ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားနဲ့ စစ်ကောင်စီ လက်မှတ်ထိုး
2025.02.23
ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံတည်ဆောက်ရေးအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ရုရှားနဲ့ စစ်ကောင်စီတို့ သဘောတူလက်မှတ်ထိုးလိုက်ကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Maxim RESHETNIKOV ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်တို့ လက်မှတ်ထိုးခဲ့တာလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
နားလည်မှုစာချွန်လွှာမှာ ဆိပ်ကမ်းတစ်ခုတည်ဆောက်ဖို့၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံ တည်ဆောက်ဖို့ စီမံကိန်းတွေ ပါဝင်ပြီး မြန်မာနိုင်ငံတွင်းမှာ လုပ်ကိုင်နေတဲ့ ရုရှားကုမ္ပဏီတွေနဲ့ ပူးပေါင်းအကောင်အထည်ဖော်ဖို့ ကိစ္စတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ည ထုတ်ပြန်ချက်မှာတော့ ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီးဦးဆောင်တဲ့ကိုယ်စာလှယ်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဂုဏ်ပြုညစာစားပွဲနဲ့ ဧည့်ခံခဲ့ကြောင်းသာ ပြောဆိုထားပြီး နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့တဲ့ ကိစ္စကို ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။
ထားဝယ်အထူးစီးပွားရေးဇုန်ဟာ နှစ်ရာစတုရန်းကီလိုမီတာနီးပါး (၁၉၆ စတုရန်းကီလိုမီတာ) ကျယ်ဝန်းတဲ့ စီမံကိန်းဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလကလည်း ဓာတ်မြေသြဇာစက်ရုံတွေ တည်ဆောက်ဖို့နဲ့ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်မဲ့စက်ရုံတွေအတွက် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ (MoC) ကို စစ်ကောင်စီနဲ့ ရုရှားအစိုးရတို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
စစ်ကောင်စီဟာ အာဆီယံ-ရုရှား မိတ်ဖက်ဆက်ဆံရေးအတွက် ညှိနှိုင်းရေးမှူးတာဝန်ကို ၂၀၂၄ ခုနှစ်ကနေ ၂၀၂၇ နှစ်အထိ တာဝန်ယူထားပါတယ်။