ထိုင်းနဲ့ဖိလစ်ပိုင်ခေါင်းဆောင်တွေ အာဆီယံအစည်းအဝေး တက်ရောက်မှာမဟုတ်

2021.04.22
ထိုင်းနဲ့ဖိလစ်ပိုင်ခေါင်းဆောင်တွေ အာဆီယံအစည်းအဝေး  တက်ရောက်မှာမဟုတ် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ဖိလစ်ပိုင် သမ္မတ ဒူတာတေး။
Photo: Reuters

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံဆယ်နိုင်ငံရဲ့ မြန်မာ့အရေးကို အဓိကထားပြီး ဆွေးနွေးကြမယ့် ထိပ်သီး အစည်းအဝေးမှာ ထိုင်းနဲ့ဖိလစ်ပိုင် နှစ်နိုင်ငံက ခေါင်းဆောင်တွေ ကိုယ်တိုင်တက်ရောက်ကြမှာ မဟုတ်ဘဲ သူတို့ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးတွေကိုပဲ လွှတ်မယ်လို့ Reuters သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် စီစဉ်ပြီး မြို့တော်ဂျကာတာမှာ စနေနေ့ကျရင် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပပါလိမ့်မယ်။ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း အစည်းအဝေးကိုတက်လိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း Reuters သတင်းက ရေးပါတယ်။

ဒီအာဆီယံအစည်းအဝေးဟာ စစ်အာဏာသိမ်းပြီး ဒီမိုကရေစီ တောင်းဆိုသူတွေရာနဲ့ချီအသတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းကို ဖြေလျှော့နိုင်အောင် ဒေသတွင်းနိုင်ငံတွေက ပထမဆုံးကြိုးပမ်းတဲ့ နိုင်ငံတကာဆောင်ရွက်မှု တခုလည်း ဖြစ်သလို တိုင်းပြည်တခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုတွေ မလုပ်ဘူးဆိုတဲ့ မူကို ချမှတ်ထားတဲ့ အာဆီယံအသင်းအတွက် အခုအစည်းအဝေးက စမ်းသပ်မှုတခုလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာရဲ့နယ်စပ်တွေကိုကျော်လွန်ပြီးဖြစ်ပေါ်လာနိုင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေကို ကြိုတင်ကာကွယ်ရေးမှာ ဝိုင်းပြီး ကူညီကြဖို့ အာဆီယံခေါင်းဆောင်တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းထားတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဗုဒ္ဓဟူးနေ့ကပဲပြောခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ကလည်း စနေနေ့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲရဲ့ ပြင်ပမှာ အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာပြည်ကိစ္စနိုင်ငံရေးအရ ဖြေရှင်းမှုတရပ်ကို အဓိကထားပြီး သီးသန့်ညှိနှိုင်းဆွေးနွေးတာတွေ လုပ်ဆောင်သွားမယ်လို့ ကုလအတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric ကပြော ပါတယ်။

အာဆီယံထိပ်သီးဆွေးနွေးပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လာပြီး တက်မယ်ဆိုရင် ဖမ်းဆီးရေးယူဖို့ နိုင်ငံတကာရဲတပ်ဖွဲ့ INTERPOL ကို အမျိုးသားညီညွတ်ရေးအစိုးရ NUGက မနေ့ကပဲ တောင်းဆိုထားပါတယ်။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကို အစည်းအဝေးတက်ဖို့ ဖိတ်တယ်ဆိုတာဟာ စစ်ကောင်စီကို တရားဝင်မှုရှိကြောင်း အာဆီယံက အသိအမှတ်ပြုရာ ရောက်လို့ ဖိတ်ခေါ်မှုကို ချက်ချင်းပြန်ရုပ်သိမ်းဖို့ Human Rights Watch အဖွဲ့ကလည်း တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Ko Soe lwin
2021-04-24 00:29

အစည်းအဝေးမတက်တော့ တာဝန်ပေါ့တာပေါ့