ရခိုင်စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေး အဆင်သင့်မဖြစ်သေး

2021.02.26

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ပြည်သူတွေ နေရပ်ပြန်နိုင်ရေးနဲ့ မိုင်းရှင်းလင်းရေး ကိစ္စတွေကို အမြန်ဆုံး ဆောင်ရွက်ပေးမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါ တယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် စိမ်းညှင်းဝကျေးရွာကနေ စစ်တွေမြို့ ဥဿလင်း စစ်ဘေးဒုက္ခသည် စခန်းမှာ ခိုလှုံနေတဲ့ ဦးရွှေကျော်ဝင်းကတော့ နေရပ်ပြန်ရမယ်ဆိုရင် မိုင်းရှင်းလင်းရေး တစ်ခုတည်းနဲ့ မလုံလောက်ဘူးလို့ပြောပါတယ်။

“ကျွန်တော်တို့ကတော့ အဆင်ပြေမယ်ဆိုလို့ရှိရင် ချက်ချင်းကို ပြန်ချင်တာ။ အဲဒီတော့ ကျွန်တော့်တို့ နေရပ်ပြန်ဖို့ အတွက် အဲဒီမှာ ချထားတဲ့တပ်တွေကို မူလနေရာကို ပြန်ပြီးရုပ်သိမ်းပေးရမယ်။ ပြီးရင် မိုင်း ရှင်းပေးရမယ်။ ပြီးရင် ကုန်သွယ်ရေးလမ်းတွေကို ဖွင့်ပေးရမယ်။ ပြီးရင် ကျွန်တော်တို့ရွာက မီးလောင် သွားတဲ့အတွက်ကြောင့် အဲဒီမှာ ကျွန်တော်တို့ နေဖို့ထိုင်ဖို့ အဆင်ပြေအောင် စီစဉ်ပေးရင်တော့ ပိုကောင်းမှာပါ”

ဖေဖော်ဝါရီလ ၁၅ ရက်နေ့မနက်ကစပြီး အမ်း-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီး တလျှောက်နဲ့ အငူမော်၊ ခမောင်းဆိပ်ကျေးရွာသွား လမ်းတွေမှာ တပ်မတော်က မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်ခဲ့ ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ဒါဟာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ တိုက်ပွဲရှောင်ပြည်သူတွေ သူတို့ရဲ့နေရပ်ဒေသအသီးသီးကို ပြန်လည်နေထိုင်နိုင်ရေးအတွက် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရသေ့တောင်မြို့နယ် ရေစိုးချောင်း ကျေးရွာကနေ စစ်တွေမြို့ကို ထွက်ပြေးခိုလှုံနေတဲ့ ကိုထွန်းနိုင်စိုးက တော့ မိုင်းရှင်းလင်းရေးတွေကို ကျေးရွာတွေဘက်မှာပါ လုပ်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။

“အခုလက်ရှိမှာ အိမ်ပြန်မယ်ဆိုလို့ရှိရင် အခက်အခဲတွေကတော့ သူတို့ကမိုင်းထောင်ထားတယ်။ အဲဒါကို သူတို့ ဘယ်လိုရှင်းနေလဲဆိုတာ ကျွန်တော်တို့မသိဘူး။ လိုင်းပေါ်မှာတော့ ကျွန်တော်တို့တွေ့ လိုက်တယ်။ အမ်းရယ် စစ်တွေရယ် နောက်ပြီးတော့ စစ်တွေနားက အငူမော်ရယ်ဆိုပြီးတော့ မေယုကမ်းခြေ တခွင်ကို မိုင်းရှင်းတယ်လို့ သတင်းတော့ ကျွန်တော်တို့ကြားပါတယ်။ ဒါပေမယ့် ရသေ့တောင်မြို့နယ် မြောက်ပိုင်း တောင်နားပိုင်းတွေတော့ ပါသံ မကြားသေးပါဘူး။ တကယ်လို့ ရှင်းမယ်ဆိုလို့ရှိရင်လည်း ရွာ ပြန်ဖို့က အဲဒီရွာနားကတောင်မှာတပ်မစခန်းချ ထားတဲ့ ဗျူဟာတွေဆင်းမှ ကျွန်တော်တို့ သွားလို့ရမယ်”

ချင်းပြည်နယ် ပလက်ဝမြို့နယ်က ထွက်ပြေးလာသူတွေအပါအဝင် ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းဝန်းကျင်ရှိတယ်လို့ ဒေသခံ အရပ်ဘက်အဖွဲ့တွေက ခန့်မှန်းထားပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြား ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက အပစ်အခတ်တွေ ရပ်စဲနေပါတယ်။ ဒါပေမယ့် နှစ်ဖက်သဘောတူလက်မှတ်ထိုးပြီး အပစ်အခတ်တွေ ရပ်စဲထားတာ မဟုတ်တဲ့အတွက် တိုက်ပွဲတွေ အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်ဆိုပြီး ဒုက္ခသည်အများစုက နေရပ်မပြန်ကြသေးဘဲ ဒုက္ခသည်စခန်းတွေမှာပဲ ဆက်ပြီးခိုလှုံနေကြရတာပါ။

ချင်းပြည်နယ် ပလက်ဝမြို့နယ် ဒိုးချောင်းဝရွာကနေ စစ်တွေမြို့ကို ထွက်ပြေးခိုလှုံနေတဲ့ ဒေါ်မဲသန်းနု က ဒုက္ခသည်တွေ ပုံမှန်လုပ်ကိုင်စားသောက်နိုင်ဖို့ အထောက်အပံ့တွေ လိုအပ်တယ်လို့ပြောပါတယ်။

“ကိုယ့်မှာ လုပ်စားစရာအရင်းအနှီးမရှိရင် ဘယ်သူက လာပေးမှာလဲ။ နိုင်ငံတော်က ထောက်ပံ့ပေးမှပဲ အဆင်ပြေမယ်။ လုပ်စားလို့ရမယ်။ အဲဒီခါမှ အိမ်ပြန်ဖို့ အတည်ပြုလို့ရမယ်။ နိုင်ငံတော်ကလည်း ဘာမှ ထောက်ပံ့တာ မရှိဘူးဆိုရင် ကျွန်မတို့ဘာမှ လုပ်စားလို့ မရတော့ဘူး”

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကြာ ကာလအတွင်း ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့အကြား စစ်ရေးပဋိပက္ခတွေ ကြောင့် ကျေးရွာအချို့မှာ နေအိမ်အလုံးပေါင်း နှစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့လည်း ရခိုင် တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ပြောဆိုထားပါတယ်။

စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေး အဆင်သင့်ဖြစ်ဖို့ လိုအပ်ချက်တွေ အများကြီးရှိသေးတယ်လို့ ရခိုင် တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ထောက်ပြပါတယ်။

“မိုင်းရှင်းလင်းရေးအပြင် သူတို့နေထိုင်ဖို့အတွက်ကို နေရာတကျဖြစ်အောင်ပြန်လပ်ရမယ်။ ပျက်စီးနေတဲ့ ကျောင်းတွေ ကျေးရွာအဆောက်အဦးတွေ နေအိမ်တွေ ပြန်ဆောက်ရမယ်။ နောက်ပြီးတော့ သူတို့ လုပ်ကိုင်စားသောက်ဖို့ အတွက် လိုအပ်တဲ့ဟာတွေကို ပံ့ပိုးရမယ်။ နောက် သူတို့လုပ်ကိုင်စားသောက်တဲ့ ပတ်ဝန်းကျင်ကိုပေါ့ နော် တည်ငြိမ်အေးချမ်းမှု ရှိအောင် ဖန်တီးရမယ်။ ဒီလိုအခြေအနေကို မရောက်လို့ ရှိရင်တော့ ပြန်မယ့်ကိစ္စက အဆင်သင့်ဖြစ်နေပြီလို့ ပြောလို့မရဘူးပေါ့နော်”

ရခိုင်ပြည်နယ်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းသန်းကတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး လိုအပ်ချက်တွေ အားလုံးကို ဆောင်ရွက်ပေးသွားဖို့ စီစဉ်ထားတယ်လို့ပြောပါတယ်။

“ပြန်ပို့ဖို့ အစီအစဉ်တွေ လုပ်နေတယ်။ သယ်ယူပို့ဆောင်ရေး ကိစ္စတွေပေါ့။ နောက် ပြန်လည်နေရာချထားရေး၊ အိမ်ဆောက်ပေးရေး၊ ရိက္ခာထည့်ပေးရေး ဒါမျိုးတွေပေါ့”

မိုင်းရှင်းလင်းရေးကိစ္စတွေကို အခုကားလမ်းမတွေမှာ ဆောင်ရွက်နေပေမယ့် ဒုက္ခသည်တွေ နေရပ်ပြန်မယ့် ရွာတွေ အနီးဝန်းကျင်မှာလည်း ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း ဗိုလ်မှူးကြီးမင်းသန်းက ပြောပါတယ်။

အစိုးရရဲ့စာရင်းတွေအရ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ရှစ်သောင်းခွဲကျော် (၈၅၈၄၃)ဦး ရှိပြီး ကယ်ဆယ်ရေးစခန်း ၁၅၈ နေရာမှာ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။