပါတယ်။

"သာမန်ဆို အခုကျူး အခုသစ်ပင်ခုတ် အခုအရေးယူတာ ထုံးစံပဲ အခုကြမှ ကာလာတွေကြာပြီး အခိုင်အမာ အုတ်တံတိုင်းတွေဖြစ်မှ လာတားမြစ်တာ အမှန်က အောက်ခြေဝန်ထမ်းတွေက တားမြစ်ချင်လို့ တားမြစ်တာ မဟုတ်ဘူး သူတို့သိတယ် ဥပက္ခာပြုထားတာဖြစ်နိုင်သလို သူတို့ပူးပေါင်းဆောင်ရွက်ပြီး အကျိုးစီးပွားလုပ်ထားတာလဲ ဖြစ်နိုင်တာပဲ။ အခု အထက်က တိုင်းအစိုးရက တားမြစ်ပါဆိုမှ တားမြစ်တာ ဒီလိုတားမြစ်မှုမျိုးက ၂၀၁၆/၁၇ တုန်းက ဖြစ်ခဲ့တယ် ဆိုင်းဘုတ်ထောင်တာ ထောင်တာပဲ ပြီးတော့ ဘာဆက်ဖြစ်တယ် မသိရဘူး အကွက်ရိုက်ပြီးဆက်ရောင်းနေကြတာပဲ အခုလဲ လာထောင်တယ် ဒီသဘောပဲ"

သစ်တောကြိုးဝိုင်းတွေမှာ သစ်တော၊ နှစ်ရှည်၊ ကော်ဖီ စတဲ့သီးနှံတွေကို ပုဂ္ဂလိကပေးပြီး စိုက်ပျိုးခွင့် ပြုထားတာဖြစ်ပါတယ်။

အဲဒီလို စိုက်ပျိုးခွင့်ပြုထားတဲ့ ဧကကွက်တွေကို လူနေထိုင်ဖို့ အကွက်ရိုက်ပြီး ရောင်းချနေကြတာဖြစ်ပါတယ်။ ရောင်းချရာမှာ နေရာအလိုက် ပေ ၄၀ ပေ ၆၀ မြေကွက်တစ်ကွက်ကို ကျပ်သိန်း ၅၀ ကနေ ၅၀၀ အထိ ပေါက်ဈေးရှိနေတာဖြစ်ပါတယ်။

ရောင်းချရာမှာ ပုံစံ ၇ (လယ်ယာမြေလုပ်ကိုင်ခွင့်)၊ မြေစာရင်းကထုတ်ပေးတဲ့ မြေပုံ (၁၀၅) စတဲ့ စာရွက်စာတမ်းတွေကို ကိုင်ဆောင်ပြီး ဝယ်ယူသူကို မိတ္တူပေးကာ အရပ်စာချုပ်တွေနဲ့ ရောင်းဝယ်ကြတာ ဖြစ်ပါတယ်။

အရပ်စာချုပ်သဘောတရားမှာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးတွေရဲ့ လက်မှတ်ပါရှိပြီး ရောင်း၊ ဝယ်ကြရတာဖြစ်တဲ့အတွက် ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးဇာနည်မောင်ကို ဇန်နဝါရီ ၁၁ ရက်ကနေ ၁၇ ရက်အထိ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါဘူး။

ပြင်ဦးလွင် သစ်တောကြိုးဝိုင်းအားလုံးနီးပါးကို အကွက်ရိုက်ရောင်းချနေတာဖြစ်ပြီး အခုလို ဆိုင်းဘုတ် လာထောင်နေပေမယ့်လည်း မြေပြင်မှာ ရောင်းဝယ်တာတွေက ရှိနေဆဲဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင် ကိုနနက ဆိုပါတယ်။

"လက်ရှိ သစ်တောဆိုင်းဘုတ် လာထောင်ထားတဲ့နေရာမှာလည်း လာကြည့်နေတဲ့လူတွေ ရှိနေတုန်းပဲ အကွက်ရိုက်ရောင်းတဲ့သူတွေကလည်း ဒီလိုမျိုးသစ်တောက လာထောင်ထားတာကို ဘာမှ မဖြစ်ဘူးဆိုတဲ့အကြောင်း လက်ရှိမှာလည်း လုပ်နေတုန်းဆိုတဲ့အကြောင်း ကြောက်တဲ့သူကလည်း ကြောက်တယ် မကြောက်တဲ့သူကလည်း မကြောက်ဘူးဗျ အခုထိ ဝယ်ရောင်း ရှိနေသေးတယ်။"

ပြင်ဦးလွင်မြို့နယ်မှာ သစ်တောကြိုးပြင်၊ ကြိုးဝိုင်း ၁၉ ခု ဧရိယာအားဖြင့် ၂၁၉,၀၀၀ကျော် ရှိပြီး ပုဂ္ဂလိက စိုက်ပျိုးခွင့်ပြုထားတာဖြစ်ပါတယ်။

သစ်တောက ချထားပေးတဲ့ စိုက်ပျိုးဧကတွေကို အကွက်ရိုက်ရောင်းချနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေး ခဲ့ရာမှာ ပိုင်ရှင်တွေက အဆင့်ဆင့်ပြောင်းလဲသွားပြီး သစ်တောမှာ လုပ်ကိုင်ခွင့် တောင်းထားသူတွေရဲ့ အမည်ပေါက်မဟုတ်တော့တာကို တွေ့ရတယ်လို့ ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်းက ဆိုပါတယ်။

ဝယ်ယူထားသူတွေက ဒီမြေဟာ တရားမဝင်ဘူးဆိုတာ သိသိရက်နဲ့ ဝယ်ယူထားကြတာဖြစ်ပြီး မြေထီထိုးကံစမ်းကြတာလို့ ဦးအောင်မင်းက ပြောပါတယ်။

"သစ်တောမြေတွေ အကုန်ခပ်များများက ဝင်ရောက်ကျူးကျော် ကွက်ရိုက်တာတွေ အများကြီးပဲ အချို့ဆို လေးထပ်တိုက်တောင်ဖြစ်နေပြီ စိုက်ပျိုးခွင့်ချထားတာကို အများကြီးဆောက်ထားကြပြီ အခု စပ်ကူး မတ်ကူးကာလ ရွေးကောက်ပွဲမှာတောင် ထိန်းမရအောင် အများကြီးလုပ်နေကြတာ တကယ်တမ်းကြတော့ အဲဒီမြေတွေကို ကွက်ရိုက် ကျူးနေကြသူတွေအားလုံးက အခြေခံလူတန်းစားတွေ တစ်ယောက်မှမပါဘူး။ တကယ်နေစရာမရှိလို့ လုပ်နေတာဆိုရင် ဘယ်လိုကူညီပေးရမလဲ စဉ်းစားရမယ် ဝယ်၊ ရောင်းလုပ်နေတဲ့ သူတွေက အခြေခံလူတန်းစား တစ်ယောက်မှ မပါဘူး စီးပွားရေးအရ လုပ်နေကြတာ ကြီးပဲ။"

သစ်တောဧရိယာအတွင်း စိုက်ပျိုးစည်းကမ်းနဲ့ မညီတာတွေကို အရေးယူပေးဖို့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က မန္တလေးတိုင်းလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ရာမှာ အဲဒီကတည်းက သစ်တောပိုင်မြေနေရာတွေကို ဆိုင်းဘုတ်ထူတာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

သစ်တောပိုင်ဧရိယာအတွင်း ကျူးကျော်မှုတွေကို အရေးယူတာတွေကို စဉ်ဆက်မပြတ်လုပ်နေပြီး ဒီလို တိုင်စိုက်တာ ၂၀၁၃ ထဲက ဖြစ်တယ်လို့ ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးအရာရှိ ဦးတင်မျိုးအောင်က ဆိုပါတယ်။

"အရေးယူတာ အခုမှ မဟုတ်ဘူး ၁၉၉၂ ဥပဒေထဲက အရေးယူနေတာ ၂၀၁၈ ဥပဒေပြဌာန်းပြီးတော့လည်း အရေးယူနေတာ၊ ဒီတိုင်တွေ စိုက်တယ်ဆိုတာကလည်း အခုမှမဟုတ်ဘူး ၂၀၁၃ ထဲက စိုက်နေတာ အခုမှ ဖေ့ဘုတ်တင်လိုက်လို့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားတာ။"

သစ်တောမြေအတွင်း ကျူးကျော်မှုကို အရေးယူဆောင်ရွက်ရာမှာ ၂၀၁၈ ခုနှစ် သစ်တောဥပဒေ ပြဋ္ဌာန်းပြီးနောက် အမှုပေါင်း ၄၉ မှု၊ လူဦးရေ ၁၁၇ ဦးကို တရားစွဲဆိုပြီး ဖြစ်တယ်လို့ ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၁၈ ခုနှစ် သစ်တောဥပဒေ ပုဒ်မ ၄၀ အပိုဒ်ခွဲ (က) အရ မည်သူမဆို သစ်တောနယ်မြေဧရိယာပေါ် မှာ သတ်မှတ်ထားတဲ့ ပြဋ္ဌာန်းချက်တွေကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံစေရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ကျူးကျော်မှုတွေကို အရေးယူရာမှာ ပထမအဆင့်အနေနဲ့ သစ်တောဦးစီးဌာန ဝန်ထမ်းတွေက ကိုယ်တိုင် သွားရောက် တားမြစ်ပြီး ဒုတိယအဆင့်အနေနဲ့ သတ်မှတ်ရက်အတွင်းဖယ်ရှားပေးဖို့ စာထုတ်တားတာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ အကွက်ရိုက်ရောင်းချထားပြီးဖြစ်တဲ့ ခြံတွေမှာ ပိုင်ရှင်မည်သူမည်ဝါဆိုတာကို မသိရတဲ့ အတွက် ဘယ်သူကို တားမြစ်စာပေးရမယ်မှန်းမသိတဲ့ အခက်အခဲတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ဒေသခံတွေကတော့ သစ်တောမြေတွေကို ပြန်လည်စိုက်ပျိုးတာမရှိပဲ အခုလို အကွက်ရိုက် ရောင်းချ နေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေရှိနေပြီး ပြင်ဦးလွင်မြို့ရဲ့ အပူချိန်ဟာ အရင်ကထက် ပိုမိုများပြားလာတာ၊ ရေရှားပါးမှုပြဿနာတွေ ရင်ဆိုင်နေရတဲ့အတွက် အကွက်ရိုက်ရောင်းချမှုတွေကို အရေးယူပြီး သစ်တောမြေ ပြန်လည်ထူထောင်ပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။