ကမ္ဘာတဝှမ်းက မြန်မာ့အရေးလှုပ်ရှားသူတွေ မြေကမ္ဘာနေ့ အထိမ်းအမှတ်ပွဲပြုလုပ်

တင်အောင်ခိုင်(ဝါရှင်တန်ဒီစီ)
2021.04.22

ဧပြီလ ၂၂ရက်နေ့ မြေကမ္ဘာနေ့မှာ မြန်မာနိုင်ငံကိုကယ်တင်ခြင်းဟာ ကမ္ဘာမြေပြင်ကို ကယ်တင်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ တကမ္ဘာလုံးက မြန်မာအရေးလှုပ်ရှားသူတွေ တက်ရောက်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ ကျန်းမာကြံ့ခိုင်တဲ့ ကမ္ဘာမြေရှိမှ ကျန်းမာသန်စွမ်းတဲ့ လူသားတွေ ရှိလာမှာဖြစ်တယ်လို့ ပညာရှင်တဦးက ဆွေးနွေးပြီး မြန်မာပြည်က ပြည်သူတွေအရေးကို အကူအညီပေးပြီး မြန်မာပြည်ကို ကယ်တင်ဖို့ မြန်မာပြည်ကို ကယ်တင်ခြင်းဟာ ကမ္ဘာမြေကို ကယ်တင်ခြင်းပဲ ဖြစ်တယ်လို့ ဆွေးနွေးသွားကြပါတယ်။

မနေ့က ကျရောက်တဲ့ ကမ္ဘာမြေကြီးနေ့မှာSaveing Myanmar is saving The Planet မြန်မာနိုင်ငံကိုကယ်တင်ခြင်းဟာ ကမ္ဘာကြီးကို ကယ်တင်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတခု ဥရောပရောက် မြန်မာနိုင်ငံဖွားတွေ ဦးစီးပြီး တကမ္ဘာလုံးက မြန်မာနိုင်ငံအရေး ကြိုးပမ်းနေတဲ့ မြန်မာပြည်ဖွားတွေ၊ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ၊ တက်ကြွ လှုတ်ရှားသူတွေ အနုပညာရှင်တွေ onlineကနေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။


ကမ္ဘာမြေကြီးနေ့ကို ရောက်ရှိလာတဲ့ ဒီကနေ့အချိန်မှာ ကျမတို့မှာ တာဝန်ရှိပေမယ့် မဆောင်ရွက်နိုင်ခဲ့တဲ့ ကျမတို့ မြန်မာပြည်မှာ ဒီနှစ်အဖြစ်အပျက်တွေအရက သဘာ၀ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့အပြင် လူမှုရေးဆိုင်ရာ အဖြစ်အပျက်တွေ ပေါ်ပေါက်နေပါပြီလို့ အခန်းအနားကို ဖွင့်လှစ်သူက ပြောသွားပါတယ်။

သြစတေးလျနိုင်ငံက Wenddy Yapp ကလည်း ဒီနေ့ကမ္ဘာမြေကြီးနေ့မှာ ကျန်းမာသန်စွမ်းတဲ့ ကမ္ဘာမြေကြီးဖြစ်ဖို့ လိုအပ်ပြီး ကျန်းမာတဲ့ကမ္ဘာမြေမှာ ကျန်မာတဲ့လူသားတွေ လိုအပ်ပါတယ် လို့ပြောသွားပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦကျော်မိုးထွန်းကလည်း--

ဒီအခမ်းအနားဖြစ်မြောက်ရေးအတွက် ညီညီညွတ်ညွတ်ဝိုင်းကြဝန်းကြသူများကို ကျေးဇူးတင်ရှိတယ်လို့ ပြောကြားပြီး မြန်မာနိုင်ငံမှာ လက်ရှိအသက်စွန့်ပြီး သပိတ်တိုက်ပွဲဝင်နေကြတဲ့ အသက်ငယ်ရွယ်သူတွေ အများအပြားပါဝင်တဲ့ အဖွဲ့တွေ အာဏာရှင်ကို အာခံပြီး CDM ဝင်နေတဲ့ ဝန်ထမ်းတွေနဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဒီနောက်အခု ပေါ်ပေါက်လာပြီဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ဟာ လက်ချင်းတွဲပြီး စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ ကြိုးပမ်းနေကြတယ်လို့ပြောသွားပါတယ်။

တဆက်တည်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကလည်း အမျိုးသားညီညွတ်ရေး အစိုးရ ပေါ်ထွန်းလာပြီဖြစ်တဲ့ အကြောင်းနဲ့ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ရှင်းလင်းပါတယ်။ စစ်ခေါင်းဆောင်တွေဟာ ဆန္ဒပြအပြည်သူတွေကို ကူညီနေတဲ့ ဆေးဝန်ထမ်းတွေကိုပါမကျန် ဖမ်းနေတယ်လို့ ပြောသွားပါတယ်။

တဆက်တည်း ပြင်သစ်နိုင်ငံ၊ နယ်သာလန်၊ အမေရိကန်က တက်ကြွလှုပ်ရှားသူတွေ၊ ပညာရှင်တွေ စစ်ရေး ကျွမ်းကျင်သူတွေက အသီးသီးပြောကြားခဲ့ကြပြီး ကဗျာဆရာကြီး ဦးတင်မိုး လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀လောက်က ရေးခဲ့တဲ့ ကဗျာတပုဒ်ကိုတော့ ဆရာကြီးရဲ့ သမီး ဘယ်လ်ဂျီယမ်နိုင်ငံက မိုးမိုးနှင်းက ဖတ်ကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။