မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိတဲ့အတွက် အမေရိကန်သံရုံးက ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးနှုန်းတာကို ကန့်ကွက်ကြောင်း မွန်ပြည်နယ် အမျိုးသားရေးကွန်ရက်က မော်လမြိုင်မြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။
ရိုဟင်ဂျာလူမျိုးဆိုတဲ့ အသုံးအနှုန်းကို ကမ္ဘာ့နိုင်ငံတွေက မသုံးအောင် အစိုးရအနေနဲ့ ကန့်ကွက်ပေးစေချင်တယ်လို့ မွန်ပြည်နယ် အမျိုးသားရေးကွန်ရက် အတွင်းရေးမှူး ဦးနိုင်ထွန်း က ပြောပါတယ်။
"ကျနော်တို့ မြန်မာနိုင်ငံက တိုင်းရင်းသား ၁၃၅ မျိုးမှာ ရိုဟင်ဂျာ ဆိုတဲ့လူမျိုးမရှိဘူး၊ ယခင်တုန်းကလည်းမရှိဘူး ယခုလည်းမရှိဘူး၊ နောင်လည်းလက်မခံဘူး၊ အဲ့ဒါကို မွန်ပြည်နယ်အနေနဲ့ ဆန္ဒထုတ်ဖော်တာပါ၊ ယခင်အစိုးရ အဆက်ဆက် ဒီအသုံးအနှုန်းကို ကန့်ကွက်တယ်ဆိုတာ ထုတ်ပြန်ခဲ့တယ်ပေါ့နော်၊ အခုအစိုးရမှာလည်း ရိုဟင်ဂျာ ဆိုတဲ့အသုံးအနှုန်းကို ကမ္ဘာကမသုံးဖို့ မြန်မာနိုင်ငံ လက်ရှိပြည်ထောင်စု အစိုးရအနေနဲ့ တရားဝင် ကန့်ကွက်တဲ့ စာလေး ထုတ်ပေးဖို့ တောင်းဆိုတာပါ"
ဆန္ဒပြပွဲမှာ မွန်ပြည်နယ် ၁ဝ မြို့နယ်က လူဦးရေ ၂ ထောင်ကျော် ပါဝင်ခဲ့ပြီး မော်လမြိုင် ကမ်းနားရင်ပြင်မှာ စုဝေးဆန္ဒပြကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့က သဲချောင်းဒုက္ခသည်စခန်းအနီးမှာ လှေမှောက်တာကြောင့် သေဆုံးခဲ့တဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့ ရခိုင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထွက်ပြေးနေရသူတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်း အမေရိကန်သံရုံးက ပြီးခဲ့တဲ့ ဧပြီလ ၂ဝ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ထုတ်ပြန်ချက်မှာ ရိုဟင်ဂျာ အသုံးအနှုန်းပါတာကို ကန့်ကွက်တာဖြစ်ပါတယ်။
အလားတူ ဆန္ဒပြပွဲတွေကို ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ တောင်ကြီး စတဲ့မြို့ကြီးတွေမှာ အမေရိကန်သံရုံးရဲ့ ရိုဟင်ဂျာ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ဆန္ဒပြပွဲတွေကို ပြီးခဲ့တဲ့ မေလအတွင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။