မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ အင်တာနက်လိုင်း ပိတ်တာတွေ မလုပ်ဖို့ တောင်းဆို

သန့်ဇင်ဦး
2021.01.20
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ အင်တာနက်လိုင်း ပိတ်တာတွေ မလုပ်ဖို့ တောင်းဆို ရခိုင်ပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက် သုံးနေသူတစ်ဦးကို မြင်ရစဉ်
Photo: Min Thein Aung/RFA

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့က အင်တာနက်ဖြတ်တောက်ထားတာ ပြန်ဖွင့်ပေးဖို့နဲ့ မြန်နှုန်းအဆင့် 3G နဲ့ 4G ဝန်ဆောင်မှုကို ချက်ချင်းပြန်ဖွင့်ပေးဖို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားနေတဲ့ အရပ်ဖက်အဖွဲ့ သုံးဖွဲ့က ဇန်နဝါရီလ ၁၉ ရက် မနေ့က အစီရင်ခံစာထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ - အသံ၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့ (PDI- Kintha)နဲ့ ရိုဟင်ဂျာလူငယ်အသင်း (RYA) တို့က ဟားဗတ်တက္ကသိုလ်ရဲ့ Cyberlaw Clinic and International Human Rights Clinic အဖွဲ့နဲ့ ပူးပေါင်းပြီး “ကန့်သတ်ဖြတ်တောက်ခံရခြင်း” ဆိုတဲ့ ခေါင်းစဉ် နဲ့ ဆက်သွယ်ရေးကွန်ရက် အတားအဆီးတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ဖော်ထုတ်လေ့လာခြင်းဆိုတဲ့ အစီရင်ခံစာမှာ ထည့်သွင်းတောင်းဆိုထားတာပါ။

မြန်မာအစိုးရအနေနဲ့ ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ် ၉ ခုမှာ လုံခြုံရေးအကြောင်းပြပြီး တစ်နှစ်ကျော်တဲ့အထိ အင်တာနက်လိုင်းပိတ်ခဲ့တာနဲ့ အင်တာနက်မြန်နှုန်း 2G အဆင့်ပဲ ပြန်ဖွင့်ပေးထားတာတွေကြောင့် လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လွတ်လပ်စာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းအချက်အလက် လက်လှမ်းမီနိုင်တာ တွေအပြင် အခြားဆက်စပ် အခွင့်အရေးတွေ ထပ်ခါတလဲ ချိုးဖောက်ခံနေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကို အကြောင်းပြုပြီး ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၉ ဇွန်လ ၂၁ ရက်နေ့ကတည်းက မိုဘိုင်းအင်တာနက်လိုင်းတွေကို ပိတ်ခဲ့ပါတယ်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို ဇန်နဝါရီ ၁၄ ရက်နေ့က RFA က မေးမြန်းရာမှာ 4G အင်တာနက်ပြန်ဖွင့်ရေးကိစ္စဟာ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်၊ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရမယ့်ကိစ္စဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ဒုက္ခသည်စခန်းတွေမှာ အင်တာနက်လိုင်းတွေ ပိတ်ထားရာမှာ နိုင်ငံတကာ ဖိအားတွေကြောင့် ပြန်လည်ခွင့်ပြုတာတွေရှိပေမယ့် ဆူပူမှုတွေဖြစ်လာတာရင် နိုင်ငံတကာမသိစေဖို့ အင်တာနက်လိုင်းဖြတ်တောက်တာတွေ ထပ်မံမလုပ်ဖို့လည်း သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။